မြစ်ကြီးနားလေကြောင်းလိုင်း မတ်လ ၉ ရက်နေ့ဖွင့်မယ်ဆိုတဲ့သတင်း မှန်ကန်မှုမရှိဟုဆို
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရဲ့ လေဆိပ်လေကြောင်းလိုင်းအားလုံး မတ်လ ၉ ရက်နေ့ကစပြီး ပုံမှန်အတိုင်းပြန်လည်ပြေးဆွဲတော့မယ်ဆိုတဲ့သတင်းဟာ မှန်ကန်မှုမရှိဘူးလို့ လေဆိပ်ဝန်ထမ်းတွေပြောပါတယ်။
လက်ရှိ လူမှုကွန်ယက်ပေါ်မှာ လေကြောင်းခရီးစဉ်တွေအားလုံး မတ်လ ၉ ရက်နေ့ကစပြီးပြန်ဖွင့်တော့မယ်ဆိုတဲသတင်းတွေနဲ့အတူ လေယာဉ်လက်မှတ်တွေလည်း ရောင်းချနေတာကို မြင်တွေ့နေရပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး မြစ်ကြီးနားလေဆိပ် လေကြောင်းအရာရှိကို မေးမြန်းရာမှာတော့ ကောလဟာလသတင်းတစ်ခုတာဖြစ်ကြောင်း ခုလို ပြောပါတယ်။
“လောလောဆယ် ဒီလ မဖွင့်လောက်သေးဘူး ၅လပိုင်းမှ ဖွင့်မှာ ။ သင်္ကြန်ပြီးမှ ပြန်ဖွင့်မယ်လို့ ပြောတယ် လောလောဆယ်တော့ ဘာသံမှ မကြားသေးဘူး”လို့ ဆိုပါတယ်။

မြစ်ကြီးနားမြို့မှာ (ဖေဖော်ဝါရီ ၂၀ရက် ) ည ၈ နာရီဝန်းကျင် မြန်မာအမျိုးသားလေကြောင်းလိုင်း(MNA)မှ ATR-72-600 အမျိုးအစား ခရီးသည်တင်လေယာဉ်တစ်စင်း မြစ်ကြီးနားလေဆိပ်ကနေ မန္တလေးမြို့သို့ ထွက်ခွာဖို့ ပြင်ဆင်နေချိန် ဒရုန်းနဲ့ ပစ်ခတ်ခံရပြီးနောက် ဖေဖော်ဝါရီ ၂၁ရက်နေ့ကစပြီး လေကြောင်းလှိုင်း အားလုံးကို ပိတ်ပင်လိုက်တာ ဖြစ်ပါတယ်။
မြစ်ကြီးနားလေဆိပ်မှာ တာဝန်ထမ်းဆောင်နေတဲ့သူတွေကတော့ ၃ လကြာ ပိတ်ပင်လိုက်ပြီဖြစ်တယ်လို့အတည်ပြုထားပေမယ့်လည်း ဒီရက်ပိုင်းအတွင်းပြန်ဖွင့်တော့မယ်ဆိုတဲ့သတင်းတွေ ထွက်ပေါ်နေတာလည်းဖြစ်ပါတယ်။
ဒါ့အပြင် လက်ရှိ မြစ်ကြီးနားလေဆိပ်လေကြောင်းခရီးစဉ်တွေပိတ်ထားပေမယ့် လေယာဉ်လက်မှတ်တွေက ကျပ်၉သိန်းနဲ့ ၁၀သိန်း ဝန်းကျင်ထိ ဈေးပေါက်နေပြီး ကြိုဝယ်ထားသူတွေလည်းရှိနေတယ်လို့သိရပါတယ်။
မြစ်ကြီးနားလေဆိပ်ပိတ်လိုက်တဲ့နောက် မြစ်ကြီးနားမြို့ရဲ့အထက်မှာရှိတဲ့ ပူတာအိုလေဆိပ်မှာလည်း ပုဂ္ဂလိကလေကြောင်းအားလုံး ရပ်နားထားတယ်လို့ သိရပါတယ်။
ဒါပေမယ့် စစ်ကောင်စီတပ်ဟာ ပူတာအိုလေဆိပ်မှာတော့ စစ်တပ်ဘက်က ဖေဖော်ဝါရီလ နောက်ဆုံးအပတ်ကစပြီး Y-8 လေယာဉ်တစ်စီး ပုံမှန်ပြေးဆွဲနေတယ်လို့ သိရပါတယ်။
ဒီ Y8 လေယာဉ်မှာ အဓိက တပ်တွင်းကုန်ပစ္စည်းတွေတင်တာ၊ တပ်တွင်းကလူတွေနဲ့ တပ်နဲ့နီးစပ်တဲ့ အရပ်သားတွေကို တင်ဆောင်တာတွေရှိနေတယ်လို့ သိရပါတယ်။
ရန်ကုန်၊မန္တလေး ကနေ ကချင်ပြည်နယ် ပူတာအို မြစ်ကြီးနားဘက်ကိုပြေးဆွဲနေတဲ့ ပုဂ္ဂလိကလေကြောင်းလိုင်းတွေရပ်နားထားတာ ခုဆ်ိုရင် ၁၀ ရက်ကျော်ကြာမြင့်လာပြီဖြစ်ပါတယ်။
ခုလို လေယာဉ်ခရီးစဉ်အားလုံးရပ်နားလိုက်တဲ့ မြစ်ကြီးနားကနေ မန်းလေး–ရန်ကုန်ဆင်းမယ့် ခရီးသည်တွေ၊ ဆေးကုရက်ချိန်းထားသူ၊အရေးပေါ် ဆေးကုသဖို့ သွားရမယ့် လူနာတွေ၊ ပြည်ပကနေ ပြန်လာရမယ့်သူတွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေ၊ ကျောင်းသား၊သူတွေ အဖက်ဖက်ကနေ ပိုပြီးခက်ခဲကြပ်တည်းလာနေကြတာလည်းဖြစ်ပါတယ်။
By – Hope



