ဆောင်းပါး

မြစ်ကြီးနားမြို့ရဲ့ မူးယစ်ဆေးဝါးဈေးတန်းအကြောင်း တစ်စေ့တစောင်း

Hope ရေးသားသည်။

“‌‌ရောင်းတဲ့သူတွေမှာ ဖြေဆေးရှိပြီးသား ရှော့ဖြစ်ပြီဆိုတာနဲ့ သူတို့ဆီကပါတဲ့ဆေးထိုးပေးလိုက်တာ

ဒါကတော့ ဘိန်းဖြူထိုးလို့ ရှော့ဖြစ်ရင်‌တောင် ဖြေဆေးကို အထူးဝန်ဆောင်မှုအ‌နေနဲ့‌ထိုးပေး နေတဲ့ ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ရမ်ပူရပ်ကွက်နဲ့ခေမာသီရိရပ်ကွက်က အခြေနေကို ရပ်ကွက်နေ ပြည်သူတစ်ဦး ပြောတာပါ။

အာဏာသိမ်းပြီး ၄ နှစ်နဲ့မှ ၈ လကျော်အကြာ ကာလအတွင်း ရိုက်ခတ်ခဲ့တဲ့ နိုင်ငံရေးအခြေအနေတွေက တစ်တိုင်းပြည်လုံးကိုသာမက မြစ်ကြီးနားမြို့ကိုလည်း မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲမှု အမြင့်မားဆုံးမြို့ ဖြစ်စေခဲ့ပါတယ်။

မြစ်ကြီးနားမြို့ရဲ့ မူးယစ်ဆေး ရောင်းဝယ်သုံးစွဲနေကြတဲ့ အခြေနေကို မညာတမ်း ပျစ်ပျစ်နှစ်နှစ်‌ ထောက်ပြရမယ်ဆိုရင် မြို့ပေါ်ရပ်ကွက် ၃၃ ကွက်ရှိတဲ့ထဲက ရမ်ပူရပ်ကွက်နဲ့ခေမာသီရိရပ်ကွက်က အဆိုးရွားဆုံးဖြစ်တယ်လို့ ဆိုနိုင်ပါတယ်။ 

ရမ်ပူရပ်ကွက်ထဲမှာမှ နယ်မြေ ၂၁၊ ၂၃ အပြင် ခေမာသီရိရပ်ကွက်ထဲက ခေမာသီဝန်‌ကျောင်းဘေးလမ်းကြားနေရာတွေဟာ မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲမှုအများဆုံးတွေ့ရတာဖြစ်တဲ့အတွက် ဒီနေရာတွေကို ( မူးယစ်ဆေး ‌‌ဈေးတန်း)လို့ ပြောကြပါတယ်။ 

ဒီနေရာမှာ ရောင်းသူ၊ ဝယ်သူစုံသလို ဆေးဝယ်လို့ရပြီဆိုတာနဲ့ ထိုးတာ၊ ရှုတာတွေကိုလည်း လွတ်လွတ်လပ်လပ်လုပ်လို့ရတယ်လို့ သိရပါတယ်။

တစ်ခါတစ်လေထိုးမှားတာမျိုးရှ်ိရင်တောင် ရောင်းတဲ့သူဘက်က ဝန်ဆောင်မှုသဘောနဲ့ ဖြေဆေးတွေလည်း ချက်ချင်းထိုး ပေးတယ်လို့ ဆိုပါတယ်။ 

ပြီးတော့ ဒီရပ်ကွက်ရဲ့လမ်းနဘေးဝဲယာတစ်လျှောက်ဆိုရင် အုပ်စုဖွဲ့ရောင်းဝယ်နေကြပြီး အုပ်စုတစ်ခုမှာကို အနည်းဆုံး ၁၀ ဦးထက်မနည်းရှိနေတတ်ကြသလို ပွဲဈေးတန်းသဖွယ်စည်ကားတယ်လို့ ရပ်ကွက်နေပြည်သူတွေ ဆိုပါတယ်။

ဒီဈေးတန်းလျားထဲ တစ်ခါမှ မမြင်ဖူး၊ မတွေ့ဖူးတဲ့မျက်နှာစိမ်းတွေဆိုကားကြီးကွင်းထဲ ခရီးသည်ကားရောက်ချိန် ခရီးသည်တွေကို ကယ်ရီသမားတွေ ဆွဲလုကြသလိုကို သူ့ထက်ငါ ဦးအောင်ရောင်းနိုင်ဖို့ အတင်းအဓမ္မလိုက်ရောင်းတာ၊ အလုအယက် ရောင်းနေကြတယ်လို့ သိရပြီးတော့ အဲဒီမျက်နှာစိမ်းလူသစ်တွေက သူတို့နဲ့ ပြဿနာဖြစ်တာ၊ အဆင်မပြေတာရှ်ိရင် အကုန်ဝိုင်းရိုက်ကြတာမျိုးတွေလည်းရှိတဲ့အတွက် ဒဏ်ရာအကြီးအကျယ်ရသွားတဲ့သူ‌တွေလည်း ရှိဖူးတယ်လို့ ဆိုပါတယ်။

လူကောင်းတွေက အလုပ်ကပြန်လာ သူတို့တွေနဲ့ တစ်ခုခုညှိလိုက်လို့ရှိရင်လည်း အဆင်မပြေရင်ဝိုင်းရိုက်တာ။ ဟိုတစ်ခေါက် ကျွန်တော်လက်တွေ့ဗျာ လူတစ်ယောက်ကို ဝိုင်းရိုက်တာ ပိုးစိုးပက်စက်ရိုက်တာ ဝင်ထိုးဝင်ရိုက်တာ အုပ်စုလိုက်ကြီး ဘယ်ကထွက်လာမှန်းမသိဘူး ။ အဲအချိန်က ရာဂဏန်းရှိတယ်လို့ရမ်ပူရပ်ကွက်က အမျိုးသားတစ်ဦးဆိုပါတယ်။

မြစ်ကြီးနားမြို့တွင်း ရပ်ကွက်တစ်ခုမှာ မူးယစ်ဆေးဝါးသုံးစွဲနေတဲ့ အမျိုးသားတစ်ဦး

လက်ရှိ အဲဒီမူးယစ်ဆေးရောင်းတဲ့ ဈေးတန်းမှာ ဘိန်းဖြူဆပ်ပြာခွက်တစ်ခွက်ကို ၅ သိန်းကျပ်တန်ဖိုး ဝန်းကျင်ရှိတယ်လို့သိရပြီး ဝယ်ယူသူတွေအနေနဲ့ကတော့ ၅ ထောင်၊ တစ်သောင်းဖိုးနဲ့ ဝယ်ယူလို့ရတယ်လို့ သိရပါတယ်။

ဒီ‌မူးယစ်ဆေးရောင်းဝယ်တဲ့နေရာ (ဈေးတန်း)မှာ၂၄ နာရီလုံးလုံးရောင်းဝယ်နေကြတယ်လို့ သိရပြီးတော့ မနက်ပိုင်းအလုပ်သွားချိန်၊ နေ့လည်ထမင်းစားချိန်၊ ညနေ အလုပ်ဆင်းချိန်စတဲ့ အချိန်တွေမှာတော့ ဝယ်သူတွေပိုများသလို ရောင်းအားအကောင်းဆုံးအချိန်နဲ့လူစည်ကား‌ဆုံးဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့ကြောင့် အဲဒီအချိန်တွေမှာ လမ်းတွေပိတ်နေတဲ့အထိဖြစ်တတ်ပြီး ဟွန်းသီးပြီးမှ မနည်းလမ်းဖယ်ခိုင်းရတယ်လို့ သိရပါတယ်။

ဝယ်ယူသူတွေထဲမှာတော့ ကချင်လူငယ်တွေကို အများဆုံးတွေ့ရတယ်လို့ သိရပြီး အရွယ်ပေါင်းစုံ အလွှာပေါင်းစုံ ပါဝင်နေတာကို တွေ့နေရတယ်လို့ ပြောပါတယ်။

ရောင်းတဲ့သူတွေထဲမှာတော့ မိန်းကလေးတွေကိုပါ တွေ့နေရပြီး အဲဒီအနီးနားပတ်ဝန်းကျင်က မူးယစ်ဆေးထိုးသွင်းပြီး ရှော့ဖြစ်တဲ့သွားတဲ့သူတွေကို ဖြေဆေးတွေပြန်ထိုးပေးတဲ့ ဝန်ဆောင်မှုကို ရောင်းတဲ့သူတွေကနေပြီးတော့ ပြန်လည် လုပ်ဆောင်ပေးတယ်လို့ ရမ်ပူ ဒေသခံ အမျိုးသားတစ်ဦးက ခုလိုပြောပါတယ်။

သူတိုက ဖြေဆေးရှိတယ် တစ်ခါတည်း လာထိုးပေးတာ။ ရောင်းတဲ့သူတွေမှာရှိတယ်။ လှဲနေပြီဆိုရင် သူတို့ကရှော့ဖြစ်ပြီဆိုရင် သူတို့ဆီကပါတဲ့ဆေး ထိုးပေးလိုက်တာ အဲတာနဲ့ ပြန်လန်းသွားတာပေါ့လို့ ရမ်ပူဒေသခံ မိဘပြည်သူတစ်ဦးက ပြောပါတယ်။

ရမ်ပူရပ်ကွက်နဲ့ ခေမာသီရိ ရပ်ကွက်တွေမှာ မူးယစ်ဆေးဝါးရောင်းဝယ်မှုတွေကို တရားဝင်ခွင့်ပြုထားပုံရပြီး ကျားထိုး(ကျားကွက်)ကစားရင်းရောင်းနေသူတွေရှိသလို မူးယစ်ဆေးဝါးသုံးစွဲသူတွေစားတတ်တဲ့ မုန့်ပဲသရေစာတွေရောင်းချနေသူတွေလည်း ရှိတယ်လို့ သိရပါတယ်။ 

ဒါ့အပြင် မူးယစ်ဆေးအသုံးပြုသူတွေဟာ လူသွားလူလာမရွေး အများသူဌာအိမ်ရှေ့ပေါ်ပေါ်တင်တင် ရောင်းဝယ်နေကြသလို ပုဆိုးတွေလှန်ပြီး ထိုးသွင်းနေကြတယ်လို့ ရမ်ပူဒေသခံ အမျိုးသားတစ်ဦးက ခုလိုထပ်ပြောပါတယ်။

အိမ်တံခါး မဖွင့်ရဲဘူး ရောက်တာနဲ့ ပိတ်ပြီ။ မဖွယ်မရာတွေ့နေရတာလေ။ မတ်တပ်ကြီးရပ်ပြီးတော့ ပေါင်ကွကြားထိုးနေတော့ သူတို့မှာက သားတွေသမီးတွေရှိတယ်လေ အဲဒီလိုကို ဆိုးနေတာ အခြေအနေကလို့ဆိုပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ဩဂုတ်လကဆိုရင် ပရဟိတသမားတွေနဲ့ ရပ်ကွက်နေ ပြည်သူတချို့ ပူးပေါင်းပြီး ရပ်ကွက်တွင်းမူးယစ်ဆေးဝါးနှိမ်နှင်းဖို့ လုပ်ခဲ့ပေမယ့်လည်း ဝိုင်းအရိုက်ခံရတဲ့အတွက် ပရဟိတသမား ခေါင်းဆောင်တစ်ယောက် ဘုန်းကြီးကျောင်းဝင်းထဲ ထွက်ပြေးခဲ့ရတယ်လို့ သိရပါတယ်။

ရမ်ပူရပ်ကွက်နဲ့‌ ခေမာသီရိရပ်ကွက်ဟာ အမှတ် () ရဲစခန်းအနီးဝန်းကျင်ရှိရပ်ကွက်တွေဖြစ်ပါတယ်။

ဒါပေမယ့် ဒီရပ်ကွက်တွေက ခုလိုမူးယစ်ဆေး ပေါ်ပေါ်တင်တင်လုပ်နေတာကို သက်ဆိုင်ရာအုပ်ချုပ် ရေးအဖွဲ့နဲ့ ရဲတွေမျက်ကွက်ပြုထားမှန်း သိသာတယ်လို့ ပြောဆိုနေကြပါတယ်။

ဖမ်းခံရလည်း ရဲစခန်းမရောက်ဘူး လမ်းမှာတင်ဖြေရှင်းလိုက်တာတဲ့။ သိန်း ၃၀၀ တောင်းတာ သိန်း၂၀၀နဲ့ ပြေလည်သွားတယ်တဲ့ ကဲဘယ်လိုလုပ်ကြမလဲ ကျွန်တော်တို့ကလို့ဆိုပါတယ်။

ရမ်ပူရပ်ကွက်ဟာ မူးယစ်ဆေးဝါး‌ရောင်းဝယ်တဲ့ဈေးကွက်အပြင် မူးယစ်ဆေးသမားတွေ ယူလာတဲ့၊ ခိုးလာတဲ့ပစ္စည်းစုံလင်စွာရောင်းချနိုင်တဲ့ ဈေးကွက်တစ်ခုလည်း ဖြစ်နေပါတယ်။ 

မူးယစ်ဆေးဝါးသုံးစွဲတဲ့ အမျိုးသားနှစ်ဦး

ခိုးရာပါပစ္စည်းတွေဖြစ်တဲ့ ရေမော်တာ၊ ဆိုင်ကယ်၊စက်ဘီးအပြင် ကြက်နဲ့ တစ်ခြားပစ္စည်းတွေစုံလင်စွာ ရောင်းချနေကြပြီး ရတဲ့ပိုက်ဆံနဲ့ မူးယစ်ဆေးဝါးတွေကို ပြန်လည် ဝယ်ယူအသုံးပြုနေတာဖြစ်တယ်လို့ ခုလို ဆက်ပြောပါတယ်။

ခိုးလာတဲ့ပစ္စည်းတွေထဲမှာ ကြက်တောင်ပါတယ်။ လုံချည် ပုဆိုးပါတယ်ဗျာ အသစ်လေးတွေ ဘယ်ကနေ ဘယ်လိုရလဲမသိ အဲလိုတွေကအစ နေ့တိုင်းလို တွေ့နေရတာ တော်တော်စုံတယ် ပစ္စည်းတွေက နိုင်တဲ့ဟာအကုန်ဆွဲခဲ့တာ ။ ဟိုဟာဗျာ ဆိုင်းဘုတ်တပ်ပြီး မရောင်းရုံတမယ်ပါဘဲလို့ဆိုပါတယ်။

မူးယစ်ဆေးဝါးရောင်းချသူတစ်ချို့ကတော့ အိမ်မပိုင်တဲ့ဘဝကနေ မျက်စိတစ်မှိတ်အတွင်း အိမ်ပိုင်၊ ကားပိုင် ဖြစ်သွားကြတယ်လို့ဆိုပါတယ်။

တစ်ဖက်မှာလည်း ခုလိုမူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲသူတွေဟာ ဆေးထိုးအပ်တွေကို စည်းကမ်းမဲ့စွာ ပစ်ထားကြတဲ့အတွက် ရပ်ကွက်နေပြည်သူတွေဟာ ကူးစက်ရောဂါအန္တရာယ် စိုးရိမ်ရပြီး ဆေးထိုးအပ်တွေကို အမြဲရှင်းလင်းနေရတယ်လို့လည်းဆိုပါတယ်။

ဒါကြောင့် အရပ်သားပြည်သူတစ်ချို့ကတော့ သားသမီးတွေအတွက် စိုးရိမ်ပူပန်လာတဲ့အတွက် ပြောင်းရွှေ့ဖို့ အထိပါ ပြင်ဆင်လာကြတာဖြစ်ပါတယ်။

ဒီတိုင်းကြီးပဲဆိုရင်တော့ မနေချင်တော့ဘူး။ ကျွန်တော်က သားမွေးထားတာဆိုတော့ နေ့အတူတကွ မြင်နေရတော့ ဒါကြီးက ကလေးတွေအတွက် ရေရှည်မကောင်းဘူး။ သမီးရှင်တွေဘဲ မွေးထားတဲ့သူတွေအတွက်လည်း မကောင်းပါဘူး ဘယ်လို ဖြစ်ဖြစ်။ တခြားသူတော့ မသိဘူး။ ကျွန်တော်ကတော့ ဒီနှစ်ကုန် ပွင့်လင်းရာသီဆို ရောင်းပြီး ရွှေ့နေဖို့တောင် စိတ်ကူးထားတာလို့ဆိုပါတယ်။

ကချင်ပြည်နယ်မှာ စစ်ကောင်စီ အာဏာမသိမ်းခင်က ကချင်တိုင်းရင်းသားတွေ ဖွဲ့စည်းထားတဲ့ မူးယစ်ဆေးဝါးတိုက်ဖြတ်ရေးအဖွဲ့ (Pat Jasan) ရှိခဲ့ပြီး မူးယစ်ဆေးဝါးတိုက်ဖြတ်မှုတွေကို အင်တိုက်အားတိုက်လုပ်လုပ်ခဲ့သလိုမူးယစ်ဆေးဝါးဆေးစွဲနေတဲ့ သူတွေကိုလည်း ဘိန်းဖြတ်စခန်းက တစ်ဆင့် ဘိန်းဖြတ်ပေးတာတွေကိုပါ လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း အာဏာသိမ်းပြီးနောက်မှာတော့ စစ်တပ်ကနေပြီးတော့ လူအုပ်စုဖွဲ့တာကို တားမြစ်မှုတွေ ပြုလုပ်လာတဲ့အတွက် အရင်လို မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲသူတွေကို ဖမ်းဆီးဖို့ ပိုမိုခက်ခဲလာတယ်လို့ မူးယစ်ဆေးဝါးတိုက်ဖြတ်ရေးအဖွဲ့ (Pat Jasan) အဖွဲ့မှာ ပါဝင်လှုပ်ရှားခဲ့ဖူးတဲ့ အဖွဲ့ဝင်ဟောင်း အမျိုးသားတစ်ဦးက ခုလိုပြောပြပါတယ်။

နိုင်ငံရေးမကောင်းတော့တဲ့အတွက် Pat Jasan နဲ့ ပက်သက်တဲ့ လှုပ်ရှားမှုတွေတော့ လုံးဝမရှိတော့ဘူး။ ဒါကြောင့် ထိုးတာတွေ ဘာတွေက ပိုများလာတာပေါ့။ ဒါပေမယ့်လည်း အရင်တုန်းကလည်း ပရမ်းပတာတော့ မဖြစ်တော့ဘူးလို့ ဆိုပါတယ်။

Pat Jasan အဖွဲ့ဝင်ဟောင်းရဲ့ ပြောပြချက်အရ ၂၀၂၃၊ ၂၀၂၄လောက်ကစပြီး တခြားရပ်ကွက်တွေမှာ မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲမှုတွေ သိသိသာသာလျှော့နည်း သွားပေမယ့် ရမ်ပူ ရပ်ကွက်နဲ့ ခေမာသိရိရပ်ကွက်မှာတော့ သိသိသာသာ မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲသူတွေ ပိုများပြားလာတာကို တွေ့ရပါတယ်။

မူးယစ်ဆေးဝါးသုံးစွဲသူတွေကို ရပ်ကွက်လမ်းကြားထဲမြင်တွေ့ရပုံ

ဒီအခြေအနေ နှစ်ခုကို နှိုင်းယှဉ်သုံးသပ်ကြည့်ပါက တစ်ခြားရပ်ကွက်က မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲသူတွေဟာ ရမ်ပူရပ်ကွက်နဲ့ ခေမာသိရိရပ်ကွက်ဘက်ကို ပြန်လည်ပြောင်းရွှေ့သွားပုံ ရတယ်လို့ ဆက်ပြောပါတယ်။

ရမ်ပူရပ်ကွက်မှာ မူးယစ်ဆေးဝါးပြဿနာက ယခင်အာဏာမသိမ်းခင်က မရှိသလောက်ရှိသွားပြီ ဖြစ်ပေမယ့်လည်း အာဏာသိမ်းပြီးနောက်မှာတော့ တရားဝင်ရောင်းဝယ်ခွင့် ပြုထားတာ ဖြစ်တဲ့အတွက် ခုလိုဆိုးရွားတဲ့ အခြေအနေကို ရောက်ရှိနေတာ ဖြစ်တယ်လို့ NBPDFအဖွဲ့ရဲ့ တာဝန်ခံ ခုလိုပြောပါတယ်။

ဒီမူးယစ်ဆေးဝါးဆိုတာကလည်း စကစနဲ့ ဆက်နွယ်တဲ့ သူတို့အနွယ်ထဲက သူတို့နဲ့ ပက်သက်တဲ့ ခရိုနီတို့ မှောင်ခိုလမ်းကြောင်းသမားတွေပေါ့ဗျာ သူတို့ဆီကနေဘဲ လာတာပါ သူတို့က လက်ကြီးသမားတွေပေါ့ သူတို့ဆီကနေ ကုန်သည် ကိုယ့်မြို့ထဲက လက်လီသမားတွေကို ပြန်လည်ရောင်းချတာပေါ့လို့ ဆိုပါတယ်။

ကုလသမဂ္ဂမူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှုနှိမ်နင်းရေးအဖွဲ့ (UNODC) ၂၀၂၄ ဒီဇင်ဘာ၁၂ရက်နေ့ရဲ့ ထုတ်ပြန်ချက်မှာ‌တော့ မြန်မာနိုင်ငံဟာ ၂၀၂၃ ခုနှစ်ထက် ဘိန်းစိုက်ပျိုးထုတ်လုပ်မှု ၄ ရာခိုင်နှုန်း ကျဆင်းခဲ့ပေမယ့်လည်း ကမ္ဘာ့ဘိန်းစိုက်ပျိုးထုတ်လုပ်မှု အများဆုံးနိုင်ငံအဖြစ် ဆက်လက်ရပ်တည် နေတယ်လို့ ဖော်ပြထားပါတယ်။။

ဒါ့အပြင် မြန်မာနိုင်ငံမှာ ဒီနှစ်အတွင်း ဘိန်းစိုက်ပျိုးတဲ့ ဧရိယာ ၄၅,၂၀၀ ဟက်တာ ရှိခဲ့ပြီး ရှမ်းပြည်နယ်မှာတော့ ဘိန်းစိုက်ပျိုးထုတ်လုပ်မှု ၈၈ရာခိုင်နှုန်းလောက်ရှိပြီး တစ်နိုင်ငံလုံးမှာ အများဆုံးဖြစ်တယ်လို့ သိရပါတယ်။

အဲဒီနေရာဒေသတွေမှာ သက်ဆိုင်ရာလက်နက်ကိုင်တွေကနေပြီးတော့ တင်းကြပ်စွာအရေးယူမှုတွေ ပြုလုပ်တဲ့အတွက် စိုက်ပျိုးတဲ့နေရာဖြစ်နေမေပယ့် သုံးစွဲသူအနည်းငယ်ဘဲ ရှိနေတာ ဖြစ်ပါတယ်။

ခုလိုမူးယစ်‌ဆေး ရောင်းဝယ်သုံးစွဲသူများလာတဲ့အမျှ ခိုးဆိုးလုယက်မှုကလည်း ပိုဆိုးလာပါတယ်။

မူးယစ်ဆေးဝါးသုံးစွဲသူတွေ စွန့်ပစ်ထားတဲ့ ပစ္စည်းကိရိယာများ

မြစ်ကြီးနားမြို့မှာပြီးခဲ့တဲ့ နှစ် ၂၀၂၄ ဇွန်လ ၃ရက်နေ့တုန်းကလည်း ရမ်ပူရပ်ကွက် လမ်းသွယ်၂၁၊ ၂၃ မှာရှိတဲ့ ရွှေမင်းသမီးအမည်ရှိတဲ့ ရွှေဆိုင်ကို သေနတ်ကိုင်ထားတဲ့ လူငယ် ၃ ဦးက ဓားပြတိုက်သွားခဲ့ပေမယ့် လက်ရှိချိန်ထိ မဖမ်းဆီးနိုင်သေးဘူး ဖြစ်ပါတယ်။

KNG စုစည်းထားတဲ့စာရင်းအရ မြစ်ကြီးနာမြို့မှာ ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှာ ခိုးဆိုးလုယက်မှု ၈ ကြိမ်၊ဖေဖော်ဝါရီလ ၁၄ ကြိမ်၊ မတ်လ ၁၀ ကြိမ်နဲ့ ဧပြီလ ၁၂ ကြိမ်၊မေလ ၆ ၊ ဇွန် ၅ ကြိမ်၊ ဇူလှိုင်လ ၄ကြိမ်နဲ့ ဩဂုတ်လမှာတော့ ၅ကြိမ်ဖြစ်ပွားခဲ့ပြီး သေဆုံးသူ၁ဦးရှိခဲ့တာ ဖြစ်ပါတယ်။

ဒီအချက်အလက်တွေဟာ ဒေသအခြေစိုက်လူမှုကယ်ဆယ်ရေးအသင်းတွေနဲ့ ဒေသခံတွေဆီကနေ ဆက်သွယ်မှုအခက်အခဲကြားက လက်လှမ်းမှီသလောက် ကောက်ယူရရှိထားတာ ဖြစ်တဲ့အတွက် မြေပြင်အခြေအနေမှာတော့ အနည်းငယ် ကွဲလွဲမှုရှိနေနိုင်ပါတယ်။

ကချင်ပြည်နယ်ရဲ့မြို့တော် မြစ်ကြီးနားမြို့ဟာ စစ်တပ်က အပြည့်အဝထိန်းချုပ်နယ်မြေဖြစ်တဲ့အတွက် ဒီမူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲသူတွေကို ထိထိရောက်ရောက်အရေးယူဖမ်းဆီး မပြုပဲ မျက်ကွယ်ပြု‌နေတဲ့ စစ်ကောင်စီခန့် ကချင်ပြည်နယ်အစိုးရအပေါ် ပြည်သူတွေကြားဝေဖန်မှုတွေမြင့်တက်နေပါတယ်။

By – Hope

Show More

Related Articles

Back to top button