HIV၊ တီဘီ၊ ငှက်ဖျားဆေးတွေကန့်သတ်ထိန်းချုပ်တာဟာ လူနာတွေအတွက် ပိုခက်ခဲလာနိုင်တယ်လို့ဆို
အာဏာသိမ်းစစ်တပ်က HIV၊ တီဘီနဲ့ ငှက်ဖျားဆေးတွေကို ကန့်သတ်ထိန်းချုပ်လိုက်တဲ့အတွက် ဝေးလံခေါင်ဖျားတဲ့ပြည်သူတွေအတွက် အဖက်ဖက်ခက်ခဲလာနိုင်တယ်လို့ ကချင်အရပ်ဘက်အဖွဲ့အစည်းတွေက KNG ကို ပြောပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်လ ၇ ရက်ကစ HIV၊ တီဘီနဲ့ ငှက်ဖျား ဆေးဝါးတွေကို INGO၊ NGOနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေကနေ ထုတ်ယူခွင့်မပြုတော့ဘဲ စစ်ကော်မရှင်အောက် ဆေးရုံ၊ ဆေးခန်းတွေမှာသာ ဆေးထုတ်ယူခွင့်ပြုဖို့ အမိန့်စာထုတ်ခဲ့တယ်လို့ သိရပါတယ်။
ဒါကြောင့် မြို့ပြထက် ကျေးလက်ဧရိယာများတဲ့ ကချင်ပြည်နယ်မှာ မြို့တော်မြစ်ကြီးနားမြို့ကလွှဲပြီး တစ်ခြားဝေးလံခေါင်ပါးတဲ့ နေရာဒေသတွေက HIV၊ တီဘီနဲ့ ငှက်ဖျားဆေးဝါးသောက်ရတဲ့လူနာတွေပိုခက်ခဲလာနိုင်တယ်လို့ Kachin Backpack အဖွဲ့ရဲ့ တာဝန်ရှိသူ တစ်ဦး KNG ကို ခုလိုပြောပါတယ်။
“ဆွမ်ပရာဘွမ်လို နေရာကဆိုရင် မြစ်ကြီးနားမှာ ဆေးလာထုတ်ရတော့မယ် ဆိုတော့ သွားလာစရိတ်ကို ၄ သိန်းလောက်ကုန်နေပြီ။ တစ်လကို လေးသိန်းလောက် မကုန်ကျနိုင်ရင် အဲဆေးသောက်နိုင်ဖို့ မလွယ်တော့ဘူး။ ဒါကြောင့် ငွေကြေးခက်ခဲတဲ့သူတွေအတွက်က တစ်လအဲဒီလောက်မကုန်ကျနိုင်တော့ ဆေးမစားဘဲ သေဖို့ကိုဘဲ ရွေးလိုက်တဲ့ သူတွေလည်း ရှိနိုင်တယ်”လို့ ဆိုပါတယ်။
HIV၊ တီဘီနဲ့ ငှက်ဖျား ဆေးဝါးသုံးစွဲနေရတဲ့ လူနာအများပိုင်းက လိုအပ်တဲ့ဆေးဝါးနဲ့ စိတ်ပိုင်းဆိုင်ရာကုသမှုတွေကို INGO၊ NGOနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေကနေ ရရှိနေကြတာဖြစ်ပါတယ်။
ဒါပေမယ့် ခုလိုအမြဲပုံမှန် စွဲသောက်ရတဲ့ ဆေးဝါးတွေကို စစ်တပ်ကကန့်သတ်ထိန်းချုပ်လိုက်တာဟာရည်ရွယ်ချက်ရှိရှိလုပ်ဆောင်ခြင်းဖြစ်တယ်လို့ Kachin Women Peace Network အဖွဲ့ရဲ့ မလုလုက ခုလိုပြောပါတယ်။
“နိုင်ငံရေး၊ နေရာတိုင်း ခက်ခဲနေတဲ့အချိန်မှာ ခုလိုလုပ်ဆောင်တာက လူ့အခွင့်အရေးချိုးဖောက်မှုတစ်ခုလို့ မြင်ပါတယ်။ ရည်ရွယ်ချက်ရှိရှိ နိုင်ငံရေးအသုံးချမှုလို့ မြင်ပါတယ်။ ပြည်သူလူထုကို ဖိအားပေးတယ်လို့ မြင်တယ်။ အခုလို အချိန်မှာ သူတို့အနေနဲ့ ART ဆေးတွေထုတ်ပေးတာတွေကို သေချာ လုပ်ဆောင်နိုင်မယ်လို့လည်း မထင်ပါဘူး”လို့ ဆိုပါတယ်။
တစ်ဖက်မှာလည်း အာဏာသိမ်းပြီးနောက် တစ်နိုင်ငံလုံးအတ်ိုင်းတာနဲ့ CDM လုပ်သွားလို့ ဆေးရုံဆေးခန်းမှာ ကျန်းမာရေးဝန်ထမ်းလိုအပ်ချက်များစွာရှိနေတဲ့ ဒီကာလမှာ HIV၊ တီဘီနဲ့ ငှက်ဖျားဆေးဝါးသောက်နေရတဲ့ လူနာတွေကိုစစ်ကော်မရှင်လက်အောက် ဆေးရုံ၊ဆေးခန်းတွေဟာ ထိထိရောက်ရောက်ကုသနိုင်ဖို့ ခက်ခဲနိုင်လိမ့်တယ်လို့ သူကဆက်ပြောပါတယ်။
ကချင်ပြည်နယ် အင်ဂျန်ယန်၊ ဆွမ်ပရာဘွမ် နေရာဒေသမှာ Kachin Backpackအဖွဲ့ကနေ HIV ရောဂါ ARTကာကွယ်ဆေး ထုတ်ယူသုံးစွဲသူ ၂၀၀ ဝန်းကျင် ရှိပြီး တီဘီဆေး ထုတ်ယူသုံးစွဲသူတွေက အဲထက်ပမာဏများနိုင်တယ်လို့ သိရပြီး လူနာအယောက် ၁၀၀ မှာ အစိုးရဆေးရုံတွေကနေ ဆေးထုတ်ယူသူ ၄၀ ဦးခန့်သာရှိပြီး ကျန်တဲ့ ၆၀ ဦးဟာ အရပ်ဘက်အဖွဲ့အစည်းတွေကနေ ထုတ်ယူကြတာဖြစ်တယ်လို့ ဆိုပါတယ်။
ခုလိုဆေးဝါး ကန့်သတ်မှုတွေကြောင့် HIV၊ တီဘီနဲ့ ငှက်ဖျား ရောဂါ ဖြစ်ပွား ပျံ့နှံ့မှုနှုန်းနဲ့ သေဆုံးမှုနှုန်း ပိုမို များပြားလာနိုင်တယ်လို့ ကချင်ပြည်နယ်က ဝေးလံခေါင်ပါးတဲ့ နေရာဒေသတွေမှာ ဆေးကုသမှုတွေ လုပ်ဆောင်နေတဲ့ အဖွဲ့အစည်းတွေက သုံးသပ်ပြောဆိုပါတယ်။
တစ်ဖက်မှာလည်း စစ်ကော်မရှင်အောက် ကျန်းမာရေးဝန်ကြီးဌာနကနေပြီးတော့ အမိန့်ထုတ်ပြန်တာဟာ တော်လှန်ရေးအင်အားစုတွေရှိတဲ့နေရာဒေသတွေမှာ ဆေးဝါးမရောက်ရှိအောင် ရည်ရွယ်ချက်ရှိရှိ ကန့်သတ်လိုက်တာ ဖြစ်တယ်လို့ အရပ်ဘက်အဖွဲ့အစည်းတစ်ချို့သုံးသပ်ကြပါတယ်။
WHO ရဲ့ ဖော်ပြချက် အရ ၂၀၁၇ခုနှစ်အတွင်း HIV ရောဂါပိုးရှိသူ ၂၂၄၀၂၆ဦး ရှိတယ်လို့ သိရပြီး တီဘီရောဂါဖြစ်ပွား ဖြစ်ပွားသူကတော့ ၂၀၂၃ ခုနှစ်အတွင်း လူဦးရေ ၁သိန်းမှာ ၅၈၈ဦးဖြစ်ပွားပြီး ၅သောင်းနီးပါး သေဆုံးခဲ့တယ်လို့ ဖော်ပြထားပါတယ်။
၂၀၂၄ – ၂၀၂၆ အတွင်း မြန်မာနိုင်ငံမှာ HIV တိုက်ဖျက်ဖို့ The Global Fund အမေရိကန် ဒေါ်လာ ၆၈ သန်းကျော်ပေးမယ်လို့ ထုတ်ပြန်ထားပြီး ထုတ်ပေးနေဆဲဖြစ်ပေမယ့် လက်ရှိ နောက်ပိုင်းမှာတော့ ဒီငွေကြေးတွေအားလုံးဟာ စစ်ကော်မရှင်အောက်ကနေတစ်ဆင့် လုပ်ဆောင်သွားမှာဖြစ်ပါတယ်။
By – Hope



