ဘိလပ်မြေအိတ်တစ်အိတ်ရဲ့ ခရီး – မြစ်ကြီးနားမှာ ကုန်ဈေးနှုန်းတွေ ဘာကြောင့်မြင့်နေရသလဲ
ရှိတာလေးတွေ ထုခွဲရောင်းချပြီး ဘက်ထရီဆိုင်ကယ်အသစ်တစ်စီး ဝယ်လိုက်သည်။
စက်သုံးဆီဈေး ကြီးမြင့်လာသဖြင့် ဘက်ထရီဆိုင်ကယ်ကို ရွေးချယ်လိုက်ခြင်းဖြစ်သည်ဟု အသက် ၁၉ နှစ်အရွယ် မြစ်ကြီးနားမြို့ခံ အမည်မဖော်လိုသည့်အမျိုးသမီးငယ်ကပြောပြသည်။
မြစ်ကြီးနားမြို့တွင် ယခုနောက်ပိုင်း ဘက်ထရီဆိုင်ကယ်များ အသုံးပြုသူပိုများလာပြီး အိမ်တော်တော်များများတွင် တစ်စီးတော့ အသုံးပြုလာကြသည်ဟု သူမကဆက်ပြောပြသည်။ အကြောင်းမှာ အာဏာသိမ်းပြီးနောက်ပိုင်း ကြီးမြင့်လာသည့် စက်သုံးဆီ ဈေးနှုန်းကြောင့်ဟု သူမကဆိုသည်။
ဆိုင်ကယ်အသစ်ဝယ်ပြီးနောက် သူမအတွက် ဝင်ငွေအဆင်ပြေသည့်အလုပ်တစ်ခုလည်းရှိလာသည်။မြစ်ကြီးနားမြို့ နှင့် ဧရာဝတီမြစ်ကူးတံတားတစ်ခုသာခြားသည့် ဝိုင်းမော်မြို့ကနေ မြစ်ကြီးနားဘက်ကို ဘိလပ်မြေအိတ်များ သယ်ပေးရသည့် နေ့စားအလုပ် ဖြစ်သည်။
ဝိုင်းမော်နှင့်မြစ်ကြီးနားကိုဆက်သွယ်ထားသည့် ဗလမင်းထင်တံတားကို သူမနေ့စဥ် သုံးခေါက်ထက်မနည်းဖြတ်ကူးရသည်။
“ဒီနေ့တော့ ၃ ခေါက် ရောက်အောင်ပို့ဖြစ်တော့ ၆ သောင်းရတယ်လေ”ဟု သူမကအားတက်တရောပြောပြသည်။
တရုတ်–မြန်မာနယ်စပ်ဘက်မှ ကချင်ပြည်နယ်အတွင်း ဝင်လာသည့် ဘက်ထရီဆိုင်ကယ်ဖြင့် ဘိလပ်မြေအိတ် နှစ်အိတ်ခန့် သယ်နိုင်ပြီး တစ်အိတ်သယ်ပေးလျှင် ကျပ် ၁ သောင်းခန့်ရသည်ဟု သူမက ဆိုသည်။
တစ်နေ့ သုံးခေါက် သယ်နိုင်လျှင် ကျပ် ၆ သောင်းအထိ ရနိုင်သဖြင့် အလုပ်အကိုင်အခွင့်အလမ်း ရှားပါးသည့် မြစ်ကြီးနားမြို့မှ လူငယ်တချို့အတွက် ဒီအလုပ်က ဝင်ငွေရသည့် အလုပ်တစ်ခု ဖြစ်လာနေသည်။
- တံတားကြောင့် တစ်ဆင့်ချင်း သယ်နေရ
ယခုလို ဘိလပ်မြေအိတ်များကို ဆိုင်ကယ်ဖြင့် သယ်ယူနေရသည်မှာ သူမတစ်ဦးတည်းတော့ မဟုတ်ပါဘူး။
မြစ်ကြီးနားမြို့နှင့်ဝိုင်းမော်မြို့ကြားတွင် ဘိလပ်မြေကို တစ်ဆင့်ချင်းခွဲသယ်ပေးသည့်သူများ တဖြည်းဖြည်း များလာနေသည်။
“ဘိလပ်မြေအိတ်တွေကို ဆိုင်ကယ်နဲ့လာပို့တာ။ လေးငါး ခြောက်ယောက်တစ်ဖွဲ့ တစ်ရက် အိတ် ၄၀ ၅၀ ဆိုတော့ နှစ်ရက်ဆို ပြည့်သွားတာပေါ့။ အလုပ်တစ်ခုလိုဖြစ်နေတာ။ ကလေးတွေ။ ကိုက်တယ်လေ သူတို့အတွက် အလုပ်ဖြစ်နေတာ။ဘက်ထရီဘီးရဲ့ တူးဘောက် အဲ့အထဲထည့်တာ တစ်အိတ်ဆန့်တယ်ဗျ”ဟု အသက်၆၀အရွယ် မြစ်ကြီးနားမြို့ခံ အမျိုးသားတစ်ဦးကပြောပြသည်။
မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်တွင် နေထိုင်သည့် အသက် ၆၀ အရွယ် အဆိုပါအမျိုးသားသည် လက်တလောတွင် ကိုယ်တိုင် အိမ်ဆောက်နေသူတစ်ဦးဖြစ်ပြီး အဆိုပါအလုပ်နှင့် သယ်ယူပို့ဆောင်ရေးအခက်အခဲကို တိုက်ရိုက်ကြုံနေရသူ ဖြစ်သည်။
“ဟိုဘက်ကမ်း ဒီဘက်ကမ်း ဒီတံတားလေးပဲကူးပြီး ခဏဆိုရောက်လာပြီ။ ၁၀ မိနစ်လောက်တောင် မကြာဘူး။ တစ်ခါသွား ၂ အိတ်ဆိုတော့ ၃ ခေါက် ၆ အိတ်၊ ၆ သောင်းကျန်ပြီလေ သယ်တဲ့သူတွေအတွက်” ဟု ၎င်းက ပြောသည်။
မြစ်ကြီးနားမြို့ကို ဘိလပ်မြေကဲ့သို့ ကုန်ပစ္စည်းများ သယ်ယူရာတွင် ဗလမင်းထင်တံတားသည် အဓိကဖြတ်သန်းရသည့် နေရာတစ်ခု ဖြစ်သည်။
သို့သော် လက်ရှိတွင် ဗလမင်းထင်တံတားကြီး၏ ကြံ့ခိုင်မှုအားနည်းလာသည်ဟုဆိုကာ ကားကြီးများ ဖြတ်သန်းနိုင်မှု အကန့်အသတ်ရှိလာသည်။
တရုတ်နိုင်ငံမှဝင်ရောက်လာသည့်ကုန်ပစ္စည်းများကို ကားကြီးဖြင့် တစ်ခါတည်း သယ်ယူရန် မလွယ်တော့ဘဲ သုံးဘီး၊ ဆိုင်ကယ်နှင့် လှေများကို အသုံးပြုပြီး တစ်ဆင့်ချင်း သယ်ယူနေရသည်။

ဘိလပ်မြေတစ်အိတ်ကို ဝိုင်းမော်ဘက်မှ မြစ်ကြီးနားဘက်သို့ သယ်လာရာတွင် တံတားဂိတ်၌လည်း ကုန်ကျစရိတ်တစ်ခု ရှိနေသည်။
“ဗလမင်းထင်တံတားက ဝန်မခံနိုင်တော့ဘူးဆိုပြီး ကားကြီးတွေကို မဖြတ်ခိုင်းဘဲ သုံးဘီး၊ ဆိုင်ကယ် အဲလိုသယ်ကြတာ။ ဘိလပ်မြေတစ်အိတ်ကို တစ်သောင်းတောင် ဂိတ်မှာပေးရတာ။ ဘိလပ်မြေဈေးက အခုလောလောဆယ် ၄ သောင်းတစ်အိတ်ကို။ ဈေးက မငြိမ်ဘူး။ အတက်ဘက်ပဲ”ဟု ၎င်းက ပြောသည်။
ထို့ကြောင့် ဘိလပ်မြေတစ်အိတ် မြစ်ကြီးမြို့သို့ရောက်လာသည့်အခါ ကုန်ပစ္စည်းတန်ဖိုးအပြင် သယ်ယူခ၊ ဂိတ်ကြေးနှင့် လမ်းတစ်လျှောက် ကုန်ကျစရိတ်များပါထပ်ပေါင်းလာကြသည်။
- ကချင်ပြည်နယ်ကို ကုန်စည်ဝင်ရောက်ရာ လမ်းကြောင်းတွေ အခြေအနေ
ကချင်ပြည်နယ်ကို ကုန်စည်ဝင်ရောက်နိုင်သည့် အဓိကလမ်းကြောင်းနှစ်ခုရှိသည်။တရုတ်–မြန်မာနယ်စပ် ကန်ပိုက်တီ–ဆဒုံး လမ်းကြောင်းနှင့် မန္တလေး–မြစ်ကြီးနားလမ်းကြောင်းတို့ ဖြစ်သည်။
တရုတ်ဘက်မှ ကန်ပိုက်တီ၊ ဆဒုံး၊ ဝိုင်းမော်ဘက်သို့ ဝင်လာသည့် ကုန်ပစ္စည်းများသည် မြစ်ကြီးနားမြို့ထဲ မရောက်မီ လမ်းတစ်လျှောက် စစ်ဆေးရေးဂိတ်များနှင့် ရင်ဆိုင်ရသည့်အပြင် ကားခ၊ ဆီဖိုးနှင့် အခြားကုန်ကျစရိတ်များလည်း ရှိနေသည်။
မန္တလေး–မြစ်ကြီးနား လမ်းပိုင်းတွင်လည်း လမ်းအခြေအနေကြောင့် ကုန်တင်ကားများ သွားလာရန် ခက်ခဲနေပြီး တချို့နေရာများ တွင် ရှောင်ကွင်းလမ်းများကို အသုံးပြုသွားလာနေရသည်။ မိုးရာသီတွင် သွားလာရန်ပိုလို့ ခက်ခဲသည်။
မိုးရွာပြီး လမ်းများ ပျက်စီးလာသည့်အခါ ထွန်စက်များအပြင် ဆင်များကိုပါ အသုံးပြုပြီး ကုန်တင်ကားများကို ဆွဲရသည့် အခြေအနေများ ရှိခဲ့သည်။
“လူအားတွေရော သုံးရတယ်။ ထွန်စက်ရော၊ ဆင်ရောဆိုတော့ ကုန်ကျစရိတ်က များသွားတာပေါ့။ ဆင်ဆွဲခကြီးပဲကို ၁၀ သိန်းလောက် အကုန်ခံပြီး သွားရတာ။ အခုလမ်းက ဆိုးတော့ ကုန်ကျစရိတ်က ပိုများသွားတယ်”လို့ ကုန်တင်ကားသမားတစ်ဦးက ပြောသည်။
အဆိုပါလမ်းကြောင်းများတွင် သယ်ယူပို့ဆောင်ရေးအခက်အခဲများကြောင့် ကုန်တင်ကားများ ကြန့်ကြာခြင်း၊ လမ်းလွှဲများကို အသုံးပြုရခြင်းနှင့် လမ်းအခြေအနေကြောင့် ထပ်မံကုန်ကျစရိတ်များ ရှိလာခြင်းတို့ ဖြစ်နေသည်။
ကုန်သည်တစ်ဦးကလည်း ကုန်ပစ္စည်းတစ်ခု မြစ်ကြီးနားသို့ ရောက်လာချိန်တွင် လမ်းတစ်လျှောက် ပေးရသည့်ငွေ၊ ကားခနှင့် ဆီဖိုးများကို အားလုံးပေါင်းထည့်ရသဖြင့် ကုန်ဈေးနှုန်း မြင့်တက်လာသည်ဟု ပြောသည်။
“ကုန်တစ်ခုက မြစ်ကြီးနားရောက်တဲ့အခါ လမ်းမှာ ပေးရတာတွေ၊ ကားခနဲ့ ဆီဖိုးတွေ အကုန်ပေါင်းရတယ်။ အဲဒါတွေ များလာရင် ကုန်ဈေးနှုန်းကလည်း တက်လာမှာပဲ” လို့ ကုန်သည်တစ်ဦးက ပြောသည်။
- ကုန်ဈေးနှုန်းနဲ့ ကုန်စည်စီးဆင်းရေးအတွက် လက်ရှိစစ်အစိုးရဘက်က ဘာတွေလုပ်နေသလဲ
ကုန်စည်သယ်ယူပို့ဆောင်ရေး အခက်အခဲများနှင့်အတူ ကုန်ဈေးနှုန်းများ မြင့်တက်နေချိန်တွင် လက်ရှိစစ်အစိုးရဘက်ကတော့ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ မပြတ်လပ်စေရေးနှင့် ဈေးနှုန်းတည်ငြိမ်စေရေးအတွက် ကြပ်မတ်ဆောင်ရွက်နေသည်ဟု ထုတ်ပြန်ထားသည်။
ဇွန် ၁၆ ရက်က ကချင်ပြည်နယ်အတွင်း ဘိလပ်မြေအပါအဝင် ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများကို စနစ်တကျ သယ်ယူ၊ သိုလှောင်၊ ဖြန့်ဖြူးရောင်းချနိုင်ရေးနှင့် ဈေးကစားခြင်း၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းများကို အရေးယူကြပ်မတ်နိုင်ရေးအတွက် ကချင်ပြည်နယ်အစိုးရအဖွဲ့က ဆွေးနွေးခဲ့သည်။
အဆိုပါဆွေးနွေးပွဲတွင် ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ မပြတ်လပ်စေရေးနှင့် “ဈေးနှုန်းတည်ငြိမ်စေရေး” အထူးအလေး ထား ကြပ်မတ်ဆောင်ရွက်သွားရန် ပြောကြားခဲ့သည်။
စက်တင်ဘာ ၁၀ ရက်တွင်လည်း ကချင်ပြည်နယ် စားသုံးသူရေးရာကော်မတီက ဦးစားပေးကုန်စည် ၁၀ မျိုးကို ဈေးကွက် စောင့်ကြည့် စစ်ဆေးခြင်း၊ ဈေးကွက်မရောက်မီ စောင့်ကြည့်စစ်ဆေးခြင်းနှင့် စားသုံးသူတိုင်ကြားမှုများကို ဖြေရှင်းပေးခြင်းတို့ ဆောင်ရွက်နေသည်ဟု ပြည်နယ်အစိုးရအဖွဲ့က ထုတ်ပြန်ထားသည်။
ဒါ့အပြင် ဩဂုတ် ၂၉ ရက်က ဝိုင်းမော်မြို့နယ် မိုင်းနားကျေးရွာအုပ်စုတွင် မြစ်ကြီးနားမြို့အဝင် ကုန်စစ်ဆေးရေးစခန်းကို ဖွင့်လှစ် ခဲ့ပြီး နယ်စပ်မှ ဝင်ရောက်လာသည့် ကုန်ပစ္စည်းများ စီးဆင်းမှု လွယ်ကူမြန်ဆန်စေရေးနှင့် တရားမဝင်ကုန်သွယ်မှုများကို တရားဝင်လမ်းကြောင်းပေါ် ရောက်ရှိစေရေးအတွက် ဆောင်ရွက်ခြင်းဖြစ်သည်ဟု အစိုးရဘက်က ပြောထားသည်။
စက်တင်ဘာ ၁၂ ရက်တွင်လည်း ကုန်တင်ကားကြီးများ ဝင်ထွက်နိုင်ရေးအတွက် စခန်းအနီး လမ်းချဲ့ခြင်းနှင့် လမ်းတည်ဆောက် ခြင်းလုပ်ငန်းများကို ဆောင်ရွက်နေသည်ဟု ထုတ်ပြန်ထားသည်။
စက်တင်ဘာလအတွင်းမှာပင် ဆောက်လုပ်ရေးလုပ်ငန်းများအတွက် လိုအပ်သည့် ဘိလပ်မြေ၊ သံချောင်းနှင့် အခြားဆောက်လုပ် ရေးသုံးပစ္စည်းများ ပြတ်လပ်မှုမရှိစေရေးအတွက် ကချင်ပြည်နယ်အစိုးရအဖွဲ့က လုပ်ငန်းညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်ထားသည်။
သို့သော် အစိုးရဘက်က ကုန်စည်စီးဆင်းမှု လွယ်ကူစေရေးနှင့် ဈေးနှုန်းတည်ငြိမ်စေရေးအတွက် ဆောင်ရွက်နေသည်ဟု ထုတ်ပြန်ထားသော်လည်း မြေပြင်တွင် ကုန်တင်ကားများက လမ်းအခြေအနေကြောင့် ထွန်စက်နှင့် ဆင်များ အသုံးပြုကာ သွားလာနေရဆဲ ဖြစ်သည်။
“ဆင်ဆွဲခကြီးပဲကို ၁၀ သိန်းလောက် အကုန်ခံပြီး သွားရတာ။ အခုလမ်းက ဆိုးတော့ ကုန်ကျစရိတ်က ပိုများသွားတယ်”လို့ ကုန်တင်ကားသမားတစ်ဦးက ပြောသည်။
ထို့ကြောင့် အစိုးရဘက်က ကုန်စည်စီးဆင်းမှုနှင့် ဈေးနှုန်းတည်ငြိမ်ရေးအတွက် ဆောင်ရွက်နေသည်ဟု ထုတ်ပြန်ထားသော်လည်း မြေပြင်၌ ကုန်သည်နှင့် ကုန်တင်ကားသမားများ ကြုံနေရသည့် လမ်းကြောင်းအခက်အခဲ၊ သယ်ယူစရိတ်နှင့် ဂိတ်ကြေးများက ကုန်ပစ္စည်းများ၏ နောက်ဆုံးဈေးနှုန်းထဲ ဆက်လက်ပါဝင်နေသည်။
- သယ်ယူစရိတ်က ကုန်ဈေးနှုန်းထဲဘယ်လောက်သက်ရောက်နေသလဲ
ကုန်စည်သယ်ယူပို့ဆောင်ရေး အခက်အခဲများနှင့် ကုန်ကျစရိတ်များ မြင့်တက်လာခြင်းသည် ဆောက်လုပ်ရေးပစ္စည်း ဈေးနှုန်းများ သာမက နေ့စဉ်စားသုံးကုန်ဈေးနှုန်းများအပေါ်ပါ သက်ရောက်လာသည်။
ပြီးခဲ့သည့် ဩဂုတ်လအတွင်း မြစ်ကြီးနားမြို့တွင် ကြက်ဥတစ်လုံး ကျပ် ၁,၂၀၀ ခန့်၊ ကြက်သွန်နီတစ်ပိဿာ ကျပ် ၁၅,၀၀၀ ခန့်၊ ကြက်သွန်ဖြူ ကျပ် ၁၂,၀၀၀ ခန့်၊ အာလူး ကျပ် ၆,၀၀၀ ခန့်နှင့် ကုလားပဲ ကျပ် ၁၄,၀၀၀ ခန့်အထိ ရှိလာသည်။
စက်တင်ဘာလကုန်ပိုင်းတွင်တော့ အာလူးတစ်ပိဿာ ကျပ် ၃,၅၀၀၊ ကြက်သွန်နီ ကျပ် ၁၅,၀၀၀၊ ကြက်သွန်ဖြူ ကျပ် ၁၀,၀၀၀၊ ကြက်ဥတစ်ဒါဇင် ကျပ် ၁၈,၀၀၀၊ ဂျင်း ကျပ် ၁၀,၀၀၀ နှင့် ခရမ်းချဉ်သီး ကျပ် ၇,၀၀၀ ဝန်းကျင် ရှိနေသည်။
အခြားအိမ်သုံးစားသောက်ကုန်များဖြစ်သည့် အိုင်အိုဒင်းဆားတစ်ထုပ် ကျပ် ၂,၅၀၀၊ သကြား ကျပ် ၈,၀၀၀၊ အချိုမှုန့် ကျပ် ၁၁,၀၀၀၊ ရွှေတောင်ဆီ ကျပ် ၂၅,၀၀၀၊ ဆားကြမ်း ကျပ် ၅,၀၀၀၊ ကုလားပဲ ကျပ် ၁၅,၀၀၀ နှင့် ထောပတ်ပဲ၊ မြေတောက်ပဲ တစ်ပြည်ကို ကျပ် ၁၂,၀၀၀ ဝန်းကျင် ရှိနေသည်။
ဩဂုတ်လနှင့် လက်ရှိဈေးနှုန်းများကို နှိုင်းယှဉ်ကြည့်လျှင် အာလူး၊ ကြက်သွန်ဖြူနှင့် ခရမ်းချဉ်သီးတို့ ဈေးပြန်ကျလာသော်လည်း ကုလားပဲနှင့် ဆီဈေးတို့မှာ အနည်းငယ် မြင့်တက်လာသည်။ ကြက်သွန်နီဈေးမှာလည်း ကျပ် ၁၅,၀၀၀ ဝန်းကျင်ဖြင့် မပြောင်းလဲဘဲ ရှိနေသည်။
သို့သော် နေ့စဉ်စားသုံးမှုတွင် အဓိကကျသည့် ဆန်ဈေးနှုန်းကတော့ သိသိသာသာ မြင့်တက်လာသည်။
မြစ်ကြီးနားမြို့မှာ ကုန်စုံဆိုင်ဖွင့်ထားသည့် အမျိုးသမီးတစ်ဦးက ဆန်ဈေးမြင့်တက်လာသည့် အခြေအနေကို အခုလို ပြောသည်။
“ကုန်တွေကတော့ပုံမှန်အတိုင်းတက်နေတာပဲ။ ဆန်ကတော့ တော်တော်လေးကိုတက်သွားတာ။ အရင်က ငွေတိုးက ၁ သိန်းလောက် ရှိတာ။ အခုက ၁ သိန်း ၇ သောင်းလောက်တက်သွားတာ။ ပြီးခဲ့တဲ့ နှစ်ပတ်လောက်ကဆို ပေါ်ဆန်းမွေးဆို ၃ သိန်း ၂ သောင်းလောက်ရှိပေါ့။”
ငွေတိုးဆန်ဈေးက အရင် ကျပ် ၁ သိန်းဝန်းကျင် ရှိရာမှ လက်ရှိ ကျပ် ၁ သိန်း ၇ သောင်းဝန်းကျင်အထိ မြင့်တက်လာပြီး ကျပ် ၇ သောင်းခန့် ပိုမိုမြင့်တက်လာခြင်း ဖြစ်သည်။ ပေါ်ဆန်းမွေးဆန်မှာလည်း ပြီးခဲ့သည့် နှစ်ပတ်ခန့်က တစ်အိတ်လျှင် ကျပ် ၃ သိန်း ၂ သောင်းဝန်းကျင်အထိ ရှိခဲ့သည်ဟု သိရသည်။
ကချင်ပြည်နယ် စားသုံးသူရေးရာဦးစီးဌာန (DOCA) က စက်တင်ဘာ ၁၇ ရက်အတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ထုတ်ပြန်ထားသည့် ဈေးနှုန်းစာရင်းနှင့် နှိုင်းယှဉ်ကြည့်လျှင်လည်း မြစ်ကြီးနားမြို့၏ ဆန်ဈေးနှုန်းများမှာ မြင့်မားနေသည်။
အဆိုပါစာရင်းတွင် ဆန်အပြင် အခြားမီးဖိုချောင်သုံးပစ္စည်းနှင့် အသားငါးဈေးနှုန်းတချို့လည်း အခြားမြို့များထက် မြင့်နေသည်။ ကြက်သားတစ်ပိဿာ ကျပ် ၄၀,၀၀၀၊ ဝက်သား ကျပ် ၄၅,၀၀၀ နှင့် ငါးမြစ်ချင်း ကျပ် ၄၅,၀၀၀ ရှိနေသည်။
အခြေခံစားသောက်ကုန်တချို့ ဈေးပြန်ကျလာသော်လည်း ဆန်ဈေးနှုန်းက ဆက်လက်မြင့်တက်နေခြင်းမှာ မြစ်ကြီးနားသို့ ကုန်စည်ဝင်ရောက်သည့် လမ်းကြောင်းအခြေအနေနှင့်လည်း ဆက်စပ်နေသည်။
လက်ရှိ စက်တင်ဘာလအတွင်းတွင်လည်း မန္တလေး–မြစ်ကြီးနား အဓိကလမ်းပိုင်းကို ပုံမှန်အတိုင်း အသုံးပြုသွားလာနိုင်ခြင်း မရှိသေးသည့်အတွက် ခရီးသည်တင်ကားများမှာ လမ်းကြောင်းပြောင်းကာ ကသာဘက်မှ ဧရာဝတီမြစ်ကို ဇက်ဖြင့် ကူးသွားလာနေရသည်။
သို့သော် လက်ရှိအသုံးပြုနေသည့် ဇက်များမှာ ၆ ဘီးကားအရွယ်အစားခန့်သာ ကူးနိုင်ပြီး ၁၂ ဘီးနှင့် တွဲဘီးကားများ ကူး၍မရ သည့်အတွက် ကုန်တင်ကားများအတွက် ပိုမိုအခက်အခဲရှိနေသည်။ ဇက်ကူးရန် စောင့်ဆိုင်းရခြင်းကြောင့် မန္တလေးမှ မြစ်ကြီးနားအထိ ခရီးစဉ်မှာ ၅ ရက်မှ တစ်ပတ်အထိ ကြာနိုင်သည်ဟု ကားသမားများက ပြောထားသည်။
ထို့အပြင် ဇက်ကူးခွင့်များမှာလည်း စစ်ရေးအခြေအနေအပေါ် မူတည်ပြီး တစ်ခါတစ်ရံ သွားလာခွင့် ကန့်သတ်ခံရခြင်းများ ရှိနေသည်။
ကြက်သွန်နီ၊ ကြက်သွန်ဖြူနှင့် ငရုတ်သီးခြောက်တို့အပြင် ခရမ်းချဉ်သီးနှင့် အာလူးဈေးနှုန်းများပါ လျော့ကျလာပြီး စက်တင်ဘာ လအတွင်း လမ်းကြောင်းပေါ်မှ ယာဉ်တချို့ မြစ်ကြီးနားသို့ ရောက်ရှိလာခြင်းကြောင့် အခြေခံစားသောက်ကုန်ဈေးနှုန်းများ အနည်းငယ် ကျဆင်းလာခြင်းဖြစ်သည်ဟု DOCA က ထုတ်ပြန်ထားသည်။
သို့သော် မန္တလေး–မြစ်ကြီးနား လမ်းကြောင်းတွင် လမ်းပန်းဆက်သွယ်ရေးအခက်အခဲများကြောင့် ကုန်စည်ဝင်ရောက်မှု နည်းပါးနေဆဲဖြစ်သည့်အတွက် အခြေခံစားသောက်ကုန်တချို့ ဈေးပြန်ကျလာပေမယ့် ဆန်ကဲ့သို့ နေ့စဉ်မရှိမဖြစ် စားသုံးရတဲ့ ကုန်ပစ္စည်းတွေရဲ့ ဈေးနှုန်းကတော့ မြင့်တက်နေဆဲ ဖြစ်သည်။
ဝိုင်းမော်မြို့တွင် ၂ သောင်းခွဲမှ ၃ သောင်းကြားရှိသည့် ဘိလပ်မြေတစ်အိတ်သည် လက်ရှိ မြစ်ကြီးနားမြို့တွင် ဘိလပ်မြေတစ်အိတ် ကို ကျပ် ၄၀,၀၀၀ ဝန်းကျင် ရှိနေပြီး ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလအတွင်းမှာတော့ ကျပ် ၈ သောင်းအထိ မြင့်တက်ခဲ့ဖူးသည်။
ဘိလပ်မြေဈေးနှုန်းမှာလည်း လမ်းကြောင်းနှင့် သယ်ယူပို့ဆောင်ရေးအခြေအနေများအပေါ် မူတည်ပြီး အတက်အကျ ရှိနေသည်။
၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလအတွင်း မြစ်ကြီးနားမြို့တွင် ဘိလပ်မြေတစ်အိတ် ကျပ် ၈ သောင်းအထိ မြင့်တက်ခဲ့ပြီး ဆောက်လုပ်ရေး လုပ်ငန်းတချို့ ရပ်နားခဲ့ရသည့် အခြေအနေထိ ရှိခဲ့ဖူးသည်။
- တံတားအသစ်ကို စောင့်နေရဆဲ
လက်ရှိအသုံးပြုနေသည့် ဗလမင်းထင်တံတားတွင် ကုန်တင်ကားကြီးများ ဖြတ်သန်းရန် အခက်အခဲရှိနေချိန် တံတားအသစ် တည်ဆောက်နေသော်လည်း လက်ရှိအချိန်အထိ မပြီးစီးသေးပေ။
လက်ရှိတံတားအောက်ဘက်တွင် တံတားအမှတ် (၂) အသစ် တည်ဆောက်ရန် စီမံထားခဲ့ပြီး ယာဉ်တစ်စီးချင်း ၇၅ တန်အထိ ဖြတ်သန်းနိုင်မည့် တံတားအဖြစ် တည်ဆောက်ရန် စီမံထားခဲ့သည်။ တံတားတည်ဆောက်ရေးလုပ်ငန်းကို သုံးနှစ်ကြာမြင့်မည်ဟု ၂၀၂၁ ခုနှစ်က ထုတ်ပြန်ထားခဲ့သော်လည်း လက်ရှိအချိန်အထိ မပြီးစီးသေးပေ။
အသက် ၆၀ အရွယ် အမျိုးသားက တံတားအသစ် ဆောက်လုပ်နေသည်မှာကြာပြီဖြစ်ပြီး အာဏာမသိမ်းမီကတည်းက စတင်ခဲ့ ခြင်းဖြစ်သည်ဟု ပြောသည်။
“တံတားအသစ်ဆောက်နေတာလည်း ကြာပြီ။ အာဏာမသိမ်းခင်ကတည်းက စနေတာဟုတ်တယ်” ဟု ၎င်းက ပြောသည်။
တံတားအသစ် မပြီးစီးသေးသရွေ့ လက်ရှိတံတားတွင် ကုန်တင်ကားများ ဖြတ်သန်းခွင့် ကန့်သတ်ခံနေရပြီး ဘိလပ်မြေအပါအဝင် ကုန်ပစ္စည်းများကို ဆိုင်ကယ်၊ သုံးဘီးနှင့် စက်လှေများ အသုံးပြုကာ တစ်ဆင့်ပြီးတစ်ဆင့် သယ်ယူနေရသည့် အခြေအနေက ဆက်ရှိနေသည်။
- ဘိလပ်မြေအိတ်တစ်အိတ်ရဲ့ခရီး
ဝိုင်းမော်ဘက်မှ မြစ်ကြီးနားဘက်သို့ ဘိလပ်မြေအိတ်တစ်အိတ် သယ်လာဖို့ တံတားတစ်စင်းကို ဖြတ်ရုံဖြင့် မပြီးတော့ပေ။
ကားကြီးဖြင့် တစ်ခါတည်း သယ်လာ၍ မရသဖြင့် ဆိုင်ကယ်၊ သုံးဘီးနှင့် လှေများကို အသုံးပြုကာ တစ်ဆင့်ချင်း ခွဲသယ်နေရ သည်။
လမ်းတစ်လျှောက်တွင်လည်း ဂိတ်ကြေး၊ သယ်ယူခ၊ ဆီဖိုးနှင့် လမ်းအခြေအနေကြောင့် ထပ်မံကုန်ကျသည့် စရိတ်များ ရှိနေသည်။ အဆိုပါကုန်ကျစရိတ်များသည် နောက်ဆုံးတွင် ကုန်ပစ္စည်းဈေးနှုန်းထဲ ပါဝင်လာသည်။
တစ်ဖက်တွင် အသက် ၁၉ နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦးက ဘက်ထရီဆိုင်ကယ်ဖြင့် ဘိလပ်မြေအိတ်များ သယ်ပြီး တစ်နေ့ ကျပ် ၆ သောင်းအထိ ဝင်ငွေရနေသည်။
တစ်ဖက်တွင်တော့ အိမ်ဆောက်နေသူများက ဘိလပ်မြေ၊ သံနှင့် အခြားဆောက်လုပ်ရေးပစ္စည်းများအတွက် ပိုမိုပေးဝယ် နေရ သည်။
ဝိုင်းမော်ဘက်မှ မြစ်ကြီးနားဘက်သို့ ဆယ်မိနစ်ခန့်ဖြင့် ရောက်နိုင်သည့် ခရီးဖြစ်သော်လည်း အဆိုပါဘိလပ်မြေအိတ် မြို့ထဲရောက် လာသည်အထိ ဖြတ်သန်းရသည့် ကုန်စည်လမ်းကြောင်းကတော့ ဆယ်မိနစ်ခရီးဖြင့် မပြီးဆုံးပေ။
တံတားတစ်စင်း၏ အခြေအနေက လူငယ်တချို့အတွက် အလုပ်တစ်ခု ဖြစ်လာစေသလို ကုန်ပစ္စည်းတစ်အိတ်၏ ဈေးနှုန်းထဲတွင် လည်း သယ်ယူစရိတ်တစ်ဆင့်ပြီးတစ်ဆင့် ပါဝင်လာနေသည်။
ထို့ကြောင့် ဘိလပ်မြေအိတ်တစ်အိတ် မြစ်ကြီးနားမြို့ထဲ ရောက်လာသည့်အခါ အိတ်ထဲတွင် ဘိလပ်မြေသာမက အလုပ်သမားခ၊ တံတားနှင့် ဂိတ်စရိတ်၊ သယ်ယူပို့ဆောင်ရေး အခက်အခဲများကြောင့် ထပ်တိုးလာသည့် ကုန်ကျစရိတ်များပါ ပါဝင်လာသည်။
ဝိုင်းမော်ဘက်တွင် တရုတ်နိုင်ငံမှ ဝင်လာသည့် ဘိလပ်မြေတစ်အိတ်ကို ကိုယ်တိုင်သွားယူပါက ကျပ် ၂ သောင်းခွဲဝန်းကျင် မှ ၃၅,၀၀၀ ဝန်းကျင်သာ ပေးရသော်လည်း မြစ်ကြီးနားဘက်ကမ်းသို့ ရောက်လာချိန်တွင် ဈေးနှုန်းကမြင့်တက်လာသည်။
“ဟိုဘက်ကမ်းမှာ ကိုယ်တိုင်ယူမယ်ဆိုရင် ၂ သောင်းခွဲ၊ သုံးသောင်းတစ်ထောင်၊ မဟုတ်ရင် သုံးသောင်းငါးရာလောက် ပေးရမယ် ထင်တယ်။ ဒီဘက်ကမ်းစောင့်ပြီး ဝယ်မယ်ဆိုရင် သုံးသောင်းခြောက်၊ ခုနစ်ထောင်လောက် ပေးရတယ်။ တစ်ဆင့်ပြန်ရောင်းမယ် ဆိုရင် လေးသောင်း၊ မဟုတ်ရင် လေးသောင်းအထက်။ တစ်ရက်တစ်ရက် အတိအကျတော့ မရှိဘူး”ဟု ဒေသခံတစ်ဦးက ပြောသည်။
ဝိုင်းမော်ဘက်မှ မြစ်ကြီးနားဘက်သို့ ကူးလာရုံဖြင့်ပင် ဘိလပ်မြေတစ်အိတ်၏ ဈေးနှုန်းမှာ ကွာဟလာပြီး အဆင့်ဆင့် သယ်ယူ ရောင်းချသည့်အခါ ကျပ် ၄၀,၀၀၀ အထက်အထိ ရှိလာနိုင်သည်။ လက်ရှိ မြစ်ကြီးနားဈေးကွက်တွင်လည်း ဘိလပ်မြေတစ်အိတ် ကို ကျပ် ၄၀,၀၀၀ ဝန်းကျင် ပေးဝယ်နေရသည်။
ဗလမင်းထင်တံတား၏ ခံနိုင်ရည်အား လျော့နည်းလာသည့်အတွက် ကားကြီးများ ဖြတ်သန်းခွင့်ကို ကန့်သတ်ထားရသည်ဟု လက်ရှိ စစ်တပ်ခန့် ကချင်ပြည်နယ်အစိုးရဘက်ကထုတ်ပြန်ထားသော်လည်း အဆိုပါကန့်သတ်ချက်ကြောင့် ကုန်ပစ္စည်းများကို ဆိုင်ကယ်၊ သုံးဘီးနှင့် လှေများဖြင့် တစ်ဆင့်ချင်း ပြောင်းရွှေ့သယ်ယူနေရပြီး သယ်ယူစရိတ်များလည်း ထပ်တိုးလာသည်။
တံတား၏ ကြံ့ခိုင်မှုကို ထိန်းသိမ်းရန် ယာဉ်ကြီးများ ဖြတ်သန်းခွင့် ကန့်သတ်ခြင်းသည် လိုအပ်နိုင်သော်လည်း ကုန်စည်စီးဆင်းမှု မထိခိုက်စေရန် မည်သို့စီမံထားသနည်း၊ တံတားအသစ် မပြီးစီးသေးသည့်ကာလအတွင်း ကုန်ပစ္စည်းများကို သယ်ယူရာ၌ ထပ်တိုးကုန်ကျနေသည့် စရိတ်များကို မည်သို့လျှော့ချမည်နည်းဆိုသည့် မေးခွန်းများက ရှိနေဆဲဖြစ်သည်။
ဝိုင်းမော်ဘက်တွင် ကျပ် ၂ သောင်းခွဲဝန်းကျင်ဖြင့် ရနိုင်သည့် ဘိလပ်မြေတစ်အိတ်သည် မြစ်ကြီးနားဈေးကွက်သို့ ရောက်လာချိန် တွင် ကျပ် ၄ သောင်း ဝန်းကျင်အထိ ဖြစ်လာသည်။
ဆယ်မိနစ်ခန့်သာ ကြာနိုင်သည့် ခရီးတစ်ခုအတွက် ဈေးနှုန်းကွာဟနေခြင်းသည် တံတားဖြတ်သန်းခွင့် ကန့်သတ်မှုနှင့် သယ်ယူပို့ ဆောင်ရေး အခက်အခဲများကို ဖြေရှင်းရာတွင် လက်ရှိအစီအမံများက မြေပြင်လိုအပ်ချက်နှင့် မည်မျှကိုက်ညီမှုရှိသနည်း ဆိုသည့် မေးခွန်းကို ပိုထင်ရှားစေသည်။
By – အမိုး


