စစ်တပ်နဲ့ လက်တွဲပြီး KIA နဲ့ PDF များကို ချေမှုန်းသွားမယ်လို့ ဝါရာဇွပ်ပြည်သူ့စစ်အဖွဲ့ ပြော
စစ်တပ်အာဏာတည်မြဲအောင် KIA အပါအဝင် PDF များကို ချေမှုန်းသွားမှာဖြစ်တယ်လို့ ဖားကန့်မြို့နယ် ဝါရာဇွပ်ပြည်သူ့စစ်ခေါင်းဆောင် မင်းဇေသန့်က ပြောဆိုလိုက်ပါတယ်။
အောက်တိုဘာလ ၁ ရက်နေ့မှာ ဝါရာဇွပ်ဌာနေ ပြည်သူ့စစ်တပ်ဖွဲ့ရဲ့ အမျိုးသားစစ်သည် တပ်သားသစ်သင်တန်း အမှတ်စဉ် (၈) နဲ့ အမျိုးသမီးအခြေခံ အမှတ်စဉ် (၂) စစ်သင်တန်းဆင်းပွဲမှာ ဝါရာဇွပ်ပြည်သူ့စစ် ခေါင်းဆောင် မင်းဇေသန့်က မိန့်ခွန်းပြောဆိုခဲ့တာ ဖြစ်ပါတယ်။
ဝါဇွပ်ပြည်သူ့စစ်အဖွဲ့ရဲ့ အမှတ်စဉ်(၈) စစ်သင်တန်းဆင်းတဲ့ တပ်သား အင်အား ၁၀၀ ကျော်အထိရှိတယ်လို့သိရပြီးတော့ အမျိုးသမီး စစ်သင်တန်းဆင်းတဲ့ လူငယ်တွေလည်း အများအပြားပါဝင်တယ်လို့ ရှဒူးဇွပ်ဒေသခံပြည်သူတွေဆီကနေ သိရပါတယ်။
“ဒီတစ်ခေါက်က သင်တန်းဆင်းတဲ့ လူဦးရေ ၁၀၀ ကျော်လောက်ရှိမယ်ထင်တယ်။ ပြည်သူ့စစ်စခန်းရှိတဲ့ စံပြကျေးရွာမှာပဲ သင်တန်းဆင်းပွဲလုပ် ရှေ့တစ်ရက်မှာပဲလုပ်သွားတယ်” လို့ ရှဒူးဇွပ်ဒေသခံ အမျိုးသာတစ်ဦး ပြောပြပါတယ်။
ဝါရာဇွပ်ပြည်သူ့စစ်အဖွဲ့ဟာ ရှဒူးဇွပ်ကျေးရွာအဝင် စံပြကျေးရွာမှာ အခြေစိုက်နေထိုင်တာဖြစ်ပြီးတော့ ရှဒူးဇွပ်၊ စံပြ၊ အောင်ရာ၊ ဘန်ကောက်၊ ဝါရာဇွပ် စတဲ့ကျေးရွာတွေနဲ့ ရှဒူးဇွပ်ကျေးရွာအနီးတဝိုက်ရှိ မှော်ဒေသကိုထိန်းချုပ်ထားတာဖြစ်ပါတယ်။
ပြည်သူ့စစ်ခေါင်းဆောင် မင်းဇေသန့် ဦးဆောင်တဲ့ ပြည်သူ့စစ်အဖွဲ့တွေဟာ စစ်တပ်အာဏာသိမ်းပြီးနောက် လီဒိုလမ်းမပေါ်မှာ အင်အား ကြီးထွားလာပြီးတော့ ဟူးကောင့်ချိုင့်ဝှမ်းဒေသ KIA တပ်မဟာ ၂ ၊ တပ်ရင်း ၁၄ နယ်မြေ တစ်လျှောက်ကို ထိန်းချုပ်နိုင်ဖို့ ကြိုးပမ်းနေတာဖြစ်ပါတယ်။
ဒါကြောင့် ရှဒူးဇွပ်ကျေးရွာအနီးတဝိုက်မှာရှိတဲ့ ကိုင်းတော၊ ချေင်းဆုံ၊ ကနွယ်သူ၊ ဝခါး စတဲ့ ရွှေမှော်ဒေသရှိ KIA တပ်စခန်း နေရာတွေကို ဝင်ရောက်တိုက်ခိုက်မှု မကြာခဏ လုပ်ဆောင်နေတာဖြစ်ပါတယ်။
By – နော်ထွယ့်(ဟူးကောင့်)



