သတင်း

နန့်မွန်းနဲ့ မိုင်းနောင်မှာ တစ်အိမ်တစ်ယောက် ပြည်သူ့စစ်သင်တန်းတက်နေရ

ကချင်ပြည်နယ် မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသထဲက နန့်မွန်းမြို့နဲ့ မိုင်းနောင်ကျေးရွာမှာ တစ်အိမ်တစ်ယောက် ပြည်သူ့စစ်သင်တန်းတက်နေရကြောင်းသိရပါတယ်။

စစ်ကောင်စီတပ်ရဲ့ တပ်မ ၃၃ လက်အောက်ခံနဲ့ ရှမ်းနီပြည်သူ့စစ်တပ်ဖွဲ့ SNA ပူးပေါင်းတပ်တွေဟာ အင်းတော်ကြီးဒေသထဲက တစ်အိမ်တစ်ယောက်မဖြစ်မနေပြည်သူ့စစ်ထဲဝင်ရောက်ခိုင်းပြီး ဖမ်းဆီးစုဆောင်းထားတဲ့တပ်သားသစ်တွေကို နန့်မွန်းမြို့နဲ့မိုင်းနောင်ကျေးရွာမှာ သင်တန်းပေးနေတယ်လို့ အင်းတော်ကြီးဒေသခံအမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။

နန့်မွန်းမြို့မှာလည်းပေးတယ် ပြီးတော့ကျမိုင်းနောင်မှာလည်းအခုကလေးတွေကို သင်တန်းပေးနေတယ် နှစ်နေရာမှာပေးနေတယ်ဗျ။ ရှမ်းနီအဓိကဦးဆောင်နေတာလို့ အသက် ၅၀ ကျော်အရွယ်အမျိုးသားတစ်ဦးက ပြောပါတယ်။

SANနဲ့စစ်ကောင်စီပူးပေါင်းတပ်တွေဟာ ၂၀၂၅ မေလကတည်းက လုံးတုံ၊နန့်မွန်းမြို့အဝင်အထွက်နေရာတွေနဲ့ အင်းတော်ကြီးဂွေခါလမ်းမှာ ဂိတ်ထိုင်ပြီး လူငယ်တွေကို ပိတ်စို့ဖမ်းဆီးတာ၊တစ်အိမ်တစ်ယောက် ပြည်သူ့စစ်ထဲမဝင်မနေရ စနစ်နဲ့ ပြည်သူ့စစ်ထဲဝင်ခိုင်းတာတွေလုပ်ဆောင်နေတာဖြစ်ပါတယ်။

ပြည်သူ့စစ်သင်တန်းတက်ရောက်နေတယ်တဲ့ထဲမှာ လူငယ်ပိုင်းနဲ့လူလတ်ပိုင်းတွေပါဝင်ပြီး အမျိုးသမီးတွေလည်းပါတယ်လို့ သိရပါတယ်။

သူတို့လူစုနေတာကြာပြီနှစ်လသုံးလလောက်ရှိပြီ အသက် ၁၂ အထက်ကနေ ၅၅ အောက်တွေ တွေ့ကရလျှောက်ဖမ်းနေတာ အမျိုးသားအမျိုးသမီးအကုန်ပါ့ သင်တန်းသားဘယ်လောက်ရှိမလဲတော့မပြောတတ်ဘူးအပြင်လူလည်းအဝင်ရဘူးပေးနေတာပဲသိရတယ်လို့ နောက်ထပ်အမျိုးသာတစ်ဦး ကဆက်ပြောပါတယ်။

စစ်သင်တန်းကိုတော့ နန့်မွန်း၊မိုင်းနောင်ထဲက SNAအထိုင်တပ်စခန်းမှာပေးနေတာလို့သိရပြီး သင်တန်းသားဦးကိုတော့အတိအကျသိရှိနိုင်ဖို့ခက်ခဲနေကြောင်း ဒေသခံသတင်းရင်းမြစ်တွေကဆိုပါတယ်။

ဒါ့အပြင် SNAနဲ့ စစ်ကောင်စီပူးပေါင်းတပ်တွေဟာ လက်ရှိနန့်မွန်း၊မိုင်းနောင်အဝင်အထွက်နေရာတွေနဲ့ ဂွေခါအင်းတော်ကြီးလမ်းပိုင်းမှာစစ်ဆေးရေးဂိတ်ထိုင်ပြီး ဒေသခံတွေနဲ့ခရီးသည်တွေရဲ့လက်ကိုင်ဖုန်းတွေစစ်ဆေးတာ၊ မေးမြန်းတာတွေလုပ်နေကြောင်းလည်းဒေသခံတွေကဆိုပါတယ်။

အင်းတော်ကြီးဒေသထဲက ဝှေလုံ၊ ချောင်းဝ ၊ ညောင်ပင်ကျေးရွာတွေထဲက စစ်ကောင်စီတပ်စခန်းတွေကို KIA နဲ့ PDF ပူးပေါင်းတပ်တွေသိမ်းပိုက်လိုက်ပြီးနောက် ရှမ်းနီပြည်သူ့စစ်တွေဟာ မိုးညှင်းမြို့ကနေဝင်ရောက်လာပြီး ဇွန်လ တတိယပတ်ကတည်းကနေ စတင်အခြေချလာတာဖြစ်ပါတယ်။

စစ်ကောင်စီတပ်ဟာ ဖားကန့်မြို့နယ်အပါအဝင် အင်းတော်ကြီးဒေသကိုထိန်းချုပ်ဖို့အတွက်မေလကတည်းကနေ စစ်အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်နေတာကြောင့်လက်ရှိအချိန်အထိဖားကန့်၊အင်းတော်ကြီးနေရာတွေအများများမှာနှစ်ဖက်တိုပ်ပွဲတွေပြင်းထန်နေဆဲ ဖြစ်ပြီး ကျေးရွာအများစုလည်းစစ်ဘေးရှောင်နေကြရပါတယ်။

By – Zaw Zaw

Show More

Related Articles

Back to top button