တောင်ယာကနေ ရှေ့တန်းရောက်သွားတဲ့ ဦးဒီးရမ်

“‘ထမ်း’ ဆို ထမ်း၊ ‘ဝပ်’ ဆို ဝပ်ပြီး သွားနေရတာ။ နေ့ရောညရော သွားနေရတာ၊ လူက ဘာမှမနိုင်တော့ဘူး” လို့ ဦးဒီးရမ်က ပြောပါတယ်။

ဒီစကားကို ပြောတဲ့ ဦးဒီးရမ်ဟာ စစ်သားတစ်ယောက် မဟုတ်ပါဘူး။ သေနတ်လည်း တစ်ခါမှ မကိုင်ဖူးသလို စစ်မြေပြင်ကို သွားဖို့လည်း သူ့ဘက်က ရွေးချယ်ခဲ့တာ မဟုတ်ပါဘူး။

အသက် ၄၀ ကျော်အရွယ် ဦးဒီးရမ်ဟာ ကချင်ပြည်နယ် ခေါင်လန်ဖူးမြို့မှာ မွေးဖွားကြီးပြင်းလာပြီး တောင်ယာလုပ်ရင်း မိသားစုကို ရှာဖွေကျွေးမွေးနေသူပါ။ ဇနီးနဲ့ အသက် ၁၀ နှစ်အရွယ် သားတစ်ဦး၊ ၆ နှစ်အရွယ် သမီးတစ်ဦးနဲ့အတူ ခေါင်လန်ဖူးမှာပဲ အေးအေးချမ်းချမ်း နေချင်ခဲ့သူ ဖြစ်ပါတယ်။

လက်နက်ကိုင်ပဋိပက္ခတွေနဲ့ အလှမ်းဝေးတဲ့ တောင်ယာသမားဘဝကို ရွေးထားခဲ့ပေမယ့် ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလမှာတော့ သူ့ဘဝဟာ မမျှော်လင့်ထားတဲ့ ရှေ့တန်းစစ်မြေပြင်ဆီ ရောက်သွားခဲ့ပါတယ်။

သူ့ကျောပေါ်မှာ ကီလို ၃၀ နီးပါး အလေးချိန်ရှိတဲ့ ကျောပိုးအိတ်တစ်လုံး ရှိပါတယ်။ အဲဒီအိတ်ထဲမှာ စစ်မြေပြင်အတွက် လိုအပ်တဲ့ စားနပ်ရိက္ခာနဲ့ လက်နက်ခဲယမ်းတွေ ပါပြီး ဦးဒီးရမ်က အဲဒီပစ္စည်းတွေကို ထမ်းပို့ပေးရတဲ့ အရပ်သားတစ်ဦးအနေနဲ့ ရှေ့တန်းကို ရောက်ခဲ့တာပါ။

“ဒီလက်နက်ကိုင်ပဋိပက္ခတွေ၊ အခုလို ပေါ်တာသွားရတဲ့ဘဝနဲ့ အလှမ်းဝေးနေချင်လို့ တောင်ယာသမားနဲ့ ခေါင်လန်ဖူးမှာပဲ သေတဲ့အထိနေမယ်လို့ ဆုံးဖြတ်ထားတာ။ အခုက ကိုယ်မရွေးချယ်ခဲ့တဲ့ စစ်မြေပြင်နဲ့ ထောက်ပို့အလုပ်ကို အတင်းအကျပ်သွားခိုင်းလို့ သွားနေရပြီ” လို့ ဦးဒီရမ်က ပြောပါတယ်။

ခေါင်လန်ဖူးဒေသမှာ စစ်ကောင်စီတပ်နဲ့ ဦးတန်ဂူးတန် ဦးဆောင်တဲ့ ခေါင်လန်ဖူးဌာနေပြည်သူ့စစ်တပ်ဖွဲ့တွေက ခေါင်လန်ဖူးနဲ့ ဆော့လော်မြို့နယ်အစပ်က လာဟီဆင်စခန်းကုန်းနဲ့ လန်ဆယ်ရွာဘက်ကို စစ်ကြောင်းထိုးရာမှာ အရပ်သားတွေကို စားနပ်ရိက္ခာနဲ့ လက်နက်ခဲယမ်းတွေ ထမ်းပို့ဖို့ ခေါ်ယူနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီဘက်ကို သွားရတဲ့လမ်းကလည်း ကားလမ်းမဟုတ်ပါဘူး။ တောင်တန်းလမ်း၊ ချိုင့်ဝှမ်းနဲ့ တောလမ်းတွေကို ဖြတ်ပြီး အအေးဓာတ်ပြင်းတဲ့ ရာသီဥတုအောက်မှာ ခရီးဆက်ရပါတယ်။ ယာဉ်နဲ့ သယ်ယူလို့မရတဲ့နေရာတွေမှာ ရိက္ခာနဲ့ လက်နက်ခဲယမ်းတွေကို လူတွေက ကိုယ်တိုင် ထမ်းပိုးသယ်ရပါတယ်။

၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလမှာ အဲဒီလို ထမ်းပို့ဖို့ ခေါ်ယူခံရသူတွေထဲ ဦးဒီရမ်လည်း ပါဝင်ခဲ့ပါတယ်။ သူ့အတွက် အဲဒီခရီးဟာ အလုပ်တစ်ခုရဖို့ သွားတာမဟုတ်သလို ကိုယ်တိုင်ရွေးချယ်ပြီး သွားတာလည်း မဟုတ်ပါဘူး။

မသွားရင် မိသားစုအတွက် အန္တရာယ်ရှိလာနိုင်တယ်ဆိုတဲ့ စိုးရိမ်စိတ်နဲ့ မသွားနိုင်သူတွေအတွက် ပေးရမယ့် ဆန်နဲ့ငွေကြေးကို မတတ်နိုင်တာကြောင့် လိုက်ပါခဲ့ရတယ်လို့ သူက ပြောပါတယ်။

“မသွားချင်လို့ မရဘူး။ ငြင်းရင် သူတို့လုပ်ချင်သလိုလုပ်တာ မိသားစုအတွက် အန္တရာယ်ရှိတယ်။ နောက်ပြီး မသွားနိုင်ရင် အရင်ဦးဆုံး တစ်လ ဆန်တစ်ပုံးနဲ့ ပိုက်ဆံငါးသောင်း ပေးနေရတော့မှာ။ ကျနော်က ပိုက်ဆံမရှာတတ်လို့ တောင်သူလုပ်စားနေတာလေးနဲ့ ဘယ်ကတတ်နိုင်မလဲ” လို့ သူက ပြောပါတယ်။

အဲဒီကနေစပြီး ဦးဒီးရမ်အတွက် တောင်ယာနဲ့ အိမ်ကြားက ပုံမှန်သွားလာနေတဲ့လမ်းဟာ ရှေ့တန်းစစ်မြေပြင်ဆီ ဦးတည်တဲ့လမ်း ဖြစ်သွားခဲ့ပါတယ်။

ရှေ့တန်းရောက်တဲ့အခါ သူ့အတွက် အခက်ခဲဆုံးအရာက အလေးချိန်များတဲ့အိတ်ကို ထမ်းရတာတင် မဟုတ်တော့ပါဘူး။ ကိုယ်ကာကွယ်ဖို့ ဘာလက်နက်မှ မရှိတဲ့အခြေအနေမှာ သေနတ်သံတွေကြား နေရတာ၊ ဘယ်ကနေ ဘယ်လိုလာမလဲ မသိရတဲ့ ကျည်ဆံတွေကို ရှောင်ရတာနဲ့ သေဆုံးနေသူတွေရဲ့ အလောင်းတွေကို ကိုယ်တိုင်မြင်တွေ့ရတာတွေပါ။

“သေနတ်ဆို တူမီးတောင် မကိုင်ဖူးပဲနဲ့ ရှေ့တန်းရောက်သွားတာ။ အဲ့ဒီမှာ မြင်တွေ့ရတာက တကယ့်ကြောက်စရာပဲ။ အလောင်းတွေဆိုတာ နှင်းတွေကြားမှာ ဒီတိုင်းပစ်ထားတာ။ ပြောရင်း ကြက်သီးထတယ်။ အဲ့တာနဲ့ မပြီးဘူး။ သေနတ်သံကြားပြီဆိုတာနဲ့ ဝပ်နေရတာ။ ကျည်ဆံဘယ်ကလာလို့လာမှန်း မသိဘူး။ ကိုယ်မှာလည်း ကာကွယ်ဖို့ ဘာမှမပါဘူး။ သူတို့ ‘ထမ်း’ ဆို ထမ်း၊ ‘ဝပ်’ ဆို ဝပ်ပြီး သွားနေရတာ။ နေ့ရောညရော သွားနေရတာ၊ လူက ဘာမှမနိုင်တော့ဘူး” လို့ ဦးဒီရမ်က ပြောပါတယ်။

ပုံမှန်အခြေအနေမှာတောင် သွားလာဖို့ခက်တဲ့ တောင်တန်းလမ်းတွေကို အလေးချိန်များတဲ့ ပစ္စည်းတွေထမ်းပြီး ဖြတ်ရတာကြောင့် ခရီးက ပိုပင်ပန်းခဲ့ပါတယ်။ နေ့ဘက်မှာ တောင်တက်ရသလို ညဘက်မှာလည်း ခရီးဆက်ခဲ့ရပြီး မိုး၊ လေ၊ နှင်းနဲ့ အအေးဒဏ်တွေကြားမှာ သွားလာခဲ့ရပါတယ်။

ဦးဒီးရမ်နဲ့အတူ ထမ်းပို့ခဲ့တဲ့အဖွဲ့မှာ လူ ၂၀ ခန့် ပါဝင်ပြီး အသက် ၅၀ နီးပါးရှိသူနှစ်ဦးလည်း ပါဝင်ခဲ့ပါတယ်။ အဲဒီနှစ်ဦးဟာ နေ့ညမနား ထမ်းပို့ရင်း ငှက်ဖျားမိခဲ့ပေမယ့် ခရီးကို ဆက်ခဲ့ရတယ်လို့ ဦးဒီရမ်က ပြောပါတယ်။

“ဒါတောင် ထမ်းခိုင်းတယ်။ အိမ်ပြန်ရောက်တော့ သေခါနီးနီးပဲ။ တစ်လကျော်ကျော် အိပ်ရာထဲလဲသွားတယ် အဲ့နှစ်ယောက်က” လို့ သူက ပြောပါတယ်။

အသွားအပြန် နှစ်ပတ်ခန့် ကြာခဲ့တဲ့ အဲဒီခရီးပြီးလို့ ဦးဒီးရမ် အိမ်ပြန်ရောက်ချိန်မှာ ကျောပေါ်က ထမ်းလာရတဲ့အိတ်ကိုတော့ ချထားနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ရှေ့တန်းမှာ မြင်ခဲ့ရတာတွေကိုတော့ ချထားခဲ့လို့ မရခဲ့ပါဘူး။

သေနတ်သံတွေ၊ သေဆုံးသူတွေရဲ့ အလောင်းတွေ၊ နှင်းတွေကြားမှာ ဖုံးအုပ်ထားရတဲ့ ရုပ်အလောင်းတွေဟာ အိမ်ပြန်ရောက်ပြီးနောက်မှာလည်း သူ့စိတ်ထဲမှာ ကျန်နေခဲ့ပါတယ်။

အဲဒီခရီးက သူ့အသက်မွေးဝမ်းကျောင်းကိုလည်း ထိခိုက်စေခဲ့ပါတယ်။ နှစ်ပတ်ကျော် တောင်ယာကနေ ခွာခဲ့ရတာကြောင့် လုပ်ငန်းတွေ ပျက်သွားခဲ့ပြီး အဲဒီကာလအတွင်း ဝင်ငွေလည်း မရခဲ့ပါဘူး။ သူ့နောက်မှာ ကျန်ခဲ့တဲ့ ဇနီးနဲ့ ကလေးနှစ်ဦးအတွက် စားဝတ်နေရေးကလည်း ပိုခက်ခဲလာပါတယ်။

ထမ်းပို့ဖို့ ခေါ်ယူခံရတဲ့သူတွေအတွက် အဲဒီလိုဆုံးရှုံးမှုတွေက တစ်ပုံစံတည်း မဟုတ်ဘူးလို့ ဒေသခံတွေက ပြောပါတယ်။ ငွေကြေးတတ်နိုင်သူတွေက အစားထိုးလူငှားနိုင်ပေမယ့် ငွေကြေးမတတ်နိုင်သူတွေကတော့ ကိုယ်တိုင်သွားရတယ်လို့ ဦးဒီရမ်က ပြောပါတယ်။

“ပိုက်ဆံရှိတဲ့သူက အစားထိုးလူငှားတယ်လေ။ လေးသိန်း၊ ငါးသိန်းပေးရတယ် တစ်ခေါက်ကို။ ပိုက်ဆံမရှိသူက ကိုယ်တိုင်သွားရပါတယ်” လို့ သူက ပြောပါတယ်။

ခေါင်လန်ဖူးဒေသမှာ အရပ်သားတွေကို စစ်လက်နက်နဲ့ ရိက္ခာတွေ ထမ်းပို့ဖို့ ခေါ်ယူမှုတွေဟာ ၂၀၂၅ ခုနှစ်ကတည်းက ရှိနေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။ တစ်လကို နှစ်ကြိမ်ထက်မနည်း ခေါ်ယူခံနေရပြီး မြို့ပေါ်ရပ်ကွက်တစ်ခုကို လူနှစ်ဦးနှုန်း၊ ကျေးရွာတွေမှာတော့ ရွာအရွယ်အစားအလိုက် လူ ၁၀ ဦးကနေ ၁၅ ဦးအထိ ခေါ်ယူတယ်လို့ သိရပါတယ်။

အခုလို ရိက္ခာနဲ့ ပစ္စည်းတွေ ထမ်းပို့နေရတာဟာ လန်ဆယ်နဲ့ လာဟီဆင်ဘက်မှာ ဆက်ရှိနေတဲ့ စစ်ရေးတင်းမာမှုနဲ့ ဆက်စပ်နေပါတယ်။ လန်ဆယ်နဲ့ လာဟီဆင်ဟာ ဆော့လော်မြို့နယ်အတွင်း တည်ရှိပြီး ခေါင်လန်ဖူး၊ ချီဖွေ၊ ပန်ဝါနဲ့ လန်ဆယ်ဘက်ကို ဆက်သွယ်သွားလာရာမှာ အရေးပါတဲ့နေရာတွေ ဖြစ်ပါတယ်။

KIA နဲ့ ခါကာဘိုပြည်သူ့ကာကွယ်ရေးတပ် ပူးပေါင်းတပ်တွေက လာဟီဆင်စခန်းနဲ့ လန်ဆယ်ကို ၂၀၂၄ ခုနှစ် နှစ်ကုန်ပိုင်းမှာ သိမ်းပိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ အဲဒီနောက် စစ်ကောင်စီတပ်နဲ့ ရဝမ်ပြည်သူ့စစ်ပူးပေါင်းတပ်တွေက ၂၀၂၅ ခုနှစ်အတွင်း အဲဒီဒေသတွေကို ပြန်ရဖို့ အကြိမ်ကြိမ် ကြိုးပမ်းခဲ့ပေမယ့် ဆုတ်ခွာခဲ့ရတယ်လို့ ဆိုပါတယ်။

၂၀၂၆ ခုနှစ်အတွင်းမှာလည်း လာဟီဆင်နဲ့ လန်ဆယ်ဘက်ကို ပြန်လည်ထိန်းချုပ်နိုင်ရေးအတွက် စစ်ရေးပြင်ဆင်မှုတွေ ဆက်ရှိနေခဲ့တာကြောင့် ရှေ့တန်းကို ရိက္ခာနဲ့ ပစ္စည်းတွေ သယ်ပို့ဖို့ လူအင်အားလိုအပ်ချက်လည်း ဆက်ရှိနေပါတယ်။

အဲဒီလိုအပ်ချက်ရဲ့ တစ်စိတ်တစ်ပိုင်းကိုတော့ ဦးဒီးရမ်လို အရပ်သားတွေက ကိုယ်တိုင် ထမ်းပို့ပေးခဲ့ရတာပါ။

တောင်ယာလုပ်ရင်း မိသားစုနဲ့အတူ နေချင်တဲ့ ဦးဒီးရမ်ဟာ အခုတော့ ခေါင်လန်ဖူးမှာ မနေတော့ပါဘူး။ နောက်တစ်ကြိမ် ထောက်ပို့လုပ်ဖို့ ခေါ်ယူခံရမှာကို စိုးရိမ်တာကြောင့် ပူတာအိုမြို့မှာ ကြုံရာကျပန်းအလုပ် လုပ်ရင်း ရသမျှဝင်ငွေနဲ့ မိသားစုကို ထောက်ပံ့နေပါတယ်။

မိသားစုနဲ့ ဝေးနေရတာကို သူ မလိုချင်ပါဘူး။ အခုဆို အခုချက်ချင်း ဇနီးနဲ့ ကလေးတွေဆီ ပြန်ချင်တယ်လို့ ပြောပါတယ်။

ဒါပေမယ့် သူ့အတွက် အိမ်ပြန်ဖို့ထက် ပိုကြီးမားတဲ့ စိုးရိမ်မှုတစ်ခု ရှိနေပါတယ်။ အဲဒါကတော့ တစ်နေ့မှာ “ထောက်ပို့ပြန်သွားရမယ်” ဆိုတဲ့အသံကို ထပ်ကြားရမှာပါ။

“ပြန်ချင်တော့ အခုဆို အခုချက်ချင်း မိန်းမနဲ့ ကလေးတွေဆီ ပြန်ချင်တယ်။ ဒါပေမယ့် ‘ထောက်ပို့သွားရမယ်’ ဆိုတဲ့အသံကို ထပ်မကြားချင်ဘူး။ ထပ်လည်း မသွားချင်ဘူး။ ခေါင်လန်ဖူးမှာ ထောက်ပို့ဆိုတာ မကြားရတဲ့နေ့မှာ ပြန်မယ်။ ဒါမှမဟုတ်လည်း ရုန်းကန်ပြီး မိသားစုကို ဒီခေါ်ဖို့ထိ တွေးထားတယ်” လို့ ဦးဒီရမ်က ပြောပါတယ်။

By – Zaw Zaw

Show More

Leave a Reply

Back to top button