သတင်း

စစ်သင်္ဘောကနေထွက်ပြေးလာတဲ့ ဒုရဲအုပ်နဲ့စစ်မှုထမ်း ၂ ဦးကို NUG ထိန်းသိမ်းထား

ကချင်ပြည်နယ်ဗန်းမော်ကိုရောက်လာတဲ့ စစ်သင်္ဘောတွေနဲ့အတူပါလာတဲ့ ဒုရဲအုပ်အပါအဝင် အဓ္ဓမလူသစ်စုဆောင်းခံခဲ့ရတဲ့ စစ်မှုထမ်း ၂ဦးကိုအမျိုးသားညီညွှတ်ရေးအစိုးရ NUG လက်အောက်ခံတပ်တွေကထိန်းသိမ်းစောက်ရှောက်ထားတယ်လို့ NUG ရဲ့ကာကွယ်ရေးဝန်ကြီးဌာနကထုတ်ပြန်လိုက်ပါတယ်။

စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ ဇူလိုင်လ ၁၇ ရက်နေ့နဲ့ ၂၂ ရက်နေ့တွေမှာ မန္တလေးဂေါဝန်ဆိပ်ကမ်းကနေကချင်ပြည်နယ်ဗန်းမော်မြို့အထိမြစ်ကြောင်းတစ်လျှောက်က စစ်ကောင်စီတပ်ရင်း၊တပ်ဖွဲ့တွေဆီ ရိက္ခာ၊ဆေးဝါး၊လူအင်အားအပါအဝင် လက်နက်ခဲယမ်းတွေကို စစ်သင်္ဘောအစီး၂၀ ကျော်နဲ့ နှစ်သုတ်ခွဲပြီးတင်ပို့ခဲ့တာဖြစ်ပါတယ်။

အဲ့ဒီစစ်သင်္ဘောတွေကို တော်လှန်ရေးအင်အားစုတွေဘက်က မြစ်ကြောင်းတစ်လျှောက်ပစ်ခတ်တိုက်ခိုက်တာတွေလုပ်ခဲ့ချိန်မှာ အဆိုပါစစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ စစ်သင်္ဘောတွေပေါ်မှခုန်ချထွက်ပြေးခဲ့တာလို့ ထုတ်ပြန်ချက်မှာရေးသားထားပါတယ်။

ဗန်းမော်မြို့ရှေ့တန်းစစ်ရေးသတင်းရင်းမြစ်တစ်ဦးကရွှေကူမှာကမ်းကပ်တဲ့အချိန်မှာလည်း သူတို့အဖွဲ့တွေသင်္ဘောပေါ်ကနေဆင်းပြီးမှထွက်ပြေးသွားတာတွေရှိတယ်။ အဲ့တာမျိုးတွေတော့ကြားတယ်။အသေးစိတ်ကတော့ပြောရခက်ပါတယ်။ ခန့်မှန်းရရင်တော့ရွှေကူကအဖွဲ့တွေလည်းဖြစ်နိုင်ပါတယ်။ သင်္ဘောနဲ့အတူပါလာတဲ့အဖွဲ့တွေကလည်းတော်တော်များများကလည်းစိတ်ဓာတ်မရှိတော့ဘူး။ ထွက်ပြေးဖို့ဘဲချောင်းနေကြတယ်လို့ကြားတယ်လို့ပြောပါတယ်။

ဒါ့အပြင် စစ်သင်္ဘောနဲ့အတူပါလာတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေထဲ စစ်သားအင်အားထက် စစ်မှုထမ်းဥပဒေနဲ့အတင်းအဓမ္မစုဆောင်းခံရတဲ့ လူငယ်တွေအများစုပါဝင်လာပြီး စစ်သင်္ဘောကနေထွက်ပြေးလွတ်မြောက်ဖို့ကြံစည်မှုတွေလည်းရှိခဲ့တယ်လို့ ထုတ်ပြန်ချက်ထဲမှာလည်းရေးသားထားပါတယ်။

မန္တလေးဂေါဝန်ဆိပ်ကမ်းကနေ ဆန်တက်လာခဲ့တဲ့ စစ်ကောင်စီရဲ့စစ်သင်္ဘောတွေဟာ ပြီးခဲ့တဲ့ ဩဂုတ်လ ၁ ရက်နေ့ကပဲ ဗန်းမော်မြို့ကိုရောက်ရှိလာခဲ့ပြီးနှစ်ဖက်တပ်တွေအကြား စစ်သင်္ဘောတွေရောက်ပြီးတဲ့နောက်တိုက်ပွဲတွေခပ်စိပ်စိပ်ပြင်းထန်လာတယ်လို့သိရပါတယ်။

စစ်ကောင်စီဟာ ဗန်းမော်မြို့အပါအဝင်ဆန်တက်လာတဲ့မြစ်ကြောင်းတစ်လျှောက်က ထီးချိုင့်၊ ကသာ၊ ရွှေကူမြို့တွေမှာပါလက်နက်ရိက္ခာနဲ့ လူအင်အားတချို့ဖြည့်တင်းနိုင်ခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေကပြောပါတယ်။

စစ်ကောင်စီရဲ့စစ်သင်္ဘောတွေဟာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဩဂုတ်လကလည်း ဧရာဝတီမြစ်ကိုအသုံးပြုကာ အထက်ဘက် တကောင်း၊ ထီးချိုင့်၊ကသာ၊ကချင်ပြည်နယ်ရွှေကူ၊ ဗန်းမော်မြို့တွေအထိ စစ်လက်နက်နဲ့ရိက္ခာတွေဖြည့်တင်းနိုင်ခဲ့ပါတယ်။

တော်လှန်ရေးအင်အားစုတွေကလည်း အဲ့ဒီစစ်သင်္ဘောတွေဆန်တက်လာတိုင်းပစ်ခတ်တိုက်ခိုက်ကြပြီး စစ်သင်္ဘောတွေနစ်မြုပ်ပျက်ဆီးတာတွေရှိသလိုဒီနှစ်မှာတော့

သပိတ်ကျင်းမြို့နယ်မှာ တွဲတွန်းသင်္ဘောတစ်စီးနဲ့ ရွှေကူမြို့နယ်အရောက်မှာနောက်ထပ်သင်္ဘောငယ်တစ်စီးကိုဖျက်စီးနိုင်ခဲ့တယ်လို့ သိရပါတယ်။

တစ်ဖက်မှာတော့ အဲ့ဒီစစ်သင်္ဘောတွေဆန်တက်နိုင်ဖို့ စစ်ကောင်စီတပ်ဟာ မြစ်ကြောင်းတစ်လျှောက်လမ်းကြောင်းရှင်းဖို့အတွက်လေကြောင်းတိုက်ခိုက်တာ၊လက်နက်ကြီးပစ်ခတ်တာတွေလုပ်ခဲ့တာကြောင့် အရပ်သား ၃၁ ဦးအထိသေဆုံးခဲ့ရပါတယ်။

သေဆုံးခဲ့ရတဲ့တဲ့ အရပ်သား ၃၁ ဦးထဲမှာ ဝက်လက်မြို့နယ်က အရပ်သား ၂၁ ဦး၊ ကသာမြို့နယ်က အရပ်သား ၂ ဦး၊ ရွှေကူမြို့နယ်က အရပ်သား ၇ ဦးနဲ့ဗန်းမော်မြို့ကအမျိုးသမီးတစ်ဦးတို့ဖြစ်ပြီးအသက် ၉ နှစ်အရွယ်ကနေ အသက် ၇၀ ကျော်အရွယ်တွေအထိပါဝင်တယ်လို့သိရပါတယ်။

By – အမိုး

Show More

Related Articles

Back to top button