ဖားကန့် – ကားမိုင်းလမ်းပိုင်းမှာ ကားတစ်စီး ဒရုန်းဗုံးသီးထိမှန်လို့ ကားသမားတစ်ဦးသေဆုံး
ဖားကန့်မြို့နယ်ကိုဝင်ရောက်နိုင်တဲ့လမ်းကြောင်းတစ်ခုဖြစ်တဲ့ ဖားကန့်–ကားမိုင်းလမ်းပိုင်းက နန့်ယားကျေးရွာတစ်နေရာမှာတိုက်ပွဲကြောင့်ပိတ်မိနေတဲ့ကားတစ်စီး ဒရုန်းဗုံးသီးထိမှန်လို့ ကားသမားတစ်ဦးသေဆုံးခဲ့ရတယ်လို့ဒေသခံတွေကပြောပါတယ်။
မနေ့က ဩဂုတ်လ ၁၄ ရက်နေ့မွန်းလွှဲပိုင်းလောက်မှာ စစ်ကောင်စီတပ်နဲ့KIAပူးပေါင်းတပ်တွေအကြား နန့်ယားကျေးရွားတစ်ဝှိုက်တိုက်ပွဲပြင်းထန်ခဲ့ကြတာဖြစ်ပြီး ခရီးသွားကားတွေပိတ်မိနေခဲ့ကြချိန်မှာ အခုလိုဖြစ်စဥ်ဖြစ်ပွားခဲ့ရတာဖြစ်ပါတယ်။
ဒါ့အပြင်နောက်ထပ်ခရီးသွားသုံးယောက်ကလည်း ထိခိုက်ဒဏ်ရာတွေပြင်းပြင်းထန်ထန်ရရှိခဲ့တယ်လို့ ဒေသခံတစ်ဦးက KNG ကိုပြောပါတယ်။
“ကာမိုင်းလမ်းကြောပေါ်ပေါ့လေ ဒရုန်းဗုံးထိတာ။ ကားဆရာကတော့ဆုံးသွားတာဟုတ်တယ်။ ကျန်တဲ့နှစ်ယောက်ကတော့ဒဏ်ရာရတာ ဖားကန့်ကိုပို့တယ်တဲ့ တစ်ယောက်ကတော့ ပေါင်ကျိုးသွားတယ်။ နန့်ယားမှာပဲတဲ့အဲ့တစ်ယောက်က။ အားလုံးလေးယောက်ထိတာပေါ့”လို့ပြောပါတယ်။
တစ်ဖက်မှာ စစ်ကောင်စီက အဆိုပါသေဆုံးသွားတဲ့ယာဥ်မောင်းရဲ့ရုပ်အလောင်းကိုမနေ့ကတစ်နေ့လုံး အလောင်းကောက်ခွင့်မပေးခဲ့ဘူးလို့သိရပြီး ဒီကနေ့မနက်ပိုင်းမှသာ လူမှုကူညီရေးအသင်းအဖွဲ့တစ်ခုကရုပ်အလောင်းကိုလာကောက်သွားပြီဖြစ်ကြောင်းဒေသခံတွေကပြောပါတယ်။
ဒါ့အပြင် မနေ့ကတစ်ရက်တည်းမှာဘဲ ဖားကန့်မြို့ ရှရော်ခကျေးရွာတစ်နေရာက နေအိမ်ဝန်းထဲ စစ်ကောင်စီတပ်က ဒရုန်းနဲ့ဗုံးကြဲချခဲ့တာကြောင့် ၁၀ တန်းကျောင်းသားတစ်ဦးနဲ့အမျိုးသား ၄ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါသေးတယ်။
ပြီးခဲ့တဲ့ ဩဂုတ်လ ၁၃ ရက်နေ့ကလည်း အဲ့ဒီလမ်းပိုင်းမှာရှိတဲ့ လယ်တောတစ်ခုပေါ်ဒရုန်းဗုံးသီးကျလို့ လူငယ်အမျိုးသားတစ်ယောက်သေဆုံးခဲ့ရပြီး ဩဂုတ်လ ၁၂ ရက်နေ့ကလည်း ခရီးသည်ယာဥ်တစ်စီးမြေမြုပ်မိုင်းထိလို့ခရီးသွားတွေဒဏ်ရာရရှိခဲ့ပါတယ်။
ကျောက်စိမ်းမြို့တော်လို့ တင်စားခံရတဲ့ဖားကန့်မြို့ဟာ နှစ်ဖက်လက်နက်ကိုင်တပ်တွေအတွက် စစ်ရေးအရရောစီးပွားရေးအရပါအချက်အချာကျတဲ့ဒေသဖြစ်တယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူတွေကဆိုကြပါတယ်။
ဒါ့ကြောင့်ဖားကန့်မြို့ကို ပြီးခဲ့တဲ့မေလနောက်ဆုံးအပတ်ကစလို့ စစ်ကောင်စီတပ်နဲ့ရှမ်းနီပြည်သူ့စစ်တွေပူးပေါင်းပြီး ဝင်ရောက်လာခဲ့တာဖြစ်ပြီးကေအိုင်အေကလည်းသူတို့သိမ်းပိုက်ပြီးသားနေရာတချို့ကိုလက်လွှတ်ထားရပါတယ်။
တစ်ဖက်မှာဒီလာမယ့် ၂၀၂၅ ခုနှစ်နှစ်ဆန်းပိုင်းလောက်မှာ အာဏာသိမ်းစစ်ခေါင်းဆောင်ဗိုလ်ချုပ်မင်းအောင်လှိုင်ရည်ရွယ်ထားတဲ့ရွေးကောက်ပွဲကိုကျင်းပနိုင်ဖို့အတွက်နိုင်ငံတစ်ဝှမ်းမှာ သူတို့လက်လွှတ်ထားရတဲ့ မြို့တွေရွာတွေကိုပြန်လည်သိမ်းပိုက်ထိန်းချုပ်ဖို့ အရှိန်မြင့်ကြိုးပမ်းလာနေတာလို့နိုင်ငံရေးသုံးသပ်သူတွေကဆိုကြပါတယ်။
By – အမိုး



