ကချင်မှာ စက်သုံးဆီရောင်းဝယ်မှုအခြေနေ ဘယ်လိုရှိနေသလဲ
အစ္စရေး၊ အမေရိကန် နဲ့ အီရန်စစ်ပွဲကြောင့် နောက်ဆက်တွဲအနေနဲ့ စက်သုံးဆီမလုံလောက်မှာကိုကမ္ဘာတစ်ဝှမ်းက ကြုံနေရချိန် မြန်မာနိုင်ငံအထက်ပိုင်း ကချင်ပြည်နယ်မှာလည်း စက်သုံးဆီတွေကိုအလုအယက်ဝယ်ယူမှုတွေရှိနေတာ ဒီနေ့နဲ့ဆို ၃ ရက်မြောက် ရှိလာပြီဖြစ်ပါတယ်။
နိုင်ငံတွင်း စက်သုံးဆီပြတ်လပ်သွားမယ့်အခြေနေမရှိဘူးလို့ စစ်ကော်မရှင်ရဲ့ပြန်ကြားရေးအဖွဲ့ခေါင်းဆောင်ဖြစ်တဲ့ ဗိုလ်ချုပ် ဇော်မင်းထွန်းက ထုတ်ပြောထားပေမဲ့ ကချင်ပြည်နယ်တစ်ဝှမ်းကမြို့တွေမှာတော့ စက်သုံးဆီဈေးနှုန်းတွေ တရိပ်ရိပ်မြင့်တက်ပြီး မတည်မငြိမ်ဖြစ်လာသလို ဆိုင်တွေလည်းပိတ်ထားတာတွေရှိနေတာဖြစ်ပါတယ်။
အစ္စရေးအီရန် စစ်ပွဲမတိုင်ခင်က ဓာတ်ဆီတစ်လီတာ ကျပ် ၆၈၀၀ ရှိခဲ့တဲ့ ကချင်ပြည်နယ်ရဲ့မြို့တော် မြစ်ကြီးနားမြို့မှာတော့ ဒီကနေ့ ဓာတ်ဆီ တစ်လီတာကို ဈေးနှုန်း ကျပ် ၇၅၀၀ ထိပေါက်ဈေးရှိနေတယ်လို့ဒေသခံတွေကပြောပါတယ်။
စစ်ကော်မရှင်ရဲ့ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင်ဖြစ်တဲ့ ဗိုလ်ချုပ်ဇော်မင်းထွန်းက မြန်မာနိုင်ငံမှာ စက်သုံးဆီ အရန် ရက် ၄၀ စာလောက်ရှိနေသေးတာကြောင့် ပြတ်လပ်မယ်ဆိုပြီး မပူပန်ကြဖို့ ပြီးခဲ့တဲ့မတ်လ ၄ ရက်နေ့ကဘဲ ထုတ်ပြောခဲ့တာပါ။
အီရန်နိုင်ငံက ထိန်းချုပ်ထားတဲ့ ဟော်မုဇ်ရေလက်ကြားကနေ ဖြတ်သန်းတဲ့ရေနံစိမ်းတွေရဲ့ ၈၄ ရာခိုင်နှုန်းဟာ အာရှနိုင်ငံတွေကို ရောက်ရှိတာကြောင့် အဲ့ဒီရေလက်ကြားကို အီရန်ကပိတ်ထားလိုက်တာဟာ အာရှိနိုင်ငံတွေရဲ့လောင်စာလိုအပ်ချက်ကို ကြီးမားတဲ့ သက်ရောက်မှုတွေရှိနေသလို မြန်မာနိုင်ငံကို အဓိကလောင်စာတင်ပို့တဲ့နိုင်ငံတွေထဲကတစ်ခုဖြစ်တဲ့ ထိုင်းနိုင်ငံကတော့ ပြည်ပနိုင်ငံ တွေကို လောင်စာတင်ပို့မှု ရပ်ဆိုင်းထားတယ်လို့သိရပါတယ်။
ကချင်ပြည်နယ်နယ်တစ်ဝှမ်းက မြစ်ကြီးနား၊ ဖားကန့်၊ ပူတာအို နဲ့ တနိုင်းမြို့နယ်တွေမှာ စက်သုံးဆီဈေးနှုန်းနဲ့ ရောင်းဝယ်ရေး အခြေနေတွေကဘယ်လိုတွေရှိနေပါပြီလဲ။ KNG က ဒေသခံတွေကိုဆက်သွယ်မေးမြန်းထားပါတယ်။

မြစ်ကြီးနားမြို့ခံတစ်ဦး
“၇၅၀၀ဒီနေ့တော့ မနေ့ကတော့ ၈၀၀၀ ဟုတ်တယ်။ လိုချင်သလောက်တော့ဝယ်လို့မရဘူး။ ကားသွားရင်ကားထိုးပေးရ တာပေါ့။ ရောင်းတာတော့ရောင်းပေးနေတယ်။ တန်းစီရတာပေါ့ အလုအယက်ကိုဝယ်နေကြတာ။ ဒါပေမဲ့ မနက်ပိုင်းရောင်းပြီး နေ့လည်ပိုင်းမရောင်းတော့ဘူး။ နေ့တစ်ဝက်လောက်စီရောင်းတယ်။ နောက်ရက်တစ်ခါရောင်းတယ် အချိန်ပိုင်းအဲ့လိုမျိုးပေါ့။ ပုံမှန်ဈေးထက်တော့တက်သွားတဲ့သဘောပေါ့။ အရင်က ၆၈၀၀–၆၉၀၀ ကနေတက်သွားတဲ့သဘောပေါ့”
ပူတာအိုမြို့ခံတစ်ဦး
“ဒီမှာက မနေ့ကအထိတော့ ဓာတ်ဆီတစ်လီတာကို ၉၅၀၀ တဲ့။ တစ်ဆိုင်နဲ့တစ်ဆိုင်ကလည်း လုံးဝမတူဘူးနော်။ မတူဘူး ဆိုတာ က တချို့ဆိုင်မှာက ၁သောင်း တချို့ဆိုင်မှာက ၉၀၀၀၊ အဲ့လိုဟုတ်တယ်။ ဒီနေ့ကတော့ ဆိုင်တွေပိတ်နေတယ်။ ဒီဇယ်က လည်း တချို့ဆိုင်မှာဆိုရင် ၁၀ဂါလံကို ၁သိန်း တချို့ဆိုင်မှာက ၁သိန်း ၄ သောင်း၊ ၁ သိန်း ၂သောင်း အဲ့လို။ တစ်ဆိုင်နဲ့ တစ်ဆိုင်က လုံးဝမတူဘူး။ ဈေးကတစ်သမတ်တည်းတော့မရှိဘူး။ ဒီနေ့ကတော့ပိတ်နေလို့လေနော်”
တနိုင်းမြို့ခံတစ်ဦး
“တနိုင်းကတော့ အကုန်လုံးပိတ်ထားတယ်။ တနိုင်းမှာက ဆီဆိုင် နှစ်ဆိုင်ပဲရှိတာ ရွှေလှိုင်း နဲ့ဇေယျာမင်းပေါ့။ တနိုင်းမှာက အပြင်မှာ ဆီတွေထုတ်ပြီး ဖောက်သည်ယူတဲ့သူကိုပေါ့ ပေပါလိုက်ထုတ်ရောင်းပေးတာလို့ပြောတယ်။ ပြီးတော့ ဆီဈေးက တစ်ဂါလန်ကို ၇သောင်းဖြစ်သွားပြီ။ ဈေးကတော်တော်လေးကိုခုန်တက်သွားပြီပေါ့။ ပုံမှန်ဆိုရင် ၃၈၀၀၀ လောက်ဘဲရှိတာ”
ဖားကန့်မြို့ခံတစ်ဦး
“ဖားကန့်မှာတော့ ဆီဈေးက ပထမတော့ တစ်ဂါလန်ကို ၃၂၀၀၀ ဝန်းကျင်ရှိတာ။ အခုကတော့ တချို့ဆိုင်တွေက ၃၆၀၀၀ တချို့တွေက ၄ သောင်းလောက်ရောင်းတယ်။ ဆိုင်တစ်ဆိုင်နဲ့တစ်ဆိုင်မတူဘူးပေါ့။ ဆီဆိုင်ကြီးတွေအနေနဲ့က တစ်နေ့လုံးဖွင့်ထား တာမဟုတ်ဘူး။ အချိန်ပိုင်းလေးဘဲ ညနေပိုင်းလေးတစ်ဖြတ်ဖွင့်တာမျိုးရှိတယ်။ တချို့က မနက်ခင်းကို ၂ နာရီလောက်ဖွင့်တာ မျိုးရှိတယ်။ ဆီကတော့ ဆီဆိုင်တွေမှာလုံးဝကြီးပြတ်သွားတာမျိုးမဟုတ်ဘူး။ သူတို့ထိန်းထားတဲ့အနေအထားပေါ့။ ဒီဇယ်က တော့ ကျနော်တို့ဖားကန့်မှာပေါတယ်။ ကုမ္ပဏီတွေရဲ့ဆီခြံတွေလည်းရှိသလို ဒီဇယ်ကျတော့လှောင်ရဲကြတယ်လေ။ ဓာတ်ဆီရဲ့ သဘောတရားက ကြာကြာလှောင်လို့လည်းအဆင်မပြေဘူး။တရုတ်ဆီတွေက ကြာကြာလှောင်ရင်လည်းအငွေ့ပျံတာနဲ့ ပါဝါကျ သွားတာတွေရှိတယ်”
By – အမိုး



