သတင်း

ပန်နန်းဒင်ဒေသမှာ ဆန်တစ်အိတ် ကျပ် ၁၀ သိန်းဝန်းကျင် ပေးဝယ်နေရ

ကချင်ပြည်နယ် ပူတာအိုခရိုင် နောင်မွန်းမြို့နယ်ထဲ ကား၊ ဆိုင်ကယ်လမ်းမပေါက်တဲ့ ပန်နန်းဒင်မြို့အထက်ဘက်ကျေးရွာတွေဘက်မှာ ဆန်တအိတ်ကို ကျပ် ၁၀ သိန်းဝန်းကျင်အထိပေးဝယ်နေရတယ်လို့ ဒေသခံ‌တွေပြောပါတယ်။

ကချင်ပြည်နယ်ရဲ့ မြောက်ဖျားပိုင်းအစွန်ဆုံးမြို့တစ်မြို့ဖြစ်တဲ့ ပန်နန်းဒင်မြို့ရဲ့အထက်ဘက်က တစ်ပတ်ခန့်ကြာခြေလျင်လမ်းလျှောက်ရတဲ့ တဆူထု၊တဇုံ၊ခရောင်း၊အရွန်ဒမ်း၊ဂဝိုင်၊ငဝါစတဲ့ကျေးရွာတွေဘက်မှာဆန်တစ်အိတ်ကျပ် ၁၀ သိန်းဝန်းကျင်အထိပေးဝယ်နေရတယ်လို့ ပန်းနန်းဒင်ဒေသခံအမျိုးသမီးတစ်ဦး  KNG  ကိုပြောပါတယ်။

ပန်နန်းဒင်မြို့ပေါ်မှာကအဲ့လောက်ကြီးစျေးမကြီးပါဘူး ရွာတွေဘက်စျေးကြီးတာ။ ဆန်တစ်အိတ် တစ်အိတ်ရွာရောက်ဖို့ဆိုရင်လေးရက်၊ငါးရက်လောက်လူနဲ့ထမ်းရတယ်။ ကားမပေါက်ဘူးဆိုင်ကယ်လမ်းမပေါက်ဘူး လူနဲ့ပဲထမ်းရတာ လားတောင်မပေါက်ဘူး အဲ့ကြောင့်ဆန်၊ဆီ(စားဆီ)အကုန်လုံးစျေးကြီးတယ်လို့ အသက် ၄၀ ကျော်အရွယ် ပန်နန်းဒင်မြို့ခံ အမျိုးသမီးတစ်ဦးက KNG ကိုပြောပါတယ်။

အလားတူ‌တစ်ခြား အခြေခံကုန်ပစ္စည်းတွေလည်း အဆမတန်စျေးတက်ကြောင်း သူကဆက်ပြောပါတယ်။

ပန်နန်းဒင်မြို့အပါအဝင်အထက်ဖော်ပါပြကျေးရွာတွေဟာ ဆန်၊ဆီ၊ဆားနဲ့အခြားလိုအပ်တဲ့ခြေခံစားသောက်ကုန်လူသုံးကုန်တွေကို နောင်မွန်းမြို့ပေါက်ကနေတဆင့်သယ်ယူရတာလို့သိရတယ်။

နောင်မွန်းမြို့ကနေ ပန်နန်းဒင်မြို့အထိ ဆိုင်ကယ်လမ်းပေါက်ပြီး တစ်ရက်ခရီးနဲ့ပန်နန်းဒင်မြို့ကို ရောက်ပေမယ့် ပန်နန်းဒင်ကနေတဆင့် တဆူထု၊တဇုံ၊ခရောင်း၊အဟွန်ဒမ်းစတဲ့ကျေးရွာတွေဘက်ကိုတော့ ခြေလျှင်နဲ့ ၅ ရက်ခန့် အထိ လမ်းလျှောက်ရတဲ့ရွာတွေဖြစ်တာကြောင့်အခုလိုကုန်စျေးတွေကြီးနေတာလို့သိရပါတယ်။

ဆန်၊ဆီ၊ဆားက ယူတာတော့ဒီနောင်မွန်းမြို့ပေါ်မှာလာယူကြတယ် ဒီမှာက ဆန်တအိတ်ဆိုရင်အခု တစ်သိန်းခွဲ၊တစ်သိန်းခြောက်သောင်းပဲအဲ့လောက်ပဲရှိတယ်။ ဒါပေမယ့်အခုနပြောတဲ့ ရွာတွေဘက်ရောက်ဖို့က ဆိုင်ကယ်ကယ်ရီခတွေ လူနဲ့ထမ်းလို့အထမ်းခတွေပေးရတော့ စျေးက အရမ်းကြီးတာလေးလို့အထက်ဖော်ပြပါအမျိုးသမီးကဆက်ပြောပါတယ်။

လတ်တ‌လောအထက်ဖော်ပြပါကျေးရွာတွေမှာ ဆန်တအိတ် ၁၁ သိန်း၊စားဆီ( ၁၀ ပိဿ)တစ်ပုံးကိုကျပ် ၇၀၀၀၀၀ ( ခုနှစ်သိန်း)၊ဆားတစ်ထုပ် ကျပ် ၃၀၀၀၀ (သုံးသောင်း) အထိပေးဝယ်နေရကြောင်းသိရပါတယ်။

ဒါ့အပြင် ဒီကျေးရွာတွေဟာ ကျောက်ဆောင်၊တောင်တန်းတွေထူထပ်တာကြောင့် လယ်၊ယာစပါးမဖြစ်ထွန်းသလိုအခြားသီးနှံပင်တွေလည်းမဖြစ်ထွန်းတာကြောင့် ဒေသခံတွေဟာ ရှီးပဒီး၊ဘေချီဥနဲ့အခြားတောထွက်ပစ္စည်းတွေကိုရှာဖွေရောင်းချပြီးအသက်မွှေးဝမ်းကြောင်းပြုနေကြတဲ့ကျေးရွာတွေဖြစ်တယ်လို့သိရပါတယ်။

ဘာဆိုစိုက်စားလို့ရဘူး ရှီးပဒီးရှာတဲ့ချိန်ရှီးပဒီးရှာတယ်။ ဘေချီဥပေါရင်ဘေချီဥရှာတယ်သူတို့ ရှီးပဒီးတွေ၊ဘေချီဥတွေပြီး ရင်ဝက်စွယ်တို့ ၊ဝက်ဝံသေးခြေတို့ရောင်းပြီးဝယ်စားကြတာ တခြားစီးပွားရေးတော့မရှိဘူးလို့ နောင်မွန်မြို့ခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။

ပန်နန်းဒင်အထက်ဘက်ကရွာတွေဟာ လမ်းပန်းဆက်သွယ်ရေးခက်ခဲတာ၊ လယ်ယာစိုက်စိုက်ပျိုးလို့မရတာတွေကြောင့်အခုလိုကုန်စျေးကြီးတဲ့ပြဿနာတွေကိုနှစ်စဥ် ဆယ့်နှစ်ရာသီနီးပါးရင်ဆိုင်နေရပြီး မိုးတွင်းကာလတွေမှာဆိုရင်ပိုခက်ခဲတယ်လို့သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် မိုးရာသီကာလတုန်းကလည်း တဆူထု၊ဂဝိုင်၊အရွန်ဒမ်းစတဲ့ကျေးရွာချင်းဆက်လမ်းတွေမြေပြိုတာ၊ကြိုးတံတားတွေပျက်စီးသွားတာတွေကြောင့် လမ်းပမ်းဆက်သွယ်ရေးလုံးဝပြတ်တောက်သွားပြီး စားနပ်ရိက္ခာ၊ဆေးဝါးပြတ်တောက်တာတွေကာလရှည်ကြုံတွေ့ခဲ့ရကြောင်းသိရပါတယ်။

By – Zaw Zaw

Show More

Related Articles

Back to top button