ခေါင်လန်ဖူးမှာ ဆန်တစ်အိတ် ကျပ် ၅ သိန်းဝန်းကျင်အထိစျေးတက်
ကချင်ပြည်နယ် ပူတာအိုခရိုင် ခေါင်လန်ဖူးမြို့နယ်ဘက်ကို ကုန်ကားတွေသွားလာလို့မရသေးတာကြောင့် ဆန်တစ်အိတ်ကိုကျပ် ၅ သိန်းဝန်းကျင်အထိစျေးတက်နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ပထမ အပတ်ကတည်းကနေ ပူတာအို–ခေါင်လန်ဖူးကားလမ်းပိုင်းမှာမိုးသည်းထန်စွာရွာသွန်းခဲ့မှုကြောင့်လမ်းပိုင်းဆိုးဆိုးဝါးဝါးပျက်စီးခဲ့ပြီး ဒီကနေ့အထိပြန်လည်ပြုပြင်နိုင်ခြင်းမရှိသေးတဲ့အတွက် ကုန်ကားအဝင် ရပ်တန့်နေတာလို့ ခေါင်လန်းဖူးမြို့ခံအမျိုးသားတစ်ဦး KNG ကိုပြောပါတယ်။
“ဆန်ကပြတ်နေတာတော့မဟုတ်ဘူး ဝင်တော့ဝင်တယ်။ ဒါပေမယ့်ကားနဲ့မဟုတ်ဘူးဆိုင်ကယ်နဲ့တစ်ဆင့်ပြန်သယ်ရတာ။ ရီဒမ်ကနေဆိုင်ကယ်နဲ့ပြန်သယ်ရတော့တန်ဆာခတွေကယ်ရီခတွေနှစ်ဆင့်သုံးဆင့်ဖြစ်တယ်လေ။ အဲ့ကြောင့်အခုက တစ်အိတ်ကို ၅ သိန်းဝန်းကျင်ရှိတယ် ကုန်ကားမှမဝင်တော့ပဲ”လို့ အသက် ၃၀ ကျော်အရွယ်အထက်ဖော်ပြပါအမျိုးသားကပြောပါတယ်။
ကားလမ်းမပျက်မှီ ခေါင်လန်ဖူးမှာဆန်တအိတ်အမြင့်ဆုံးစျေး ကျပ် ၃၀၀၀၀၀ (သုံးသိန်း)အထိသာရှိပြီး ကားလမ်းပျက်ပြီးနောက်မှာတော့ တန်ဆာခတွေမြင့်တက်နေတာကြောင့် ဆန်တအိတ် စျေး ကျပ် ၄၀၀၀၀၀ (လေးသိန်း)
ကနေ ကျပ် ၅၀၀၀၀၀ (ငါးသိန်း)အထိ ဆန်အမျိုးအစားပေါ်မူတည်ပြီးစျေးတက်နေတယ်လို့သိရပါတယ်။
ပူတာအိုကနေ ရီဒမ်းဂိတ်အထိ ကားတင်ခ ဆန်တအိတ်ကျပ် ၈၀၀၀၀ (ရှစ်သောင်း) ရီဒမ်းဂိတ်ကနေ ခေါင်လန်ဖူးမြို့အထိ ဆိုင်ကယ်တင်ခ ဆန်တအိတ် ကျပ် ၆၅၀၀၀ ( ခြောက်သောင်းခွဲ)အထ်ိရှိတယ်လို့သိရပါတယ်။
“ဆန်ကအိတ်ပြည့်ဆိုရင်ကယ်ရီခက တစ်အိတ်ကို ခြောက်သောင်းခွဲ ဆိုင်ကယ်တစ်စီးကတစ်ခေါက်ကိုအများဆုံးသုံးအိတ်ကတော့တင်လာကြတယ်”လို့ ခေါင်လန်းဖူးဒေသခံအမျိုးသမီးတစ်ဦးကပြောပါတယ်။
ခေါင်လန်ဖူးဘက်ကုန်ကားအဝင် တွေရပ်တန့်နေတာကြောင့် ဆန်စျေးတွေအဆမတန်မြင့်တက်နေသလို တစ်ခြားအခြေခံစားစားသောက်ကုန်တွေဖြစ်တဲ့ စားသုံးဆီ၊ ဆား၊ကြက်သွန်နီ/ဖြူစျေးနှုန်းတွေလည်းအဆမတန်မြင့်တက်နေပြီး တစ်ချို့စားသောက်ကုန်တွေလည်းအဝင်မရှိပဲပြတ်တောက်နေတယ်လို့သိရပါတယ်။
ခေါင်လန်ဖူး–ပူတာအိုကကားလမ်းပိုင်းရှိ ရီဒမ်းဂိတ်နဲ့ ခေါင်လန်းဖူးကြားမှာ ဒီနှစ် မတ်လမှာတစ်ကြိမ် လမ်းပိုင်းမြေပြိုမှုဖြစ်ခဲ့ပြီး ဒေသခံတွေပြန်လည်ပြုပြင်ခဲ့ပေမယ့် ယင်းနေရာမှာထပ်ပြိုခဲ့တာကြောင့် မိုးရာသီကုန်မှသာ ပြုပြင်နိုင်တော့မှာဖြစ်တယ်လို့ သိရပါတယ်။
ဒီလမ်းပိုင်းဟာ ခေါင်လန်ဖူးဒေသအတွက် တစ်ခုတည်းသော ကုန်စည်စီးဆင်းရာလမ်းကြောင်းလည်းဖြစ်ပါတယ်။
ပူတာအို – ခေါင်လန်းဖူး ကားလမ်းပိုင်းဟာမြေသားလမ်းဖြစ်တာကြောင့် ပုံမှန်အချိန်တွေမှာလည်း ခက်ခက်ခဲခဲသွားလာနေရတဲ့လမ်းပိုင်းဖြစ်ပါတယ်။
ခေါင်လန်းဖူးနဲ့အလားတူ နောင်မွန်မြို့နယ်ထဲမှာလည်း ပြီးခဲ့တဲ့ ဇွန်လပိုင်းက မိုးရွာသွန်းမှုကြောင့်ကျေးရွာချင်းဆက်တံတားကြီး ၅ စင်းနဲ့လမ်းပိုင်းအများအပြားပျက်စီးခဲ့ပြီးတချို့နေရာတွေမှာဒီကနေ့အထိအသွားအလာပြတ်တောက်နေဆဲ လို့သိရပါတယ်။
By – Zaw Zaw



