ပိတ်မိနေတဲ့ကုန်ကားတွေဆီက ကုန်တစ်ဝက်ကို စစ်ကော်မရှင်ပြန်ဝယ်နေ
မြစ်ကြီးနား–မန္တလေးဗျူဟာလမ်းပိုင်းမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၅ ရက်နေ့ဝန်းကျင်လောက်ကနေ ပိတ်မိနေတဲ့ ကုန်ကားတွေဆီက ပါလာသမျှကုန်ပစ္စည်းရဲ့ တစ်ဝက်ကို စစ်ကော်မရှင်တပ်ဖွဲ့တွေက ပေါက်ဈေးအတိုင်းပြန်ဝယ်သွားတယ်လို့ ခရီးသွားတွေဆီကနေ သိရပါတယ်။
မြစ်ကြီးနား–မန္တလေး ဗျူဟာလမ်းပိုင်းက ကန့်ဘလူခရိုင်ထဲမှာ နှစ်ဖက်တပ်တွေအကြားစစ်ရေးတင်းမာနေကြသလို လမ်းပိုင်းကို လည်းနှစ်ဖက်တပ်တွေက အပြန်အလှန်ပိတ်ဆို့ထားကြတာလို့ ကန့်ဘလူမြို့နယ်ဒေသတွင်းသတင်းတွေကိုထုတ်ပြန်ပေးနေတဲ့ Infinity Group အဖွဲ့ကထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် ဒီလိုလမ်းပိုင်းပိတ်ဆို့မှုတွေကြောင့် ကန့်ဘလူမြို့နယ်ထဲက စစ်ကော်မရှင်အပါအဝင် လက်အောက်ခံ ပျူစောထီးတပ်ဖွဲ့ တွေဟာ ရိက္ခာပြတ်လပ်မှုကြုံတွေ့နေရတယ်လို့ Infinity Group အဖွဲ့ကဆိုပါတယ်။
“သူတို့ကဝယ်တာပါ။ အဲ့ဘက်မှာအစားအသောက်တွေဖြတ်ခံရတော့ သူတို့က ကားသမားတွေကို အစည်းအဝေးခေါ်ပြီးတော့ ကားတွေမှာပါတဲ့ထဲက ပါသမျှကုန်တွေကိုတစ်ဝက်ရောင်းရမယ်ပေါ့။ မရောင်းလို့မရဘူးပေါ့။ ကားတွေရောက်ရင်လည်း စာရင်း တွေကောက်တယ် ဘာတွေပါလဲပေါ့။ ရိက္ခာတစ်အားပြတ်နေပြီပေါ့လေ။ အဲ့လိုအခြေနေပါ။ သူတို့လိုချင်တာရရင်တော့ ပြန်လွှတ်ပေးပါတယ်”လို့ အခြေနေသိရှိတဲ့ခရီးသွားအမျိုးသားတစ်ဦးကပြောပါတယ်။

Infinity Group ရဲ့ထုတ်ပြန်ချက်ထဲမှာတော့ အဲ့ဒီကုန်ကားတွေကို စစ်ကော်မရှင်ကဖမ်းဆီးထားပြီး မလည်လမ်းဆုံကနေ ဇီးကုန်း– ကာဘိုး–ထန်းကုန်း–ကန့်ဘလူလမ်းအတိုင်းမောင်းနှင်ခိုင်းပြီး ကန့်ဘလူမြို့ပေါ်ကို စက်သုံးဆီနဲ့ကုန်ပစ္စည်းတွေပို့ဆောင်ခဲ့ကြောင်း ရေးသားထားပါတယ်။
ဒါ့အပြင် ဖေဖော်ဝါရီလ ၂၅ ရက်နေ့က ကန့်ဘလူမြို့ကိုရောက်ရှိခဲ့တဲ့ ကုန်ကားတွေထဲက ၉စီးကို စစ်တပ်ရဲ့လုံခြုံရေး အစောင့် အရှောက် တွေနဲ့အတူ ကျွန်းလှမြို့ဘက်ကို ထပ်မံပို့ဆောင်ခဲ့တာလို့ရေးသားထားပါတယ်။
“သူတို့ကခေါ်သွားတာ။ ချောလိုမျိုး သူတို့နေရာကိုမောင်းထည့်ပြီးတော့ခေါ်သွားတာ။ အဲ့ကတည်းကနေ အဲ့ဘက်ကိုမဖြတ်ရဲဘူး ဖြစ်နေတာပေါ့။ အခုတော့မဖြစ်တော့ပါဘူး”အထက်ပါခရီးသွားအမျိုးသားတစ်ဦးကဆက်ပြောပါတယ်။
လက်တလော ကန့်ဘလူမြို့နယ်ထဲက စစ်ကော်မရှင်စိုးမိုးထားတဲ့နယ်မြေတွေအတွင်း ဆားတစ်ပိဿာ ကျပ် ၉၀၀၀၊ စားဆီ တစ်ပိဿာကို ကျပ် ၂၂၀၀၀ အထိဈေးပေါက်နေတယ်လို့ သိရပါတယ်။
တစ်ဖက်မှာ ကန့်ဘလူခရိုင်အတွင်း နေရာအနှံ့ စစ်ရေးတင်းမာလျှက်ရှိတာကြောင့် ခရီးသွားကား၊ ကုန်ကားတွေအနေနဲ့ တော်လှန်ရေးအင်အားစုတွေသတ်မှတ်ထားတဲ့ ကွင်းလမ်းပိုင်းတွေအတိုင်းသာသည်းခံပြီး မောင်းနှင်ကြဖို့တိုက်တွန်းကြောင်း Infinity Group အဖွဲ့ကတိုက်တွန်းထားပါတယ်။
ဒါ့အပြင် မြစ်ကြီးနား–မန္တလေးဗျူဟာလမ်းပိုင်းမှာဖြစ်ပွားနေတဲ့တိုက်ပွဲတွေအကြား ကုန်ကားတွေပိတ်မိနေတဲ့နောက်ဆက်တွဲ ကြောင့် ဘိလပ်မြေအိတ်တွေတင်မက မြစ်ကြီးနားမြို့မှာ ကုန်ပစ္စည်းနဲ့ အခြေခံဆေးဝါးတချို့ပြတ်လပ်နေတယ်လို့ သိရပါတယ်။
လက်ရှိ မြစ်ကြီးနား–မန္တလေးလမ်းပိုင်း ရွှေဘိုမြို့အထွက် ကိုးပင်ဂိတ်တွင် စစ်ကော်မရှင်တပ်၊ ခင်ဦးလမ်းဆုံအကျော် ယောက်သွားအိမ် နဲ့ ကုက္ကိုလ်ကုန်းဂိတ်တွင် ကာကွယ်ရေးတပ်၊ ကျောက်တန်းဂိတ်တွင် စစ်ကော်မရှင်တပ်တို့က နေရာယူအထိုင်ချ ထားကြပြီး စစ်ရေးအခြေနေပေါ်မူတည်ကာ ခရီးသွားကားတွေကို သွားလာခွင့်ပြုနေတာလို့သိရပါတယ်။
By – အမိုး



