မူးယစ်ဆေးဝါးသတင်း

မိုး‌ကောင်းမြို့ မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲသူ‌တွေထဲမှာ အထက်တန်းကျောင်းသားများလည်းပါဝင်လာ

ကချင်ပြည်နယ် မိုးကောင်းမြို့မှာ မူးယစ်ဆေးဝါး‌ရောင်းဝယ်သုံးစွဲမှု အရင်နှစ်တွေထက် ပိုများလာတဲ့အပြင် အထက်တန်းကျောင်းသားတွေကိုလည်း တွေ့လာရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

လက်ရှိ မိုးကောင်းမြို့ထဲ မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲမှုအဆိုးဆုံးရပ်ကွက်က ရွာသစ်ရပ်ကွက်မှာဖြစ်တယ်လို့သိရပြီး ရာမတစ်လုံးကို ကျပ် ၂၅၀၀ ကျပ်၊ ဘိန်းဖြူ တစ်ထောင်ကျပ်က‌နေ စဝယ်ယူနိုင်‌ကြောင်း သိရပါတယ်။

အရင်ကလည်း သုံးစွဲသူတွေရှိတာပေါ့နော်။ ဒါပေမယ့် အခုနောက်ပိုင်း လူငယ်တွေတော်တော်များလာတယ်။အထက်တန်း ကျောင်းသား‌အရွယ် သူတို့ကျတော့ ရာမတွေလာဝယ်ကြတယ် ရှူကြတယ်”လို့ မိုးကောင်းဒေသခံ အမျိုးသမီးတစ်ဦး ပြောပါတယ်။

မူးယစ်ဆေးဝါး ရောင်းချတဲ့သူတွေဟာ ရွာသစ်ရပ်ကွက်ရဲ့ဧရာရုပ်ရှင်ရုံအနီးမှာ တဲထိုးပြီးရောင်းချနေသလို သုံးစွဲတဲ့သူတွေကလည်း ဆေးထိုးအပ်တန်းလန်းနဲ့ လူသွားလမ်းတွေပေါ် ပေါ်တင်တင် လုပ်နေကြတယ်လို့ သိရပါတယ်။

မိုးကောင်းမှာ ယခင်နှစ်တွေမှာ အဲဒီဧရာရုပ်ရှင်ရုံနေရာအနီး မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲသူတွေ လူဦးရေ ၂၀ ခန့်သာတွေ့ရပေမယ့် ဒီနှစ်မှာတော့ လူဦးရေ ၃၀ ကနေ ၄၀ ဝန်းကျင်အထိ ပုံမှန်ရှိနေတယ်လို့ ဆိုပါတယ်။

လူအစည်ကားဆုံး အချိန်ကတော့ ညနေ ၅နာရီနောက်ပိုင်းဖြစ်ပြီး တစ်ခါတစ်ရံ လမ်းပိတ်သွားတဲ့အထိတောင်ဖြစ်တယ်လို့ ဆိုပါတယ်။

မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲမှုတွေ များပြားလာတာနဲ့အတူ ယခင်က ပစ္စည်းခိုးခံရတာတစ်လ၂ ကြိမ်ခန့်ရှိရာကနေ ဒီနှစ်မှာတစ်လကို ခိုးမှု ၁၀ ကြိမ်ထက်မနည်း ပုံမှန်လိုဖြစ်နေတယ်လို့သိရှိရပြီး အိမ်ရှေ့မှာတပ်ထားတဲ့ မီးသီးပါမကျန်၊ ရေမော်တာ၊ ဆိုင်ကယ်၊ ဖုန်း အကုန်ခိုးယူကြတယ်လို့ သိရပါတယ်။

ခိုးဆိုးလုယက်မှုတွေ များလာတာနဲ့ အမျှ ပြည်သူတွေလည်း စိုးရိမ်နေရတာပေါ့။ အမြဲတမ်း ဆိုင်ကယ်ရပ်ထားရင်တောင် ငါ့ဆိုင်ကယ် ဘယ်အချိန် ခိုးသွားမလဲပေါ့။ ဈေးဝယ်နေရင်တောင်မှ ဆိုင်ကယ်နောက်ကို ပြန်လှည့်ကြည့်ရတာမျိုးလို့ နောက်ထပ်‌ ဒေသခံအမျိုးသားတစ်ဦးဆိုပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ နိုဝင်ဘာ တစ်ရက်နေ့ မိုးကောင်းမြို့မှာကျင်းပတဲ့ မှုခင်းဆိုင်ရာအသိပညာပေးအစီအစဥ်မှာ စစ်ကောင်စီခန့် မိုးကောင်းမြို့ရဲ့ ရဲမှူးရဲထွန်းအောင်က မူးယစ်ဆေးဟာအလေးချိန် ၃ ဂရမ် အောက်ဆို မူးယစ်ဆေး ပုဒ်မ ၁၆ ( ) အရ မြို့နယ်တရားရုံးမှာ တရားစွဲဆိုခံရမှာဖြစ်ပြီး အနည်းဆုံးထောင်ဒဏ် ( )နှစ်မှ အများဆုံး (၁၀)နှစ်ထိချမှတ်နိုင်သလို ၃ ဂရမ် အထက်ဆို ပုဒ်မ ၁၉ (က)နဲ့အမှုဖွင့်ကာ ခရိုင်တရားရုံးမှာ တရားစွဲဆိုခံရမှာဖြစ်ပြီး အနည်းဆုံးထောင်ဒဏ် ၁၀နှစ်ကနေ အများဆုံး ထောင်ဒဏ် တစ်သက်တစ်ကျွန်းထိချမှတ် နိုင်တယ်လို့ ပြောကြားခဲ့တာဘဲ ဖြစ်ပါတယ်။

ဒါပေမယ့် မိုးကောင်းမြို့ရဲ့ လက်ရှိမြေပြင် အခြေအနေမှာတော့ မူးယစ်ဆေးတွေကို ပေါ်တင်ရောင်းဝယ်သုံးစွဲမှုတွေ ပြုလုပ်နေပေမယ့် ဖမ်းဆီးအရေးယူခြင်းမရှိတဲ့အတွက် ရဲတပ်ဖွဲ့တွေကိုယ်တိုင် လိုင်းကြေးယူပြီး ခွင့်ပြုထားတာဖြစ်နိုင်‌ကြောင်း ဒေသခံ‌တွေသုံးသပ်‌ ပြောဆိုပါတယ်။

ဒါ့အပြင် မိုးကောင်းရဲဌာနဟာ မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲမှုတွေနဲ့ ပက်သက်တဲ့ သတင်းတွေတက်လာတဲ့အခါ ဟန်ပြဖမ်းဆီးတာမျိုးတွေ လုပ်ဆောင်လေ့ရှိပေမယ့်လည်း ကျပ်တန်ဖိုးထောင်နဲ့ချီ ရောင်းချနေသူတွေကိုတော့ လွတ်ထားပေးတာမျိုးတွေရှိတယ်လို့ ဆိုပါတယ်။

 ဒါကြောင့် မိုးကောင်းဒေသခံတွေအနေနဲ့ မူးယစ်ဆေးဝါးရောင်းချသူတွေကို အမှန်တကယ် ဖမ်းဆီးအရေးယူစေလိုပြီး ခိုးဆိုးလုယက်သူတွေ ပပျောက်အောင်လည်း ထိရောက်စွာ အပြစ်ပေးစေလိုတယ်လို့ တောင်းဆို‌နေကြပါတယ်။

By – Hope

Show More

Related Articles

Back to top button