ပဋိပက္ခနဲ့နိုင်ငံရေးမတည်ငြိမ်မှုကြား GZ လူငယ်တစ်ချို့ ဘယ်လိုရုန်းကန်နေကြလဲ
စစ်ကော်မရှင်တပ်က အာဏာသိမ်းတာ ၅ နှစ်ပြည့်လာတာနဲ့အတူ အဖက်ဖက်ကနေဆိုးယုတ်လာတဲ့ မြန်မာနိုင်ငံတစ်ဝှမ်းက လူငယ်တွေထဲ ၄ ယောက်မှာ ၁ ယောက်ဟာ အလုပ်လက်မဲ့ဖြစ်နေပြီး နိုင်ငံရဲ့လူဦးရေထဲက ၄ သန်းနီးပါးသော လူငယ်တွေဟာ အလုပ်မရှိတဲ့အခြေနေကြုံနေရတယ်လို့ ကုလသမဂ္ဂ ဖွံ့ဖြိုးရေးအစီအစဉ် (UNDP) ကထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့နှစ် အောက်တိုဘာလမှာထုတ်ပြန်ခဲ့တဲ့ ဒီအစီရင်ခံစာအရ ပဋိပက္ခနဲ့နိုင်ငံရေးမတည်ငြိမ်မှုတွေအကြား မြန်မာနိုင်ငံ က လူငယ်တွေဟာ အလုပ်အကိုင်အခွင့်အလမ်းဆုံးရှုံးနေတာအပြင် ပညာရေးနဲ့ပတ်သက်တဲ့အခွင့်အလမ်းတွေလည်း ပျက်ဆီးနေ ရပြီး “အချိန်ရပ်တန့်နေတဲ့မျိုးဆက်” အဖြစ် ထားရှိသလိုက်သလိုဖြစ်သွားစေတယ်လို့ ဆိုထားပါတယ်။
စစ်အစိုးရရဲ့ခေတ်အဆက်ဆက် ကြီးပြင်းလာခဲ့ရတဲ့ လူငယ်တွေဟာ မိမိတို့ဘဝရှင်သန်ရပ်တည်ရေးအတွက် ကိုယ့်နည်းကိုယ့်ဟန် နဲ့ဘဲ အလုပ်အကိုင်အခွင့်အလမ်းတွေရှာဖွေနေကြရတယ်လို့ မြစ်ကြီးနားမြို့ခံလူငယ်တွေကပြောပါတယ်။
၂၀၂၁ အာဏာသိမ်းချိန် ဒီကာလအတွင်းကြီးပြင်းလာတဲ့ Gen Z လို့ခေါ်ကြတဲ့ ဒီမျိုးဆက်တွေကတော့ မိမိနိုင်ငံမှာအလုပ်အကိုင် အခွင့်အလမ်းနည်းပါးတာကြောင့် တိုင်းတစ်ပါးကိုထွက်ပြီးရွှေ့ပြောင်းအလုပ်သမားအဖြစ်အလုပ်လုပ်ကြသလို တချို့ကတော့ အန္တရာယ်များတဲ့အသက်မွေးဝမ်းကျောင်းတွေဘက်ကိုရောက်ကြရသူတွေရှိတယ်လို့ စစ်တမ်းတွေအရသိရပါတယ်။
ဥပမာ လက်ရှိကာလမှာတော့ ကျားဖြန့်လုပ်ငန်းလို ငွေလိမ်တဲ့လုပ်ငန်းတွေထဲရောက်ကုန်ကြရပြီး ကချင်ပြည်နယ်လို သယံဇာတပေါများတဲ့ဒေသမှာ ကြီးပြင်းတဲ့လူငယ်တွေကတော့တော့ သယံဇာတလုပ်ငန်းခွင်တွေထဲရောက်ကုန်ကြရတယ်လို့ မြစ်ကြီးနားမြို့ခံလူငယ်တစ်ဦးကပြောပါတယ်။
“ကျနော်တို့အိမ်မှာက မိသားစုဝင် ၄ ယောက်ရှိတယ်။ မြစ်ကြီးနားမှာနေ့စားအလုပ်လုပ်ပေမဲ့ ဘယ်လိုမှမလောက်တော့တဲ့ အတွက် ပန်ဝါသတ္တုလုပ်ငန်းဆိုက်တွေကိုရောက်လာတာ။ ဒီမှာက တစ်ရက်ကို တရုတ်ငွေ ၁၀၀ ရတယ်လေ။ မြန်မာငွေနဲ့ဆို၅ သောင်းပေါ့ အဲ့လိုနဲ့ပဲ သတ္တုဆိုက်ထဲရောက်လာတာ။ သတ္တုဆိုက်မှာလုပ်တာကလည်း အသက်ကြီးတဲ့အခါ ကျန်းမာရေး အတွက် ထိခိုက်လာနိုင်ပါတယ်။ ဒါပေမဲ့ တခြားရွေးချယ်စရာမရှိတော့ ဒီလိုနေရာမှာလာလုပ်ရတာပေါ့”လို့ မြစ်ကြီးနားမြို့ခံ ကိုအားဝူကပြောပါတယ်။
လူငယ်တွေရဲ့ပါဝင်ဆောင်ရွက်မှုဟာ သဘာဝသယံဇာတထိန်းသိမ်းရေးမှာ အရေးပါတဲ့အချက်တစ်ခုဖြစ်ပြီး ဒီအချက်ဟာ ယနေ့ခေတ်မှာပိုပြီး ထင်ရှားလာတယ်လို့ သဘာဝပတ်ဝန်းကျင်အရေးကျွမ်းကျင်တဲ့ပညာရှင်တွေကဆိုကြပါတယ်။
အခုလို လူငယ်တွေရဲ့ တာဝန်ယူမှုနဲ့ ပါဝင်ဆောင်ရွက်မှုတွေက အနာဂတ်မျိုးဆက်များအတွက် သဘာဝသယံဇာတကို ထိန်းသိမ်းနိုင်မယ်ဆိုတဲ့ မျှော်လင့်ချက်တွေရှိနေပေမဲ့လည်း မြန်မာပြည်မာတော့ လူငယ်တွေအနေနဲ့သဘာဝသယံဇာတ ထိန်းသိမ်းရေးဆိုတဲ့နေရာမှပါဝင်ဖို့အလှမ်းဝေးနေသေးတယ်လို့ ကချင်ကျောင်းသားလူငယ်တစ်ဦးကထောက်ပြပါတယ်။
“လုပ်ငန်းဆိုင်ရာအခွင့်အရေးပေါ့နော် များများစားစားမရှိဘူး။ ရှိတာကတော့ စားသောက်ဆိုင်ပေါ့ လတိုင်းနီးပါး စားသောက် ဆိုင် အသစ်ရှိတယ်။ လုပ်ငန်းဆိုင်ရာအခွင့်အလမ်းကောင်းကောင်းမရှိဘူး။ ပြီးတော့ တစ်ဖက်မှာ လုပ်ငန်းဆိုင်ရာ Skill ပိုင်းပေါ့။ ပြီးရင်မူဝါဒမရှိဘူး။ အဲ့ဒါက လူငယ်တွေကိုတိုးတက်ဖို့ အစီအစဥ်မရှိသလောက်ပေါ့။ ကျနော်အခုအိန္ဒိယမှာ နေတယ်။ ဒီမှာက အကုန်လုံးလုပ်ပေးတယ်။…..သူတို့ဘာသာသူတို့ စနစ်တကျလုပ်ထားတော့ ဒါပြီးရင်ဒါဆိုပြီး တချိန်ချိန်မှာ နိုင်ငံအတွက် Public Setter သူ့နေရာနဲ့သူရကြတာပေါ့။ ဒါပေမဲ့ကျနော်တို့ဆီမှာက သဘာဝပတ်ဝန်းကျင်အတွက်လည်း တားမဲ့သူမရှိဘူး။ အကုန်လုံး က လုပ်ကြတာပေါ့။ ဥပဒေကောင်းကောင်းရှိလာရင်တော့ အဆင်ပြေသွားမယ်လို့ ထင်ပါတယ်”လို့ပြောပါတယ်။
ပညာရေးအဆင့်မြင့်ပြီးသား လူငယ်တွေတောင် အလုပ်အကိုင် ရှာဖွေရခက်ခဲနေကြရတဲ့ မြန်မာနိုင်ငံရဲ့ အနာဂတ်အတွက် လူငယ်တွေကို ရင်းနှီးမြှုပ်နှံခြင်းဟာ မဖြစ်မနေလိုအပ်နေတယ်လို့ ကုလသမဂ္ဂ ဖွံ့ဖြိုးရေးအစီအစဉ် (UNDP)ရဲ့အစီရင်ခံ စာမှာရေးသားထားပါတယ်။
တစ်ဖက်မှာ နိုင်ငံတစ်ခုလုံးကိုခြုံကြည့်ရင်တော့ မြန်မာပြည်ရဲ့ ကျေးလက်ဒေသလူငယ်တွေဟာ မြို့ပြဒေသလူငယ်တွေနဲ့ နှိုင်းယှဥ် ကြည့်ရင် ပညာရေးနဲ့ အလုပ်အကိုင်အခွင့်အရေးတွေရရှိဖို့အခွင့်အလမ်းပိုနည်းပြီး ဒါ့ကြောင့်လည်း နိုင်ငံတွင်းမှာ မညီမျှမှုတွေ ပိုဖြစ်လာတာလို့ (UNDP) ကဆိုပါတယ်။
တစ်ဖက်မှာ အနာဂတ်ရဲ့လူငယ်တွေဖြစ်တဲ့ မြန်မာနိုင်ငံတစ်ဝှမ်းက ကလေးငယ်စုစုပေါင်းရဲ့ သုံးပုံတစ်ပုံကျော်ရှိတဲ့ ကလေးငယ် ဦးရေ ၆.၉ သန်းဟာလည်း လူသားချင်းစာနာမှုဆိုင်ရာအကူအညီတွေကိုအရေးတကြီးလိုအပ်လျှက်ရှိတယ်လို့ Unicef Myanmar ကထုတ်ပြန်ထားပါတယ်။
By – အမိုး



