တိုက်ပွဲသတင်း

ကားမိုင်း – နန့်ယားတစ်ကြောမှာ တပ်ပြန်ထိုင်နိုင်ဖို့ စစ်တပ်က စစ်ကြောင်းပြန်ထိုးလာ

ကားမိုင်းနန့်ယား ဖားကန့်လမ်းတစ်လျှောက်ကို စစ်တပ်က တပ်နေရာ ပြန်လည်အထိုင်ချဖို့ စစ်အင်အားရာနဲ့ချီရှိတဲ့ စစ်ကြောင်းက ယခုရက်ပိုင်းအတွင်း ပြန်တက်လာတဲ့အတွက် ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ တိုက်ပွဲပြန်လည် ပြင်းထန်လာနိုင်ခြေရှိတယ်လို့ သိရှိရပါတယ်။

ဖားကန့်လမ်းကို စစ်တပ်က ပြန်လည်ဖွင့်ပေးလိုက်တဲ့နောက် ကားမိုင်း ၊ မိုးကောင်းဘက်ကနေ အင်အား ၅၀၀ ခန့်လို့ ခန့်မှန်းလို့ရတဲ့ စစ်ကြောင်းနောက်တစ်ခု ပြန်လည်တက်လာပြီး လက်ရှိမှာ နန့်ယားကျေးရွာ မရောက်မှီ တစ်မိုင်ခန့်အကျော်မှာရှိတဲ့ လဂတ်ကောင့်(Lagat Kawng) ကျေးရွာမှာ စစ်ကြောင်းရောက်ရှိနေပြီလို့ နန့်ယားဒေသခံတွေဆီကနေ သိရပါတယ်။

လက်ရှိ ဖားကန့်လမ်းဘက်ကို စစ်အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးတက်လာတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး နန့်ယားဒေသခံ အမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။

အခုပြန်တက်လာတဲ့ စစ်ကြောင်းတွေရဲ့ အခြေအနေက အကြောင်းအရာ နှစ်မျိုးနဲ့ သုံးသပ်လို့ရပါတယ်။ ဖားကန့်ဘက်ကိုပဲ ဆက်တက်သွားမလား။ ဒါမှမဟုတ် နန့်ယားလို ကျေးရွာတွေမှာ အထိုင်ချမလားဆိုပြီး ဆိုလို့ရပါတယ်။ နှစ်မျိုးစလုံးလည်း ဖြစ်နိုင်တယ် စစ်ရေးက အမျိုးမျိုးဖြစ်လာတယ်ဆိုတော့လေ။ သေချာတာကတော ဖားကန့်လမ်းပိုင်းကိုလည်း ပြန်ထိန်းချုပ်နိုင်ဖို့ပဲ။ အခုရောက်နေတဲ့ စစ်ကြောင်းကလည်း နန့်ယားနဲ့ သိပ်ပြီးမလှမ်းတော့ဘူးလို့ပြောပါတယ်။

စစ်ကြောင်းပြန်ထိုးလာတဲ့အဖွဲ့တွေ လဂတ်ကောင့်ကျေးရွာက ယခင် KIA တပ် ဂိတ်ချနေထိုင်ခဲ့တဲ့နေရာမှာ တပ်စွဲနေထိုင်ထားပြီးတော့ နန့်ယားအထက်ဘက်ကို ပြန်လည်ထွက်ခွာဖို့ ကြိုးစားနေတဲ့အတွက်လည်း ယခုရက်ပိုင်းအတွင်းမှာ KIA နဲ့ တော်လှန်ပူးပေါင်းတပ်တွေနဲ့ ထိတွေ့တိုက်ပွဲတွေရှိနေတယ်လို့ ဆိုပါတယ်။

နှစ်ဖက်တပ်ရဲ့ ထိတွေ့တိုက်ပွဲတွေကြောင့် ဩဂုတ်လ ၂ ရက်နေ့ စစ်တပ်က ပြန်ဖွင့်ပေးလိုက်တဲ့ ကားမိုင်းနန့်ယား ဖားကန့် ကားလမ်းပိုင်းမှာ ကုန်ကားတွေ သွားလာခွင့်ရပေမယ့် ဖွင့်လိုက် ပိတ်လိုက်နဲ့  ခက်ခက်ခဲခဲသွားလာနေရတယ်လို့လည်း ကားသမားနဲ့ နီးစပ်တဲ့ သူတွေဆီကနေ သိရပါတယ်။

လဂတ်ကောင့် ကျေးရွာမှာ ရောက်ရှိနေတဲ့ စစ်ကြောင်းတွေက နန့်ယားအထက်ပိုင်းဘက်ကို ထပ်မံတက်လာပါက ဖားကန့်လမ်းပိုင်းမှာ ယခုထက် ရေရှည်တိုက်ပွဲ ပြန်ဖြစ်လာပြီး လမ်းပိုင်းသွားလာလို့မရတဲ့အထိ ပြန်ဖြစ်လာနိုင်တယ်လို့လည်း သတင်းအရင်းအမြစ်တွေက သုံးသပ်ပြောဆိုနေကြတာဖြစ်ပါတယ်။ 

ဖားကန့်ဘက်ကို ဦးတည်ပြီးတော့ စစ်အင်အားအလုံးအရင်းနဲ့ စစ်တပ်က ထပ်မံစစ်ကြောင်းထိုး ဝင်ရောက်လာတဲ့ အခြေအနေကို နောက်ထပ် ဖားကန့် ဒေသခံ အမျိုးသားတစ်ဦးက ဆက်ပြီး ပြောပြပါတယ်။

ဟုတ်ကဲ့ ကားမိုင်းလမ်းကြောင်းကနေ အင်အား ၁၀၀ လောက်ရှိတဲ့ ဝါရာဇွပ်ပြည်သူ့စစ်အဖွဲ့တွေက ပြန်တက်လာတယ်လို့ကြားပါတယ်။ တက်လာတာ ၃ ရက်လောက်ရှိလာပြီ။ အဲ့ကြောင့် မနေ့ကလည်း လမ်းကြောင်းမှာ တိုက်ပွဲဖြစ်တယ်။ တကယ်လို့ ဒီလည်း တိုက်ပွဲဖြစ်ရင်တော့ ၃ ရက်ဖြစ်တယ်လို့ ပြောလို့ရပြီလို့ပြောပါတယ်။ 

လက်ရှိ ထပ်ပြီးတက်လာတဲ့ စစ်ကြောင်းမှာ ပြည်သူတစ်ချို့က စစ်အင်အား ၅၀၀ လောက်ရှိတယ်လို့ ခန့်မှန်းနေကြသလို တစ်ချို့က ၂၀၀ ဝန်းကျင်အထိရှိတယ်လို့ ခန့်မှန်းပြောဆိုနေကြပါတယ်။

ကားမိုင်းနန့်ယား ဖားကန့်လမ်းကို KIA နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ ထိန်းချုပ်လိုက်တဲ့နောက် စစ်တပ်က စစ်ကြောင်းတစ်ခါထိုးလာရင် အနည်းဆုံး အင်အား ၂၀၀ နဲ့ ၃၀၀ ကြားမှာရှိတယ်လို့လည်း သိရပါတယ်။

ပြီးခဲ့တဲ့ ဧပြီလကတည်းကနေ စစ်တပ်က ကားမိုင်းနန့်ယား ဖားကန့်လမ်းပိုင်းကို အသုံးပြုပြီး စစ်ကြောင်းထိုး ဝင်ရောက်လာတာ အခုဩဂုတ်လအထိဆိုရင် ၃ ကြိမ်မြောက်ရှိပြီဖြစ်ပါတယ်။

ပထမအကြိမ် ဧပြီလမှာ တက်လာတဲ့ စစ်ကြောင်းတွေက ဖားကန့် ထဲကို ရောက်ရှိသွားပြီး ကျောက်စိမ်းမှော်အသီးသီးက လုပ်ကွက်နေရာတွေမှာ ဝင်ရောက်မီးရှို့ဖျက်ဆီးတာတွေ လုပ်ဆောင်ခဲ့တဲ့အပြင် အရပ်သားပြည်သူသတ်ဖြတ်မှုတွေ ဆက်တိုက်ကျူးလွန်ခဲ့ပါတယ်။

အလားတူ နောက်ထပ် ဇူလိုင်လမှာ ဒုတိယအကြိမ် ပြန်တက်လာတဲ့ စစ်ကြောင်းတွေကလည်း ဖားကန့်ဒေသထဲက လုံးခင်း၊ မှော်ဆီစာ၊ ကုဋေမှော်၊ ဆွတ်ဘွမ့်(အမှိုက်ပုံ)၊ မှော်ဝမ်းကလေး၊ မှော်ဝမ်းကြီး၊ မော်မောလယန်၊ ရှရော်ခ စတဲ့ ကျေးရွာအသီးသီးမှာ စစ်အင်အားတိုးချဲ့နိုင်ခဲ့တာဖြစ်ပါတယ်။

ပထမအကြိမ်နဲ့ ဒုတိယအကြိမ် စစ်ကြောင်းထိုးနိုင်ခဲ့တဲ့အခြေအနေမှာ စစ်တပ်က ဖားကန့်ဒေသအတွင်း  လက်လွတ်လိုက်ရတဲ့ နေရာတွေကို ပြန်လည်ထိန်းချုပ်နိုင်ဖို့ စစ်ရေးအတွက် အရေးပါတဲ့ မော်မောဘွမ့်၊ လမောင်ကုန်း စတဲ့ တောင်ကုန်းနေရာတွေကို သိမ်းပိုက်ဖို့  ကြိုးပမ်းနေဆဲဖြစ်ပါတယ်။

ဒါကြောင့် ဖားကန့်ထဲကို စစ်ကြောင်းဝင်ရောက်သွားတဲ့ မေလကုန်ပိုင်းကနေ စစ်တပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်တွေကြား တိုက်ပွဲပြင်းထန်နေတာ ၃ လခန့်ကြာမြင့်လာပြီး စစ်တပ်က နောက်ထပ် စစ်အင်အားတိုးချဲ့နေဆဲဖြစ်ပါတယ်။

ဒါ့အပြင် စစ်တပ်က ဖားကန့်ဒေသထဲကို တန်ပြန်ထိုးစစ်ဆင်နေတဲ့ ၃ လအတွင်းမှာ ဖားကန့်လမ်းပေါ်က KIA သိမ်းပိုက်ထားတဲ့ နန့်တိန့် (Namting) ကျေးရွာကိုလည်း ပြီးခဲ့တဲ့ ဇူလိုင်လအတွင်း ဒုတိယ စစ်ကြောင်းပြန်တက်လာတဲ့အချိန်မှာ သိမ်းပိုက်လိုက်တယ်လို့ ဆက်သိရပါတယ်။

နန့်တိန့်ကျေးရွာထဲမှာ စစ်တပ်က စစ်အင်အားအများအပြားနဲ့  တပ်ထိုင်နေရာပြန်ယူလိုက်ပြီးတော့ ဖားကန့်အဝင် ယမ်းချက်စက်ရုံတစ်လျှောက် ထိန်းချုပ်ထားတာဖြစ်ပါတယ်။

KIA နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေက ကားမိုင်းမအူပင် ကျေးရွာအထက် အွမ့်ကျေးရွာ (Um Kahtawng) ကနေ နန့်ယားကျေးရွာနန့်တိန့်မရောက်မှီအထိ ထိန်းချုပ်ထားတာဖြစ်ပါတယ်။

စစ်တပ်ဟာ ပြီးခဲ့တဲ့ ဧပြီလထဲကနေ အခုဩဂုတ်လအထိ စစ်ကြောင်း တစ်ပြီးတစ်ကြောင်း စစ်ကြောင်းထိုး ဝင်ရောက်နေဆဲဖြစ်ပြီးတော့ လက်လွတ်လိုက်ရတဲ့ နေရာတွေကို အရမချင်း ထိုးစစ်ဆင် တိုက်ခိုက်နေမယ့် အခြေအနေရှိနေတာကြောင့် ဖားကန့်စစ်ရေးအခြေအနေက တိုက်ပွဲကာလပိုမိုကြာမြင့်နိုင်သေးတယ်လို့လည်း ကချင်နိုင်ငံရေးသုံးသပ်သူတွေလည်း ပြောဆိုထားပါတယ်။

ဒါကြောင့်လည်း ဖားကန့်ထဲမှာ တိုက်ပွဲဖြစ်နေတဲ့ နေရာတွေကို စစ်တပ်က လက်နက်ကြီးဒရုန်းပစ်ခတ်တာတွေ နေ့စဉ်ဆက်မပြတ်လုပ်ဆောင်နေတဲ့သလို နှစ်ဖက်တပ် တိုက်ပွဲဆက်ဖြစ်နေဆဲဖြစ်ပြီး အရပ်သားသေဆုံးမှုတွေလည်း ပိုမိုမြင့်တက်လာနေတာဖြစ်ပါတယ်။

ကားမိုင်းနန့်ယား ဖားကန့်လမ်းပိုင်းတစ်လျှောက်မှာ ဧပြီလကတည်းကနေ စစ်တပ်က တစ်ကျော့ပြန် တန်ပြန်ထိုးစစ်ဆင် တိုက်ခိုက်လာတဲ့အတွက် ဖားကန့်သွားလမ်းမပေါ် ရှိတဲ့ နန့်ယား၊ ဆိုင်းဖရာ၊ တံတားညီနောင်၊ ပျားအုံ၊ ကပ်မှော် ၊ နန့်တိန့် စတဲ့ ကျေးရွာနေပြည်သူတွေ ရွာလုံးကျွတ် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြတာလည်းဖြစ်ပါတယ်။

By – နော်ထွယ့်(ဟူးကောင့်)

Show More

Related Articles

Back to top button