မူးယစ်ဆေးဝါးရဲ့ သားကောင်ဖြစ်လာတဲ့ ကလေးငယ်များ
ကမ္ဘာပေါ်မှာ မွှေးရနံ့နဲ့ အလှတရားတွေ ပေးစွမ်းနေတဲ့ ပန်းမျိုးစုံ ရှိပါတယ်။
အဲဒီပန်းတွေထဲမှာ လူ့ဘဝတွေကို တဖြည်းဖြည်း ဝါးမြိုစေနိုင်တဲ့ အဆိပ်ပန်းတစ်မျိုးလည်း ရှိနေပါတယ်။
အဲဒါကတော့ ဘိန်းပန်း ဖြစ်ပါတယ်။ ကချင်ဘာသာစကားနဲ့ “လဘူးပန်” (Labu Pan) လို့ ခေါ်ကြတဲ့ ဒီပန်းကို မြန်မာလိုတော့ ဘိန်းပင်လို့ ခေါ်ပါတယ်။
တောင်ပေါ်ဒေသတွေမှာ စိုက်ပျိုးကြတဲ့ ဘိန်းခင်းတွေဟာ ပန်းပွင့်ချိန်ရောက်တဲ့အခါ အရောင်သွေးစုံလှပတဲ့ အသွင်အပြင်ကြောင့် အဝေးကကြည့်ရင် ဆွဲဆောင်မှုရှိလွန်းပါတယ်။
ဒါပေမယ့် အဲဒီလှပမှုရဲ့ နောက်ကွယ်မှာတော့ လူတွေရဲ့ဘဝကို ထိခိုက်စေနိုင်တဲ့ အန္တရာယ်တွေ ရှိနေပါတယ်။
ဘိန်းပန်းပွင့်ပြီးနောက် အသီးဖြစ်လာတဲ့အချိန်မှာ မူးယစ်ဆေးဝါး ထုတ်လုပ်ဖို့ အသုံးပြုကြပါတယ်။ ဘိန်းသီး မမှည့်ခင် အပေါ်ယံအခွံကို အနည်းငယ် ခြစ်ယူလိုက်တဲ့အခါ ထွက်လာတဲ့ ဘိန်းအစေးကို စုဆောင်းပြီး မူးယစ်ဆေးဝါး ထုတ်လုပ်ကြတာ ဖြစ်ပါတယ်။
ကချင်ပြည်နယ်မှာ မူးယစ်ဆေးဝါးပြဿနာဟာ နှစ်ပေါင်းများစွာ ရှိလာခဲ့တဲ့ ပြဿနာတစ်ခု ဖြစ်ပါတယ်။ မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲသူတွေ ရှိနေတယ်ဆိုတာကလည်း ဒေသခံတွေအတွက် အသစ်အဆန်း မဟုတ်တော့ပါဘူး။
ဒါပေမယ့် မကြာသေးခင်နှစ်တွေမှာ ပိုပြီး စိုးရိမ်စရာ ဖြစ်လာတာကတော့ မူးယစ်ဆေးဝါးရဲ့ သက်ရောက်မှုဟာ အသက် ၁၈ နှစ်မပြည့်သေးတဲ့ ကလေးသူငယ်တွေအထိ ရောက်လာပြီး သူတို့ရဲ့ ဘဝနဲ့ အနာဂတ်တွေကို ထိခိုက်စေနေတာ ဖြစ်ပါတယ်။
မူးယစ်ဆေးဝါးကြောင့် ထိခိုက်ပျက်စီးလာတဲ့ ကလေးသူငယ်တွေကို အကြမ်းဖျင်းအားဖြင့် နှစ်မျိုးခွဲပြီး ကြည့်နိုင်ပါတယ်။
တစ်မျိုးကတော့ ဆင်းရဲနွမ်းပါးမှု၊ ဖိအားပေးခံရမှုနဲ့ အခြေအနေတချို့ကြောင့် မူးယစ်ဆေးဝါး ရောင်းချတဲ့လုပ်ငန်းတွေထဲ ဆွဲသွင်းခံနေရတဲ့ ကလေးတွေ ဖြစ်ပါတယ်။
နောက်တစ်မျိုးကတော့ ပတ်ဝန်းကျင်အခြေအနေ၊ လူမှုရေးပြဿနာတွေနဲ့ မူးယစ်ဆေးဝါးကို လွယ်လွယ်ကူကူ ရရှိနိုင်တဲ့ အခြေအနေတွေကြောင့် ကိုယ်တိုင် သုံးစွဲလာကြတဲ့ ကလေးတွေ ဖြစ်ပါတယ်။
အဲဒီကလေးတွေထဲမှာ မူးယစ်ဆေးဝါးရဲ့ သက်ရောက်မှုကြောင့် လူတစ်ယောက်ရဲ့ အပြုအမူ ဘယ်လောက်အထိ ပြောင်းလဲသွားနိုင်သလဲဆိုတာ ပြသနေတဲ့ ဖြစ်ရပ်တစ်ခုကတော့ ပြီးခဲ့တဲ့ ဇူလိုင် ၅ ရက်နေ့က မိုးကောင်းမြို့ ရွာသစ်ရပ်ကွက်မှာ ဖြစ်ခဲ့ပါတယ်။
ဇူလိုင် ၅ ရက်နေ့ မနက်အစောပိုင်း သန်းခေါင်ကျော်အချိန်မှာ မိုးကောင်းမြို့ ရွာသစ်ရပ်ကွက်က နေအိမ်တစ်အိမ်အတွင်း ကြေကွဲဖွယ် ဖြစ်ရပ်တစ်ခု ဖြစ်ခဲ့ပါတယ်။
အသက် ၁၂ နှစ်အရွယ် ကောင်လေးတစ်ဦးဟာ ညဘက်အပြင်ထွက်ပြီး အိမ်ပြန်ရောက်လာပြီးနောက် အဖွားဖြစ်သူကို တောရှင်းရာမှာ အသုံးပြုတဲ့ ဓားမလို့ ယူဆရတဲ့ ဓားနဲ့ ဦးခေါင်းကို အကြိမ်ရေများစွာ ခုတ်ခဲ့တာ ဖြစ်ပါတယ်။
အဖွားဖြစ်သူဟာ ဦးခေါင်းမှာ နက်ရှိုင်းတဲ့ ဓားဒဏ်ရာ အများအပြား ရရှိခဲ့ပြီး အသက်အန္တရာယ် စိုးရိမ်ရတဲ့ အခြေအနေအထိ ရောက်ခဲ့ပါတယ်။
ဒါပေမယ့် အချိန်မီ ဆေးကုသနိုင်ခဲ့တာကြောင့် အသက်ကို ကယ်တင်နိုင်ခဲ့ပါတယ်။အဖွားဖြစ်သူကို အဲဒီလို ပြုမူခဲ့ရတဲ့ အကြောင်းရင်းကိုတော့ တိတိကျကျ မသိရသေးပါဘူး။
ဒါပေမယ့် အဲဒီကလေးရဲ့ နောက်ခံအခြေအနေကို သိရှိသူတွေကတော့ သူဟာ အချိန်အများစုကို အပြင်မှာ ဖြတ်သန်းလေ့ရှိပြီး ညဘက်တွေမှာ ဖဲဝိုင်းတွေ သွားတတ်သလို မူးယစ်ဆေးဝါး သုံးစွဲမှုလည်း ရှိခဲ့တယ်လို့ ပြောပါတယ်။
မိခင်ဖြစ်သူကလည်း အဲဒီညမှာ ကလေးဟာ မူးယစ်ဆေးအရှိန်ကြောင့် ပုံမှန်အခြေအနေ မရှိခဲ့ဘူးလို့ ပြောပါတယ်။
မူးယစ်ဆေးဝါးရဲ့ သက်ရောက်မှုကြောင့် သတိလက်လွတ်ဖြစ်ပြီး အနီးဆုံးမိသားစုဝင်ဖြစ်တဲ့ အဖွားကိုပါ ဒဏ်ရာရတဲ့ထိထိခိုက်စေတဲ့ အခြေအနေအထိ ရောက်လာခဲ့တာ ဖြစ်ပါတယ်။
ဒီဖြစ်ရပ်ကို ပြန်ကြည့်မယ်ဆိုရင် အသက်မပြည့်သေးတဲ့ ကလေးတစ်ဦး မူးယစ်ဆေးဝါးကို လွယ်လွယ်ကူကူ ရရှိသုံးစွဲနိုင်တဲ့ ပတ်ဝန်းကျင်ကနေ ဖြစ်လာတဲ့ ဆိုးကျိုးတစ်ခုလို့ မြင်နိုင်ပါတယ်။
မူးယစ်ဆေးဝါးဟာ အသက်အရွယ်ကြီးသူတွေ သုံးစွဲရင်တောင် စိတ်ပိုင်းဆိုင်ရာနဲ့ အပြုအမူပိုင်းဆိုင်ရာ ထိခိုက်မှုတွေ ဖြစ်စေနိုင်ပါတယ်။
အထူးသဖြင့် ဖွံ့ဖြိုးဆဲအရွယ်မှာ ရှိနေသေးတဲ့ ကလေးသူငယ်တွေ သုံးစွဲမိပါက ဦးနှောက်ဖွံ့ဖြိုးမှုနဲ့ ဆုံးဖြတ်နိုင်စွမ်းအပေါ် ပိုမိုပြင်းထန်တဲ့ သက်ရောက်မှုတွေ ဖြစ်လာနိုင်ပါတယ်။
အသက်မပြည့်သေးတဲ့ ကလေးတွေ မူးယစ်ဆေးဝါး သုံးစွဲလာတဲ့အခါ ဆေးအရှိန်ကြောင့် တွေးခေါ်ဆုံးဖြတ်နိုင်စွမ်းနဲ့ အပြုအမူတွေ ပြောင်းလဲလာနိုင်တယ်လို့ Counseling Psychologist (စိတ်ကျန်းမာရေး အကြံပေး စိတ်ပညာရှင်) ဆရာမ မနမ်ဂျာဆိုင်းအိန်က ပြောပါတယ်။
“နဂိုကတည်းက ကလေးဖြစ်တဲ့အတွက် သိပ်မတွေးတတ်သေးတဲ့အချိန်မှာ သူတို့တွေးခေါ်နိုင်တဲ့ အတိုင်းအတာကို ဆေးက ပြန်ကျုံ့ပေးလိုက်တာ ဖြစ်တဲ့အတွက် အဖွားလည်း မသိတော့ဘူး။ အမေလည်း မသိတော့ဘူး။ ကျွန်မတို့ဦးနှောက် ပုံမှန်အလုပ်လုပ်တာကို ကျုံ့ပေးလိုက်တာ ဖြစ်တဲ့အတွက် အဲဒီဆေးက အရမ်းကြောက်ဖို့ကောင်းတယ်” လို့ ဆိုပါတယ်။
ဒီလို မူးယစ်ဆေးဝါးနဲ့ ဆက်နွယ်တဲ့ အခြေအနေထဲ ရောက်ရှိနေတဲ့ ကလေးငယ်တွေ ပြန်လည်ကောင်းမွန်လာဖို့အတွက် မိသားစုအတွင်း နွေးထွေးတဲ့ ဆက်ဆံရေးနဲ့ အားပေးမှုတွေ လိုအပ်ပါတယ်။
ဒါ့အပြင် မူးယစ်ဆေးဝါးနဲ့ ပြန်လည်ထိတွေ့မိတာမျိုး မဖြစ်အောင် ကာကွယ်ပေးဖို့၊ ကလေးတွေ ပြောချင်တဲ့အရာတွေကို နားထောင်ပေးဖို့နဲ့ လိုအပ်ပါက စိတ်ပိုင်းဆိုင်ရာ ကုသမှုတွေ ရယူပေးဖို့ လိုအပ်တယ်လို့ စိတ်
ကျန်းမာရေး အကြံပေးသူတွေက အကြံပြုထားပါတယ်။
အလားတူ မူးယစ်ဆေးဝါးရဲ့ သက်ရောက်မှုကြောင့် ဖြစ်လာတဲ့ နောက်ဆက်တွဲပြဿနာတွေထဲမှာ ပြီးခဲ့တဲ့ ဇန်နဝါရီလ နောက်ဆုံးပတ်က လူတစ်ဦး ကိုယ့်ကိုယ်ကို ထိခိုက်စေခဲ့တဲ့ ဖြစ်ရပ်တစ်ခုလည်း ရှိခဲ့ပါတယ်။
ဒီဖြစ်ရပ်တွေဟာ မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲမှုတွေကနေ ဖြစ်လာနိုင်တဲ့ ဆိုးကျိုးတွေရဲ့ ဥပမာတချို့ပဲ ဖြစ်ပါတယ်။
ဒါ့အပြင် အဲဒီကလေးငယ် နေထိုင်တဲ့ မိုးကောင်းမြို့ ရွာသစ်ရပ်ကွက်ဟာ မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲမှုတွေ ပေါ်ပေါ်တင်တင် ရှိနေတဲ့ နေရာတစ်ခု ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဲဒီနေရာဟာ မိုးကောင်းမြို့ အထက (၂) စာသင်ကျောင်းနဲ့လည်း နီးစပ်တာကြောင့် ကလေးသူငယ်တွေ မူးယစ်ဆေးဝါးနဲ့ ထိတွေ့လာမှာကို မိဘတွေက စိုးရိမ်နေကြပါတယ်။
ရွာသစ်ရပ်ကွက်နဲ့ ဈေးကုန်းကြား နေရာတွေမှာ မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲနေသူတွေကို နေ့စဉ်နီးပါး တွေ့မြင်နေရတာကြောင့် သားသမီးတွေရဲ့ လုံခြုံရေးနဲ့ အနာဂတ်အတွက် စိုးရိမ်နေရတယ်လို့ မိဘတွေက ပြောပါတယ်။
ဒီလိုအခြေအနေတွေကြောင့် မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲမှုတွေကို အရေးယူပေးဖို့ မိုးကောင်းမြို့ ရဲတပ်ဖွဲ့ထံ တိုင်ကြားမှုတွေ ရှိပေမယ့် ထိရောက်တဲ့ ဖြေရှင်းမှုတွေ မတွေ့ရဘူးလို့ ဒေသခံတချို့က ပြောပါတယ်။
သူတို့ရဲ့ ပြောပြချက်အရ ရောင်းဝယ်သုံးစွဲသူတချို့ကိုသာ ဖမ်းဆီးတာတွေ ရှိပြီး အဓိက ဖြန့်ဖြူးနေသူတွေကိုတော့ ထိထိရောက်ရောက် အရေးယူနိုင်ခြင်း မရှိဘူးလို့ ဆိုပါတယ်။
“မူးယစ်ဆေး ပပျောက်အောင် မလုပ်နိုင်ပါဘူး။ လမ်းမပေါ်မှာတောင် ရောင်းတာ၊ သုံးတာတွေ ရှိနေတယ်။ ကျောင်းသား၊ ကျောင်းသူတွေအတွက် အရမ်းစိုးရိမ်တယ်။ ဆေးရောင်းတဲ့နေရာနဲ့ စာသင်ကျောင်းကလည်း နီးတယ်။ ဒီလိုဖြစ်နေတာတွေကို တားဆီးဖို့ လိုပါတယ်” လို့ မိဘပြည်သူတစ်ဦးက ပြောပါတယ်။
ဒါဟာ မိုးကောင်းမြို့မှာ မူးယစ်ဆေးဝါးရဲ့ သက်ရောက်မှုကြောင့် ကလေးသူငယ်တွေ ရင်ဆိုင်နေရတဲ့ ပြဿနာတစ်ခု ဖြစ်ပါတယ်။
အလားတူ အခြေအနေမျိုးကို မြစ်ကြီးနားမြို့ ရပ်ပူရပ်ကွက်မှာလည်း တွေ့မြင်နေရပါတယ်။
ရပ်ပူရပ်ကွက်ဟာ မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲမှု များပြားတဲ့ နေရာတစ်ခုဖြစ်ပြီး ပိုပြီး စိုးရိမ်စရာကတော့ အသက်မပြည့်သေးတဲ့ ကလေးသူငယ်တွေကိုပါ လူကြီးတွေက ဖိအားပေးပြီး မူးယစ်ဆေးဝါး ရောင်းချခိုင်းနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရပ်ကွက်နေသူတွေရဲ့ ပြောပြချက်အရ အသက်မပြည့်သေးတဲ့ ကလေးတွေ မူးယစ်ဆေးဝါး ရောင်းချနေရတဲ့ အခြေအနေဟာ လွန်ခဲ့တဲ့ ၃ နှစ်ဝန်းကျင်ကတည်းက ရှိလာခဲ့တယ်လို့ ဆိုပါတယ်။
လက်ရှိမှာတော့ မြစ်ကြီးနားမြို့ ရပ်ပူရပ်ကွက် နယ်မြေ (၂၁) အတွင်း မူးယစ်ဆေးဝါး ရောင်းချနေတဲ့ အသက်မပြည့်သေးတဲ့ ကလေးသူငယ် ၃ ဦးကို တွေ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဲဒီထဲမှာ မောင်နှမနှစ်ဦးဖြစ်တဲ့ အသက် ၁၂ နှစ်အရွယ် ကောင်လေးနဲ့ အသက် ၁၅ နှစ်အရွယ် မိန်းကလေးတို့ကိုတော့ လေယာဉ်ကွင်းရှေ့ ဆေးတပ်က ဗိုလ်ကြီး လှိုင်ဝင်းရဲ့ ဇနီးဖြစ်သူက ဖိအားပေးခြိမ်းခြောက်ပြီး မူးယစ်ဆေးဝါး ရောင်းချခိုင်းနေတယ်လို့ ရပ်ကွက်နေသူတွေက ပြောပါတယ်။
“အဲဒီကလေးတွေ အိပ်ရာက မထရင် မနက် ၆ နာရီလာခိုင်းတယ်။ ခေါင်းခေါက်တာ၊ ပါးရိုက်တာတွေ လုပ်ပြီး ‘ငါဘယ်သူလဲ သိတယ်မလား၊ အခုမထဘူးလား’ ဆိုပြီး အတင်းခေါ်သွားကာ ရောင်းခိုင်းတာ”လို့ ရပ်ကွက်နေသူတစ်ဦးက ပြောပါတယ်။
အဲဒီမောင်နှမနှစ်ဦးရဲ့ မိသားစုနောက်ခံအခြေအနေနဲ့ ပတ်သက်ပြီးတော့ မိခင်ဖြစ်သူဟာ မူးယစ်ဆေးဝါးဆိုင်ရာ အမှုနဲ့ ထောင်ကျခဲ့ဖူးပြီး ဖခင်ဖြစ်သူမှာလည်း မူးယစ်ဆေးစွဲမှု ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒါ့အပြင် အသက် ၁၅ နှစ်နဲ့ ၁၆ နှစ်ဝန်းကျင်ရှိတဲ့ မိန်းကလေးတစ်ဦးကိုလည်း မူးယစ်ဆေးဝါး ရောင်းဝယ်တဲ့လုပ်ငန်းနဲ့ ဆက်နွယ်နေတဲ့ မိထွေးဖြစ်သူက ကျောင်းထွက်ခိုင်းပြီး မူးယစ်ဆေးဝါး ရောင်းချခိုင်းနေတယ်လို့ ရပ်ကွက်နေသူတွေက ဆိုပါတယ်။
မြန်မာနိုင်ငံမှာ ၁၉၉၃ ခုနှစ် ဇန်နဝါရီ ၂၇ ရက်က ပြဋ္ဌာန်းခဲ့ပြီး ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ ၁၄ ရက်မှာ ပြင်ဆင်ခဲ့တဲ့ မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အသက် ၁၆ နှစ်မပြည့်သေးတဲ့ ကလေးသူငယ်တွေကို မူးယစ်ဆေးဝါး ထုတ်လုပ်ခြင်း၊ သယ်ယူပို့ဆောင်ခြင်း၊ ဖြန့်ဖြူးခြင်း၊ တင်သွင်းခြင်းနဲ့ တင်ပို့ခြင်း စတဲ့ ပြစ်မှုတွေမှာ အသုံးချတာကို ပြင်းထန်တဲ့ ပြစ်မှုအဖြစ် သတ်မှတ်ထားပါတယ်။
ဒါ့အပြင် ၂၀၁၉ ခုနှစ် ဇူလိုင် ၂၃ ရက်မှာ ပြဋ္ဌာန်းခဲ့တဲ့ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေအရလည်း ကလေးသူငယ်တွေကို မူးယစ်ဆေးဝါး ထုတ်လုပ်မှု၊ သယ်ယူပို့ဆောင်မှုနဲ့ ရောင်းဝယ်ဖောက်ကားမှုလို တရားမဝင်လုပ်ငန်းတွေမှာ အသုံးချတာကို အဆိုးရွားဆုံး ကလေးအလုပ်သမားပုံစံတစ်ရပ်အဖြစ် တားမြစ်ထားပါတယ်။
ကုလသမဂ္ဂရဲ့ ၁၉၈၉ ခုနှစ် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကွန်ဗင်းရှင်း (CRC) အပိုဒ် ၃၃ မှာလည်း နိုင်ငံတွေဟာ ကလေးသူငယ်တွေကို မူးယစ်ဆေးဝါး သုံးစွဲမှုကနေ ကာကွယ်ပေးရမှာဖြစ်သလို မူးယစ်ဆေးဝါး ထုတ်လုပ်မှုနဲ့ ရောင်းဝယ်ဖောက်ကားမှုတွေမှာ ကလေးတွေကို အသုံးချတာ မဖြစ်အောင် လိုအပ်တဲ့ ဥပဒေနဲ့ စီမံဆောင်ရွက်မှုတွေ ပြုလုပ်ရမယ်လို့ ဖော်ပြထားပါတယ်။
ဒါပေမယ့် လက်ရှိ မြစ်ကြီးနားမြို့မှာတော့ ကလေးသူငယ်တွေကို ကာကွယ်ပေးရမယ့် စနစ်တွေ အားနည်းနေတယ်လို့ ထိုင်းနိုင်ငံအခြေစိုက် ကချင်အမျိုးသမီးအစည်းအရုံး (Kachin Women’s Association Thailand) ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဆရာမ ဆန်ထွယ်က သုံးသပ်ပါတယ်။
“ကျွန်မတို့ မြန်မာနိုင်ငံက Child Rights Convention မှာ လက်မှတ်ထိုးထားတဲ့ အဖွဲ့ဝင်နိုင်ငံ ဖြစ်ပါတယ်။ ကလေးအခွင့်အရေးနဲ့ ပတ်သက်ပြီး နိုင်ငံတကာရဲ့ အမြင့်ဆုံး စံနှုန်းတွေထဲက တစ်ခုကို လက်ခံထားပေမယ့် လက်တွေ့လိုက်နာတဲ့နေရာမှာ အများကြီး လစ်ဟာနေတာ တွေ့ရတယ်”
ကလေးတွေရဲ့ အခွင့်အရေးနဲ့ ပတ်သက်ပြီး စောင့်ကြည့်အတည်ပြုဖို့ ခက်ခဲလာသလို အခွင့်အရေးကာကွယ်မှု အားနည်းတဲ့ အခြေအနေကို ရောက်နေတယ်” လို့ ဆိုပါတယ်။
ကချင်ပြည်နယ်မှာတော့ စစ်ကောင်စီ အာဏာမသိမ်းခင်ကာလက ကချင်တိုင်းရင်းသားတွေ ဖွဲ့စည်းထားတဲ့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအဖွဲ့ (Pat Jasan) ရှိခဲ့ပြီး မူးယစ်ဆေးဝါး တိုက်ဖျက်ရေးလုပ်ငန်းတွေကို အင်တိုက်အားတိုက် ဆောင်ရွက်ခဲ့ပါတယ်။
ဒါ့အပြင် မူးယစ်ဆေးစွဲနေသူတွေကိုလည်း ဘိန်းဖြတ်စခန်းတွေကတစ်ဆင့် ကုသပေးတာတွေ လုပ်ဆောင်ခဲ့ပါတယ်။
ဒါပေမယ့် စစ်တပ်က အာဏာသိမ်းပြီးနောက် လူထုအခြေပြု အဖွဲ့အစည်းတွေရဲ့ လှုပ်ရှားမှုတွေ ကန့်သတ်ခံလာရတာကြောင့် အရင်ကလို မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲမှုတွေကို တားဆီးအရေးယူဖို့ ပိုမိုခက်ခဲလာတယ်လို့ Pat Jasan အဖွဲ့မှာ ပါဝင်လှုပ်ရှားခဲ့ဖူးတဲ့ အဖွဲ့ဝင်ဟောင်းတစ်ဦးက ပြောပါတယ်။
“နိုင်ငံရေးအခြေအနေ မကောင်းတော့တဲ့အတွက် Pat Jasan နဲ့ ပတ်သက်တဲ့ လှုပ်ရှားမှုတွေ လုံးဝမရှိတော့ဘူး။ ဒါကြောင့် ထိုးတာတွေ၊ ရောင်းတာတွေ ပိုများလာတာပေါ့။ ဒါပေမယ့် အရင်တုန်းကလိုတော့ ပရမ်းပတာ ဖြစ်တဲ့အထိ မရောက်ခဲ့ဘူး” လို့ ဆိုပါတယ်။
Pat Jasan အဖွဲ့ဝင်ဟောင်းရဲ့ ပြောပြချက်အရ ၂၀၂၃ ခုနှစ်နဲ့ ၂၀၂၄ ခုနှစ်ဝန်းကျင်ကစပြီး တချို့ရပ်ကွက်တွေမှာ မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲမှုတွေ လျော့နည်းလာပေမယ့် ရပ်ပူရပ်ကွက်နဲ့ ခေမာသီရိရပ်ကွက်တွေမှာတော့ မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲမှု ပိုမိုများပြားလာတယ်လို့ ဆိုပါတယ်။
အဲဒီအခြေအနေတွေကို နှိုင်းယှဉ်ကြည့်မယ်ဆိုရင် တခြားနေရာတွေမှာ ရှိခဲ့တဲ့ မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲသူတချို့ဟာ ရပ်ပူနဲ့ ခေမာသီရိရပ်ကွက်ဘက်ကို ရွှေ့ပြောင်းလာတာ ဖြစ်နိုင်တယ်လို့ သူက သုံးသပ်ပါတယ်။
ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှုဆိုင်ရာရုံး (UNODC) ရဲ့ ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၁၂ ရက် ထုတ်ပြန်ချက်မှာတော့ မြန်မာနိုင်ငံဟာ ၂၀၂၃ ခုနှစ်နဲ့ နှိုင်းယှဉ်ရင် ဘိန်းစိုက်ပျိုးထုတ်လုပ်မှု ၄ ရာခိုင်နှုန်းခန့် ကျဆင်းခဲ့ပေမယ့် ကမ္ဘာ့ဘိန်းထုတ်လုပ်မှု အများဆုံးနိုင်ငံအဖြစ် ဆက်လက်ရှိနေတယ်လို့ ဖော်ပြထားပါတယ်။
အဲဒီအစီရင်ခံစာအရ မြန်မာနိုင်ငံမှာ ဘိန်းစိုက်ပျိုးဧရိယာဟာ ၄၅,၂၀၀ ဟက်တာ ရှိပြီး ရှမ်းပြည်နယ်က တစ်နိုင်ငံလုံး ဘိန်းစိုက်ပျိုးထုတ်လုပ်မှုရဲ့ ၈၈ ရာခိုင်နှုန်းခန့်ကို ရှိနေတယ်လို့ သိရပါတယ်။
ဘိန်းစိုက်ပျိုးတဲ့ ဒေသတချို့မှာတော့ သက်ဆိုင်ရာ လက်နက်ကိုင်အဖွဲ့တွေက တင်းကြပ်တဲ့ ထိန်းချုပ်မှုတွေ ပြုလုပ်ထားတာကြောင့် ဘိန်းစိုက်ပျိုးမှု ရှိနေသော်လည်း ဒေသတွင်း မူးယစ်ဆေးဝါး သုံးစွဲမှုက အနည်းငယ်သာ ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒါပေမယ့် စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ ဝိုင်းမော်နဲ့ မြစ်ကြီးနားလို နေရာတွေမှာတော့ မူးယစ်ဆေးဝါး သုံးစွဲမှုနဲ့ ဆက်နွယ်တဲ့ သေဆုံးမှုတွေ ရှိနေသလို ရောင်းဝယ်သုံးစွဲမှုတွေကိုလည်း ထိရောက်စွာ ထိန်းချုပ်နိုင်ခြင်း မရှိဘူးလို့ ဒေသခံတွေက ဝေဖန်ကြပါတယ်။
ဒီအခြေအနေနဲ့ ပတ်သက်ပြီး ကချင်နိုင်ငံရေး လေ့လာသုံးသပ်သူတစ်ဦးကတော့ မူးယစ်ဆေးဝါးပြဿနာ ပိုမိုဆိုးရွားလာရတဲ့ အကြောင်းရင်းထဲမှာ အုပ်ချုပ်ရေးစနစ် အားနည်းလာမှုလည်း ပါဝင်တယ်လို့ သုံးသပ်ပါတယ်။
“အခုက ပိုင်ရှင်မရှိတဲ့ ပုံစံမျိုး ဖြစ်နေတာပေါ့။ ဘယ်သူက အုပ်ချုပ်နေတာလဲဆိုတာ မရှင်းလင်းတဲ့ အခြေအနေဖြစ်နေတယ်။စစ်ကောင်စီကတော့ အစိုးရဆိုပြီး အုပ်ချုပ်နေပေမယ့် ထိရောက်မှု မရှိဘူးလို့ မြင်ရတယ်။ ကေအိုင်အိုဘက်မှာလည်း အုပ်ချုပ်ရေးယန္တရားက အဲဒီလောက် မကျယ်ပြန့်သေးဘူး။ဒါကြောင့် အခြေအနေတွေက ဖြစ်ချင်သလို ဖြစ်နေတယ်။ ပြည်သူတွေအနေနဲ့ ကိုယ့်ရပ်ရွာကို ကိုယ်တာဝန်ယူပြီး ကာကွယ်ဖို့ လိုအပ်လာတယ်လို့ မြင်တယ်” လို့ ဆိုပါတယ်။
တစ်ဖက်မှာလည်း ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှုဆိုင်ရာရုံး (UNODC) က ၂၀၂၆ ခုနှစ် ဇွန် ၂၆ ရက်မှာ ထုတ်ပြန်ခဲ့တဲ့ World Drug Report 2026 အရ မြန်မာနိုင်ငံဟာ ကမ္ဘာ့တရားမဝင် ဘိန်းထုတ်လုပ်မှု အများဆုံးနိုင်ငံအဖြစ် ဆက်လက်တည်ရှိနေတယ်လို့ ဖော်ပြထားပါတယ်။
အဲဒီအစီရင်ခံစာဟာ ၂၀၂၄ ခုနှစ် အောက်တိုဘာလကနေ ၂၀၂၅ ခုနှစ် မတ်လအထိ ရှိတဲ့ ၂၀၂၄/၂၀၂၅ ဘိန်းစိုက်ပျိုးရာသီအတွင်း စုဆောင်းထားတဲ့ အချက်အလက်တွေကို အခြေခံထားတာ ဖြစ်ပါတယ်။
အစီရင်ခံစာအရ မြန်မာနိုင်ငံရဲ့ ဘိန်းစိုက်ပျိုးထုတ်လုပ်မှုဟာ ရှမ်းပြည်နယ်နဲ့ ကချင်ပြည်နယ်တို့မှာ အဓိက စုစည်းနေဆဲ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
ဘိန်းပန်းဟာ အဝေးကကြည့်ရင် လှပတဲ့ ပန်းတစ်မျိုးလို ထင်ရပေမယ့် အဲဒီနောက်ကွယ်မှာတော့ လူငယ်တွေရဲ့ ဘဝ၊ ကလေးသူငယ်တွေရဲ့ အနာဂတ်နဲ့ မိသားစုတွေရဲ့ ဘဝတွေကို ထိခိုက်စေနိုင်တဲ့ အန္တရာယ်တွေ ရှိနေပါတယ်။
ကချင်ပြည်နယ်အတွင်း မူးယစ်ဆေးဝါးပြဿနာဟာ စိုက်ပျိုးထုတ်လုပ်မှုတင်မကဘဲ လူမှုအသိုင်းအဝိုင်းအတွင်း ထိတွေ့ပျံ့နှံ့လာတဲ့ ပြဿနာတစ်ခု ဖြစ်လာနေပါတယ်။
အထူးသဖြင့် မူးယစ်ဆေးဝါးရဲ့ သက်ရောက်မှုကို ကာကွယ်ပေးရမယ့် ကလေးသူငယ်တွေအထိ ရောက်လာနေတဲ့ အခြေအနေကတော့ လူမှုအသိုင်းအဝိုင်းတစ်ခုလုံးအတွက် စိုးရိမ်စရာ ဖြစ်လာနေပါတယ်။
By – Hope




