စစ်ပြေးဒုက္ခသည်များသတင်း

ဝိုင်းမော်မြို့နယ်ရှိ စစ်ရှောင်များ ရာသီတုပ်‌ကွေး၊ငှက်ဖျား၊ ဝမ်းပျက်ဝမ်းလျှောအဖြစ်များလို့ ဆေးဝါးအကူညီလိုအပ်

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်ရှိ စစ်ရှောင်စခန်းတွေမှာ ငှက်ဖျား၊ တုပ်ကွေး၊ ဝမ်းပျက်ဝမ်းလျှောအဖြစ်များနေတဲ့အတွက် ဆေးဝါးအကူညီ နဲ့ ကျန်းမာ‌ရေးစောင့်ရှောက်မှုတွေ လိုအပ်နေတယ်လို့ စစ်ရှောင်ပြည်သူတွေဆီနေ သိရပါတယ်။

စစ်ရှောင်စခန်းတွေဟာ သောက်ရေ၊သုံး‌ရေအပြင် အိမ်သာလုံလောက်မှုမရှိတဲ့အပြင် မိုးတွင်းကာလကူးစက်ရလွယ်ကူတဲ့ ငှက်ဖျား၊ရာသီတုပ်ကွေး၊ ဝမ်းပျက်ဝမ်းလျှောရောဂါတွေလည်းအဖြစ်များနေပေမယ့် လူအစုအ‌ဝေးနဲ့နေထိုင်တာကြောင့် အချင်းချင်းကူးစက်နေတဲ့အတွက် အရှင်းမပျောက်နိုင်ပဲ ဖြစ်နေတယ်လို့ နောင်ဟီးရွာစစ်ရှောင်အမျိုးသမီးတစ်ဦးက ပြောပါတယ်။

အခု အချိန်က အရမ်းဖျားနေကြတယ် ဆေးရုံတက်နေရတဲ့သူတွေလည်း ရှိတယ်။ ဆေးရုံမတက်နိုင်တဲ့အတွက် စစ်ရှောင်တဲမှာဘဲ ဖျားပြီး ဒီတိုင်းနေနေတဲ့သူတွေလည်း အများကြီး ရှိတယ်။ ၂၀၊ ၃၀ ဝန်းကျင်လောက်တော့ ရှိမယ်ထင်တယ်လို့ ပြောပါတယ်။

လက်ရှိ စစ်ရှောင်စခန်းရှိ ဆေးပေးခန်းတွေမှာလည်း ငှက်ဖျား၊ တုပ်ကွေး၊ ဝမ်းပျက်ဝမ်းလျှောရောဂါတွေနဲ့ ဆိုင်တဲ့ ဆေးဝါးလုံလောက်မှုမရှိတဲ့အတွက် စစ်ရှောင်တွေဟာ အပြင်ဆေးဆိုင် ၊ဆေးခန်းတွေမှာ ဝယ်သောက်နေရတယ်လို့ သိရပါတယ်။

သို့သော် ငှက်ဖျား၊ရာသီတုပ်ကွေးနဲ့ ဆိုင်တဲ့ ဆေးဝါးတွေက ငွေကျပ်သောင်းဂဏန်းအထိ ဈေးကြီးပေးဝယ်ရတာကြောင့် ဆေးဝယ်မသောက်နိုင်ပဲ အချိန်ကြာမြင့်စွာ ဖျားနာသူတွေလည်းရှိတယ်လို့ စစ်ရှောင်ဆေးပေးခန်းမှာ အလုပ်လုပ်တဲ့ ဆရာမတစ်ဦး ခုလိုပြောပါတယ်။

ကျမတို့စခန်းမှာလည်း လုံလောက်မှုမရှိတဲ့အတွက် တစ်ယောက် နှစ်ယောက်ကို ပေးလိုက်လို့ရှိရင် ကုန်သွားပြီ။ များသောအားဖြင့်က ဝယ်သုံးရတာများတယ်။ ဆေးတွေမရှိတော့ အပြင်ဆေးခန်းတွေကိုဘဲ လွှဲလိုက်တာများတယ်။ ဒါကြောင့် ဆေးမဝယ်စားနိုင်တဲ့ သူတွေက အချိန်အတော်ကြာအောင် ဖျားနေရတာပေါ့လို့ ဆိုပါတယ်။

လက်ရှိ နောင်ဟီးစစ်ရှောင်စခန်းမှာ ရာသီတုပ်ကွေး၊ ဝမ်းပျက်ဝမ်းလျှောဖျားနေသူ ၃၀ ဦး၊တာစန်းစစ်ရှောင်စခန်းမှာ ၅၀ ဦး ၊ အောင်မြေ() စစ်ရှောင် စခန်းမှာ ငှက်ဖျားရောဂါဖြစ်ပွားသူ ၃၀ ဦးရှိပြီး ဖျားနာသူတွေထဲမှာ ကလေးအရွယ်ကနေ သက်ကြီးရွယ်အိုအထိ ပါဝင်တယ်လို့ သိရပါတယ်။

ဒါ့အပြင် ကလေးသူငယ်တစ်ချို့ အရေပြားကူးစက်ရောဂါ ကြုံတွေ့နေရတယ်လို့ ဆိုပါတယ်။

ဝိုင်းမော်မြို့ နောင်ချိန်း၊လဘန်ကျေးရွာက စစ်ရှောင်စခန်းတွေမှာ နေထိုင်နေကြတဲ့ စစ်ရှောင်ပြည်သူတွေဟာ အောင်မြေ ၁၊ အောင်မြေ၂၊ ရွှေညောင်ပင်၊ နောင်ဟီး၊ဝူယန်နဲ့ ခကွမ်ကျေးရွာ၊စန်းကား ၊နောင်ဟီး ရွာကနေ စစ်ကောင်စီတပ်နဲ့ ကေအိုင်အေပူးပေါင်းတပ်အကြား တိုက်ပွဲကြောင့် ၂၀၂၄ မတ်လ ထွက်ပြေးတိမ်းရှောင်ခဲ့ကြတာဖြစ်ပါတယ်။

အာဏာသိမ်း စစ်တပ်ဟာ ပြီးခဲ့တဲ့ ဩဂုတ်လ ၇ရက်နေ့ကစပြီး စစ်ကောင်စီလက်အောက်ခံ ကျန်းမာရေးဝန်ကြီးဌာနကနေပြီးတော့ HIV ၊ တီဘီ၊ ငှက်ဖျား စတဲ့ဆေးဝါးအားလုံးကို ထိန်းချုပ်လိုက်ပြီဖြစ်ကြောင်း အမိန့်ထုတ်ပြန်ခဲ့ပြီး အရပ်ဘက်အဖွဲ့အစည်းတွေအားလုံးကိုတော့ ဆေးဝါးထုတ်ပေးခွင့်မပြုတော့ဘဲ ကန့်သတ်ထိန်းချုပ်လိုက်တာ ဖြစ်ပါတယ်။

တစ်ဖက်မှာ ခုလို အရပ်ဘက် အဖွဲ့အစည်းတွေကို ဆေးဝါးထုတ်ပေးခွင့် မပြုတော့ဘဲ ကန့်သတ်လိုက်တာဟာ ဝေးလံခေါင်ပါးတဲ့ နေရာဒေသတွေမှာရှိတဲ့ ပြည်သူတွေနဲ့ စစ်ရှောင်ပြည်သူတွေအတွက် ပိုမိုခက်ခဲလာစေတာဘဲ ဖြစ်ပါတယ်။

By – Hope

Show More

Related Articles

Back to top button