သတင်း

မူဆယ်မြို့အဝင်ထွက်နေရာတွေမှာ စစ်တပ်က စစ်ဆေးရေးတင်းကြပ်

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့ အဝင်အထွက်မှာ စစ်တပ်က လမ်းသွားလမ်းလာ ပြည်သူတွေကို စစ်ဆေးတင်းကြပ်တာတွေ ကြောင့် ပြည်သူတွေသွားလာရေးပိုခက်ခဲလာတယ်လို့ ပြောပါတယ်။

လက်ရှိ စစ်ကောင်စီတပ်ဟာ မူဆယ်မြို့ကနေ နမ့်ခမ်းဘက်သွားလမ်းပေါ် နေရာ ၂နေရာနဲ့ မူဆယယ်၁၀၅မိုင်ကြား ၂ နေရာ စုစု‌ပေါင်း နေရာလေးခုမှာ တပ်ချပြီး စစ်ဆေးနေတာဖြစ်တယ်လို့ ဒေသခံပြည်သူတွေ ဆိုပါတယ်။

ဒီဂိတ်တွေက ယခင်ကတည်းက စစ်တပ်အထိုင်ချထားတဲ့ ဂိတ်ဖြစ်ပေမဲ့ ၁၀၂၇ စစ်ဆင်ရေးကာလတိုက်ပွဲတွေပြင်းထန်လာချိန် ဂိတ်ပိတ်ထားတာဖြစ်ပါတယ်။

ဒါပေမဲ့ ပြီးခဲ့တဲ့ ဧပြီလ ကိုးကန့် MNDAA က လားရှိုးမြို့ကို စစ်ကောင်စီထံပေးအပ်လိုက်တဲ့နောက်ပိုင်းမှစပြီး ဒီဂိတ်တွေ ပြန်ဖွင့်ပြီး ခရီးသည်ကားတွေနဲ့ လမ်းသွားလမ်းလာယာဉ်တွေကို ငွေကြေးတောင်းခံတာ၊ ပြည်သူတွေကို စစ်ဆေးတင်းကြပ်မှုတွေ ဆက်တိုက်လုပ်ဆောင်လာတယ်လို့ မူဆယ်ဒေသခံ ပြည်သူတွေက ပြောပါတယ်။

မှတ်ပုံတင်စစ်ဆေးတာတို့ ပုံမှန်လုပ်တယ်။ သတင်းရရင်ရသလို ဖုန်းတွေ စစ်မေးတယ်။ ကားတိုင်းစစ်တယ် တစ်စီးမှမကျန်ဘူး။ပြီးတော့ မူဆယ်မြို့တွင်း ညညဆို စစ်တပ်က သူတို့ မသင်္ကာအိမ်ဆိုကို ဝင်မွေတယ်။ ဒီရက်ပိုင်း ရပ်ကွက်တွေမှာ လိုက်လံရှာဖွေတာ၊ ဖမ်းဆီးတာမျိုးတွေလည်း ရှိတယ်လို့ မူဆယ်ဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။

ဒေသခံပြည်သူတွေပြောချက်အရ မူဆယ်မြို့အဝင်အထွက် ဂိတ်စဖွင့်ချင်း စစ်ကောင်စီတပ်က ကားတစ်စီးကို ကျပ် ၁၀၀၀၀ (တစ်သောင်း) ကနေ ၅၀၀၀၀ (ငါးသောင်း)အထိ လမ်းဖြတ်ခတောင်းလာပေမယ့် ဒီနောက်ပိုင်း ကားအစီးရေနဲ့တောင်းတာမျိုးမဟုတ်ပဲ ခရီးသည်တစ်ဦးလျှင် ၁၀၀၀၀(တစ်သောင်းကျပ်)နှုန်းတောင်းလာတာကြောင့် ကားသမားတွေ အခက်ကြုံနေတယ်လို့ ပြောပါတယ်။

ဒါ့အပြင် ဒီမူဆယ်စစ်တပ်ဂိတ်တွေက လမ်းသွားလမ်းလာ ပြည်သူတွေထဲက ကချင်ပြည်သူတွေနဲ့ တအာင်း(ပလောင်) လူမျိုးတွေဆိုရင် ပိုပြီးစစ်ဆေးရေးတင်းကြပ်ကာ မှတ်ပုံတင်အပြင် ထောက်ခံစာတွေအထိ မေးမြန်း တောင်းတာတို့လည်း ရှိတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဟာ မူဆယ်မြို့တစ်ခုလုံးကို ထိန်းချုပ်ထားကာ လုံခြုံရေးတင်းကြပ်ထားတယ်လို့ သိရပြီး မူဆယ်မြို့အနီးဝန်းကျင်မှာ‌တော့ တော်လှန်ရေးတပ်ဖွဲ့တွေနေရာယူလှုပ်ရှားတာရှိတယ်လို့ သိရပါတယ်။

ရှမ်းမြောက် ကွတ်ခိုင်မူဆယ် ပြည်သူထောင်စု လမ်းမတစ်လျှောက်လုံးအပြင် အဲဒီဒေသတွေမှာ လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ ဂိတ်စခန်းတွေ အလွန်များပြားတာကြောင့် ခရီးသွားပြည်သူတွေအတွက် ခရီးကြန့်ကြာမှုနဲ့ သွားလာရေးမှာ အတားအဆီး၊ အခက်အခဲများစွာကြုံတွေ့ရတယ်လို့ ပြောပါတယ်။

အရင်တုန်းကထက် အခုက ပိုပြီး ဂိတ်တွေ ပိုပြီးများပြားသွားတာကြောင့် သွားလာရေးမှာ အတားအဆီးတွေတော့ ဖြစ်တာပေါ့။ စစ်ဆေးမှုတွေလည်း များတယ်။ နမ့်ခမ်းဘက်သွားမယ်ဆိုလည်း မုံပေါ်တံတားဖြတ်တာနဲ့ စစ်ကောင်စီတပ်ပေါင်းစုထိုင်တယ်၊ အဲဒါကို ကျော်လာတာနဲ့ ပိန်းလုံမှာ ရှမ်းတပ်ဖွဲ့ဂိတ်မှာလည်း ကားရပ်ပေးရပြန်တယ်။ အဲမှာပြီးတာနဲ့ အထက်ရင်ကွဲတောင်မှာ စစ်တပ်ပြန်ထိုင်ပြီ။ အဲမှာ အစစ်ဆေးခံပြီး ဆက်လာရင် ဆိုင်းခေါင်မှာ TNLA ဂိတ်က ပြန်စစ်တယ်။ နမ့်ခမ်းလမ်းက အစစ်အဆေး ပိုများတယ်ဟု မူဆယ်ဒေသခံကဆက်ပြောပါတယ်။ 

တစ်ဖက်မှာတော့ရှမ်းမြောက်မှာ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ဂိတ်တွေမှာတော့ ငွေကျပ် ၁၀၀၀ (တစ်ထောင်) ကနေ ၅၀၀၀ ( ငါးထောင်) အထိပေးဆောင်ရပြီး တချို့ဂိတ်တွေကတော့ ငွေကြေးကောက်ခံခြင်းမရှိဘူးလို့ ကားသမားတွေက ပြောပါတယ်။  

မူဆယ်မြို့ဟာ တရုတ်နဲ့ကပ်ရပ် နယ်စပ်ကုန်သွယ်ရေးမြို့ဖြစ်ပြီး တိုက်ပွဲမဖြစ်ဖို့ တရုတ်ဘက်ကတားမြစ်ခဲ့တာကြောင့် မြောက်ပိုင်းညီနောင် မဟာမိတ်တပ်ဖွဲ့တွေရဲ့ ၁၀၂၇ စစ်ဆင်ရေးကာလ မြို့သိမ်းတိုက်ပွဲတစ်မြို့ပြီးတစ်မြို့ဆင်နွှဲခဲ့ချိန်မှာလည်း မူဆယ်မြို့ကို တိုက်ခိုက်ခဲ့ခြင်းမရှိဘဲ ချန်လှပ်ခဲ့ကြတာလို့ ဒေသခံတွေဆိုပါတယ်။

လတ်တလော စစ်ကောင်စီတပ်ဟာ မူဆယ်မြို့ပေါ် ညတိုင်း ဒရုန်းလွှတ်ပြီး လုံခြုံရေးယူတာတွေ၊ လေယာဉ်ပျံဝဲတာတွေ ပုံမှန်လုပ်ဆောင်လျက်ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

တစ်ဖက်မှာလည်း မူဆယ်မြို့အနီး ၁၀၅ မိုင် ကျင်စန်းကျော့ကုန်သွယ်ရေးစခန်းကို AA TNLA MNDAA ပါဝင်တဲ့ မြောက်ပိုင်းညီနောင်မဟာမိတ်အဖွဲ့က ချုပ်ကိုင်ထားပြီးမီးနဂါးဆိုတဲ့အမည်ဖြင့် ကုမ္မဏီပုံစံနဲ့ ကုန်သွယ်ရေးလုပ်ငန်းကို ချုပ်ကိုင်လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့ဟာ ခိုးဆိုးလုယက်၊ လူသတ်မှုနဲ့ အလောင်းကစားရုံလည်း ဒီနှစ်အတွင်း တစ်ဆပြန်တိုးလာတာရှိသလို လူကုန်ကူးမှုတွေလည်း ဆက်တိုက်ရှိနေတယ်လို့ ဒေသခံတွေကပြောပါတယ်။

ဒါ့အပြင် မူဆယ်မြို့မှာ ပြည်သူ့စစ်တပ်ဖွဲ့ အင်အားထောင်ချီနဲ့ စစ်ကောင်စီတပ် ၅၀၀ ခန့် နေရာယူထိန်းချူပ်ထားတဲ့ နယ်စပ်မြို့ဖြစ်ပါတယ်။  

ပြီးခဲ့တဲ့ ဇူလိုင်လ နောက်ဆုံးပတ်မှာ စစ်ကောင်စီတပ်က အရေးပေါ်နယ်မြေတွေအဖြစ် ထုတ်ပြန်ကြေညာခဲ့တဲ့ ထဲမှာ ရှမ်းမြောက်က တော်လှန်ရေးတပ်ဖွဲ့တွေဖြစ်တဲ့ တအာင်း(ပလောင်)တပ်ဖွဲ့ TNLA နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ သိမ်းပိုက်ထိန်းချုပ်ထားတဲ့ မြို့နယ်တွေလည်း ပါဝင်တာဖြစ်ပါတယ်။

အဲဒီအရေးပေါ်ထုတ်ပြန်ကြေညာချက် ထုတ်လိုက်ပြီးတဲ့နောက် လတ်တလောမှာ ကွတ်ခိုင်နမ့်ဖတ်ကာ နဲ့ မူဆယ်၁၀၅ မိုင်တွေဘက် စစ်တပ်က လေယာဉ်နဲ့ လာရောက်ပျံဝဲတာတွေ ပုံမှန်လုပ်ဆောင်လျက်ရှိတာကြောင့် ဒေသခံပြည်သူတစ်ချို့ လားရှိုးဘက်ကို တိမ်းရှောင်တာတွေလည်း ရှိနေတယ်လို့ ဒေသခံတွေ ဆီကနေ သိရပါတယ်။

By – ဂျာဘောက်ရာ

Show More

Related Articles

Back to top button