ပညာရေးဝန်ထမ်းတွေ မချပေးတာကြောင့် လဟယ်မြို့နယ်အတွင်း စာသင်ကျောင်းအချို့ မဖွင့်နိုင်သေး
စစ်ကိုင်းတိုင်း၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသထဲက လဟယ်မြို့နယ်ထဲမှာ စစ်ကောင်စီက ပညာရေးဝန်ထမ်းတွေ မချပေးတာကြောင့် စာသင်ကျောင်းအချို့ ပိတ်ထားရတယ်လို့ သိရပါတယ်။
လဟယ်မြို့နယ် အနောက်ဘက်ခြမ်းရှိ ကျေးရွာပေါင်း ၁၀ ရွာနီးပါးမှာ ၂၀၂၅–၂၀၂၆ ပညာသင်နှစ်အတွက် ကျောင်းဆရာ/မ တွေ မချပေးတာကြောင့်စာသင်ကျောင်းတွေ ပိတ်ထားရပြီး ကလေးပညာရေးသင်ကြားခွင့် ဆုံးရှုံးနေရကြောင်း လဟယ်မြို့ခံ အသက် ၃၀ ကျော်အရွယ် အမျိုးသားတစ်ဦးက KNG ကို ပြောပါတယ်။
“အနောက်ဘက်ခြမ်းကရွာတွေများတယ် KG တန်းအဆင့်အထိပဲ ဖွင့်နိုင်တယ်တဲ့မူလတန်းတွေ ၊အလယ်တန်းတွေကမဖွင့်နိုင်းဘူး ကျောင်းဆရာ/မ တွေ မလာကြဘူး စာသင်နှစ်စကတည်းက မဖွင့်နိုင်တာ ခုထိပဲ”လို့ သူကပြောပါတယ်။
ပညာရေးဝန်ထမ်းတွေ မရှိတာကြောင့် လောနောက်ကုန်းရွာ၊ ထန်ခေါနောက်ကုန်းရွာ၊ ယမ်းကျိန်ရွာ၊ ကားရော်ညဆာရွာတွေအပါ ရွာပေါင်း ၁၀ ရွာနီးပါးက စာသင်ကျောင်းတွေဟာ ပညာသင်နှစ်အစ ကတည်းကပိတ်ထားရပြီး ကျောင်းသားကျောင်း ၅၀၀၀ ဦး ထက်မနည်း ပညာသင်ခွင့်ဆုံးရှူံးနေရကြောင်းသိရပါတယ်။
“မူလတန်းနဲ့ အလယ်တန်းကျောင်းတွေပဲဆိုတော့ ဒီကလေးတွေက မိဘမပါပဲ မြို့ပေါ်သွားထားလို့လည်းမဆင်မပြေဘူးလေ ကလေးတွေဆိုတော့ ကိုယ့်ရပ်ကိုယ့်ရွာမှာလေးကျောင်းက မဖွင့်နိုင်ဆိုတော့ ကလေးတွေကျောင်းမတက်ပဲ ဒီတိုင်းလွတ်ထားနေရတာဆုံးရှူံးမှုတော့ အများကြီးရှိတာပေါ့”လို့ လဟယ်မြို့ခံ အခြားအမျိုးသားတစ်ဦးက ပြောပါတယ်။
လဟယ်မြို့နယ်ဟာ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေ ဆိုပေမယ့် ပညာရေးကဏ္ဍကိုတော့ စစ်ကောင်စီ ပညာရေးဝန်ကြီးဌာနက တိုက်ရိုက်စီမံ ခန့်ခွဲပေးတာ ဖြစ်ပြီး ဗဟိုကနေ ကျောင်ဆရာ/မ တွေမချပေးတာလို့ သိရပါတယ်။
“ကိုယ်ပိုင်အုပ်ချုပ်ခွင့်တော့ ဟုတ်ပေမယ့် ဒီလိုပညာရေးကဏ္ဍ တွေကိုတော့ ပြည်ထောင်စုပေါ့ ပညာရေးဝန်ကြီးဌာနကပဲ စီမံပေးတာပါ ဘာလို့မချပေးတာလဲတော့မသိဘူး ကျောင်းဆရာ/မ တွေမလုံလောက်လို့ မချပေးတာလား ဘာကြောင့်လဲဆိုတော့ ကျနော်တို့လည်းနားမလည်ဘူး”လို့ အထက်ဖော်ပြပါအထက်သုံးဆယ်ကျော်အအရွယ်အမျိုးသားကပြောပါတယ်။
လက်ရှိပိတ်ထားတဲ့စာသင် ကျောင်းတွေဟာ ၂၀၂၄–၂၀၂၅ ပညာသင်နှစ်အထိ ပုံမှန် မနှစ်က ပညာသင်နှစ်မှာ တာဝန်ထမ်း ဆောင်ခဲ့တဲ့ ကျောင်းဆရာ/မ တွေ အခြားဒေသကိုအပြောင်းကျသွားပြီးနောက် ပညာရေးဝန်ထမ်းအသစ်တွေ ထပ်မရောက်လာသေးတာကြောင့် အခုလိုကျောင်းပိတ်ထားရ ခြင်းဖြစ်တယ်လို့သိရပါတယ်။
ပိတ်ထားရတဲ့ကျောင်းတွေဟာတော့မြို့နဲ့ အလှမ်းဝေးပြီး လမ်းပမ်းဆက်သွယ်ရေးခက်ခဲကာ သွားလာရခက်ခဲတဲ့ဒေသတွေ ဖြစ်ကြောင်းသိရပါတယ်။
အလားတူဟလယ်မြို့နယ်ရဲ့အထက်ဘက် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ လေရှီးမြို့နယ်တွေထဲကကျေးရွာအချို့မှာလည်း ပညာရေးဝန်ထမ်း တွေမချပေးတာကြောင့် လက်ရှိအချိန်အထိ မဖွင့်နိုင်သေး တဲ့စာသင် ကျောင်းတွေ အများအပြား ရှိနေသေးကြောင်းသိရပါတယ်။
လဟယ်မြို့နယ်ထဲမှာတော့ ကျေးရွာပေါင်း ၁၂၀ ကျော်အထိရှိတာဖြစ်ပါတယ်။
၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ပုဒ်မ ၅၆ (ခ) အရ စစ်ကိုင်းတိုင်းဒေသကြီးထဲက လဟယ်၊ လေရှီးနဲ့နန်းယွန်းစတဲ့ သုံးမြို့နယ်ကို နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်သတ်မှတ်ပေးခဲ့တာ ဖြစ်ပါတယ်။
By-Zaw Zaw



