ကချင်ပြည်သူ ၁၄ ဦး အသတ်ခံရပြီးနောက် ရှမ်းနီ နဲ့ ကချင်အတူတကွယှဉ်တွဲနေထိုင်ရေး မြစ်ကြီးနားမှာ တွေ့ဆုံဆွေးနွေး
အင်းတော်ကြီးဒေသမှာ ကချင်ပြည်သူ ၁၄ ဦးကို ရှမ်းနီအမျိုးသားတပ်မတော် SNA တပ်က သတ်ဖြတ်လိုက်တဲ့ ဖြစ်စဉ်နဲ့ ကချင်လူထုကို နေထိုင်လို့ မရအောင် လုပ်ဆောင်နေတဲ့လုပ်ရပ်တွေအပေါ် လူမျိုးရေးပြဿနာ မဖြစ်စေရေးအတွက် နှစ်ဖက်လူထုကြား တွေဆုံမှုကို မြစ်ကြီးနားမြို့မှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
ဇူလိုင်လ ၁၅ ရက်နေ့ နောက်ပိုင်း အင်းတော်ကြီးဒေသ နန့်မွန်မြို့၊ မိုင်းနောင် နဲ့ မမုံကိုင် ဒေသမှာဖြစ်ပွားလာတဲ့အခြေအနေနဲ့ ပတ်သက်ပြီး ဌာနယ်ဒေသခံ ရှမ်း နဲ့ ကချင်ပြည်သူတွေကြား အတူတကွယှဉ်တွဲ နေထိုင်သွားကြဖို့ ဖြစ်တယ်လို့ ဆွေးနွေးပွဲတက်ရောက်သူတွေ ပြောပါတယ်။
“အဓိကတော့ အခုချိန်မှာ အင်းတော်ကြီးဒေသမှာ လူမျိုးရေးပဋိပက္ခဖြစ်နေတဲ့ ပြဿနာကို ဖြေရှင်းဖို့ဆိုပြီး နားလည်ရပါတယ်။ နောက်ပိုင်း ဒီလို ပြဿနာတွေ ဆက်ပြီး လူမျိုးရေးပြဿနာတွေ ဆက်ပြီး မကြီးလာအောင် အချင်းချင်း ဘယ်လို ထိန်းညှိပြီး ဝိုင်းဝန်းကူညီဖေးမကြမလဲ။ ပြီးရင် ဒေသခံပြည်သူတွေ အချင်းချင်း ဆက်ပြီး ဘယ်နားလည်မှုတွေနဲ့ နေထိုင်ကြမလဲ ဆိုတဲ့ အချက်တွေပြောဆိုခဲ့ကြတယ်” လို့ ဆွေးနွေးပွဲ တက်ရောက်ခဲ့သူ ကချင်ပြည်သူတစ်ဦးက ပြောပြပါတယ်။
အင်းတော်ကြီးဒေသမှာ စစ်ရေးနဲ့အတူတကွ ဖြစ်ပျက်နေတဲ့ ရှမ်းနဲ့ ကချင် လူမျိုးရေးပြဿနာဆက်ပြီး မကြီးထွားလာအောင် နည်းလမ်းရှာဖို့ တွေ့ဆုံခဲ့တဲ့ ဆွေးနွေးပွဲမှာ ကချင်ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ PCG ၊ ကချင်ပြည်နယ် လူမှုရေးဝန်ကြီး၊ ရှမ်းနီအမျိုးသား စာပေနှင့်ယဉ်ကျေးမှုကော်မတီအဖွဲ့ဝင်၊ ရှမ်းရိုးရာယဉ်ကျေးမှုအဖွဲ့၊ ကချင်အမျိုးသားအတိုင်ပင်ခံအဖွဲ့ WMR အဖွဲ့ဝင်များနဲ့အတူ ဘာသာရေးခေါင်းဆောင်များ တွေ့ဆုံနွေးဆွေးခဲ့ကြတယ်လို့ သိရပါတယ်။
တွေ့ဆုံ နွေးဆွေးမှုကို ဩဂုတ်လ ၁၁ ရက်နေ့ မြစ်ကြီးနားမြို့ အာဂါဗေ ဟိုတယ်မှာ ပြုလုပ်ခဲ့တယ်လို့ JHG News Kachin State လူမှုကွန်ယက်စာမျက်နှာပေါ်မှာလည်း ထုတ်ပြန်ထားပါတယ်။
တွေ့ဆုံဆွေးနွေးမှုမှာ တက်ရောက်လာကြတဲ့ သက်ဆိုင်ရာ ရိုးရာယဉ်ကျေးမှုအဖွဲ့အသီးသီးတာဝန်ရှိသူတွေက လက်ရှိ အင်းတော်ကြီးဒေသမှာ ဖြစ်ပျက်နေတဲ့ လူမျိုးရေးပြဿနာတွေ ဆက်ပြီးမဖြစ်လာအောင် ဘယ်လိုသဘောတူညီမှုတွေ ရရှိခဲ့တယ်ဆိုတာနဲ့ ပတ်သက်ပြီး အသေးစိတ် ထုတ်ပြန်ပြောဆိုထားတာမျိုးတော့ မရှိပါဘူး။
ပြီးခဲ့တဲ့ ဇူလိုင်လ ၁၅ ရက်နေ့ နောက်ပိုင်း စစ်ကောင်စိတပ်နဲ့ ရှမ်းနီ SNA ပူးပေါင်းတပ်တွေက မိုင်းနောင်နဲ့ မမုံကိုင် ကျေးရွာ နှစ်ခုစလုံးကို သိမ်းပိုက်လိုက်ပြီးနောက် အခုလို သတ်ဖြတ်ခံရမှု ဖြစ်စဉ်များ ဖြစ်ပေါ်လာခဲ့တာဖြစ်ပါတယ်။
SNA တပ်တွေဟာ ကချင်နေအိမ်တွေကို လိုက်လံချိတ်ပိတ်ခဲ့တဲ့အပြင် အသက်အန္တရယ်ခြိမ်းခြောက်မှုတွေ ရှိခဲ့တယ်လို့ ထွက်ပြေးလွတ်မြောက်လာသူတွေ ပြောပါတယ်။
ဒါကြောင့် နန့်မွန်မြို့၊ မိုင်းနောင်၊ မမုံကိုင် စတဲ့ ကျေးရွာတွေမှာ နေထိုင်ကြတဲ့ ကချင်ပြည်သူ နှစ်ထောင်ကျော်ခန့်က ကုန်းလမ်း၊ ရေလမ်းကနေ ကွယ်ဝိုက်ပြီး နီးစပ်ရာဒေသအသီးသီးသို့ ထွက်ပြေး တိမ်းရှောင်နေကြပါတယ်။
ဒေသတွင်း အိမ်စောင့်အဖြစ်ကျန်ခဲ့ရင် သတ်ဖြတ်ခံရသူ ၁၄ ဦး ထက်မနည်း ရှိခဲ့တယ်လို့လည်း သိရပါတယ်။
အင်းတော်ကြီးဒေသမှာ နေထိုင်ကြတဲ့ ကချင်ပြည်သူ လူဦးရေ ထက်ဝက်ခန့်ဟာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်ကတည်းက စစ်ဘေးတိမ်းရှောင်ခဲ့ကြရသလို လက်ရှိ ရှမ်းနီ SNA တပ်တွေက လူမျိုးရေးပြဿာနာ ဖော်ဆောင်လိုက်တဲ့အတွက် ကချင်ပြည်သူ အားလုံးနီးပါးခန့်က ဒေသအတွင်းနေထိုင်လို့ မရအောင် ထွက်ပြေးတိမ်းရှောင်နေကြရတာဖြစ်ပါတယ်။
စစ်ရေးအပြင် လူမျိုးရေးပြဿနာအခက်အခဲပါ ကြုံတွေ့နေရတဲ့ အင်းတော်ကြီးဒေသခံဖြစ်တဲ့ ကချင်ပြည်သူတွေက လက်ရှိဖြစ်ပျက်နေတဲ့ ပြဿနာကို သက်ဆိုင်ရာ အာဏာရရှိသူတွေ၊ အရပ်ဖက်အဖွဲ့အစည်းတွေ အမြန်ဆုံးဖြေရှင်းပေးဖို့လည်း တောင်းဆိုနေကြပါတယ်။
“စစ်ကို စစ်နဲ့တိုက်ရင်နိုင်ပေမယ့် လူမျိုးရေးပြဿနာကိုတော့ အဲ့လိုလုပ်လို့မရဘူး။ ဒါကို ဘယ်လိုဖြေရှင်းကြမလဲ။ ဒါကို တကယ်တာဝန်ရှိတဲ့ သူတွေအနေနဲ့ ပြဿာတွေပိုပြီး မဖြစ်လာအောင် ဖြေရှင်းပေးဖို့ အရေးကြီးပါတယ်”လို့ထွက်ပြေးတိမ်းရှောင်နေရတဲ့ မိုင်းနောင်ဒေသခံအမျိုးသမီးတစ်ဦးပြောပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လအတွင်းမှာပဲ အင်းတော်ကြီး – ဖားကန့် ဂွေခါလမ်းသွားလာတဲ့ ကက်သလစ် သီလရှင်တစ်ဦးကို သင်္ကန်း ဝတ်ရုံချွတ်ခိုင်းတဲ့အထိ စစ်ဆေးမေးမြန်းတာတွေ၊ ဘာသာရေးအသင်းတော်က သွားလာတဲ့ ကားတွေကို ဟန့်တား စစ်ဆေးပြီး အသင်းတော် စတိတ်ကာကို ခွာချပေးလိုက်တာတွေ၊ ကချင်ခရီးသွားပြည်သူတွေကို အင်းတော်ကြီးဒေသထဲကို သွားလာတာတွေ မလုပ်ဖို့ ခြိမ်းခြောက်ပြောဆိုတာတွေ လုပ်ဆောင်ခဲ့တယ်လို့ ဒေသခံတွေက KNG သတင်းဌာနကို ပြောဆိုလာကြတာဖြစ်ပါတယ်။
By – နော်ထွယ့်(ဟူးကောင့်)



