အင်းတော်စစ်မျက်နှာ၊ ပြိုလဲလာသည့် တပ်မ ၃၃ နှင့် သွေးစွန်းသော ပြည်ထောင်စုလမ်းမကြီး

အမိုးရေးသည်။

ခရီးသွားမှန်လုံကားကြီးများ၊ ကုန်တင်ကားကြီးများ၊ လာရောက်လည်ပတ်သူများအပါအဝင် ဒေသခံဈေးသည်တွေနဲ့ စည်ကား အသက်ဝင်ခဲ့တဲ့ မန္တလေး–မြစ်ကြီးနား ပြည်ထောင်စုလမ်းမကြီးဟာ ဖြတ်သန်းသွားလာဖို့မဝံ့မရဲဖြစ်ရလောက်အောင် ခြောက်ကပ် တိတ်ဆိတ်လျက် ခြောက်ခြားဖွယ်ရာအသွင်ကိုပြောင်းလဲသွားခဲ့ပါပြီ။

အာဏာသိမ်းပြီးနောက်ပိုင်း မဟာဗျူဟာမြောက်လမ်းမကြီးကို ထိန်းချုပ်ဖို့အတွက် ကြိုးစားလာတဲ့ နှစ်ဖက်တပ်တွေအကြား စစ်ရေးပြိုင်ဆိုင်မှု ပြင်းထန်လာတာက အေးချမ်းသာယာခဲ့တဲ့ လမ်းဘေးဝဲယာက ကျေးရွာတွေကို စစ်မြေပြင်တွေအဖြစ်ကို ပြောင်းလဲစေခဲ့တာပါ။

အခုလို ခြောက်ကပ်တိတ်ဆိတ်သွားတဲ့လမ်းမကြီးပေါ်မှာ အရပ်သားပြည်သူတွေအပေါ် ပစ်မှတ်ထားကျူးလွန်ခဲ့တဲ့ စက်ဆုပ်ဖွယ် စစ်ရာဇဝတ်မှု ဖြစ်ရပ်တစ်ခု ထပ်မံပေါ်ပေါက်ခဲ့ပြန်ပါတယ်။

“သူတို့က ရွာကိုပြန်ပြီးတော့မှ ဝက်စာကျွေးဖို့ဝင်တာတဲ့။ ပြည်သူနှစ်ဦးပေါ့နော် သူတို့က စစ်ကောင်စီရှိမှန်းမသိပဲနဲ့ ဝင်သွားတဲ့ အဲ့ချိန်မှာ ဖမ်းပြီးသတ်ဖြတ်ခံရတာ”

ဒီဖြစ်ရပ်ဟာ အောက်တိုဘာလ ၁၉ ရက်၊ နေ့လည် ၁၁နာရီဝန်းကျင်က အင်းတော်မြို့နယ် တောင်ဘက်ခြမ်းမှာရှိတဲ့ မအူကုန်းရွာ မှာ ဒေသခံအမျိုးသားယောက်ဖမ်းဆီးသတ်ဖြတ်ခံခဲ့ရတဲ့အကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပြသွားတာပါ။

အမျိုးသားညီညွှတ်ရေးအစိုးရ NUG လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF (စစ်ရုံးချုပ်) ကလည်း ဒရုန်းနဲ့ ရိုက်ကူးရရှိထားတဲ့ အဲ့ဒီရုပ်သံကိုတရားဝင်ထုတ်ပြန်ထားသလို ဒေသခံတွေကတစ်ဆင့် KNG ကလည်းသီးခြားအတည်ပြုနိုင် ခဲ့ပါတယ်။

ထုတ်ပြန်ချက်ထဲမှာ စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေဟာ ဒေသခံအမျိုးသားနှစ်ယောက်ကိုဖမ်းဆီးပြီးတဲ့နောက် အသက် ၂၃ နှစ် အရွယ်ဝန်းကျင်ရှိတဲ့ လူငယ်ကို လက်နောက်ပြန်ကြိုးတုပ်၊ မြေပြင်မှာမှောက်ခိုင်းပြီး သေနတ်ဒင်နဲ့အချက်ပေါင်းများစွာ ရိုက်နှက် သေနတ်နဲ့အနီးကပ်ပစ်သတ်ခဲ့တာလို့ ဖော်ပြထားပါတယ်။

ထုတ်ပြန်ထားတဲ့ရုပ်သံထဲမှာလည်း အဲ့ဒီလူငယ်ရဲ့ရုပ်အလောင်းကို ကျည်ကာဦးထုတ်၊ ကျည်ကာအင်္ကျီစစ်ယူနီဖောင်းအပြည့်နဲ့ စစ်သားတစ်ဦးက ကတ္တရာလမ်းအတိုင်း တရွတ်တိုက်ဆွဲသွားတာကိုတွေ့ရပါတယ်။

သေနတ်ကိုယ်စီကိုင်ထားတဲ့ နောက်ထပ်စစ်သားနှစ်ဦးကလည်း အဲ့ဒီလူငယ်ရဲ့ရုပ်အလောင်းကို ကတ္တရာလမ်းနဘေးမှာရှိတဲ့ ထူထပ်နေတဲ့ခြုံနွယ်တွေထဲ စွန့်ပစ်ဖို့အတွက် လက်ညိုးတထိုးထိုးနဲ့ညွှန်ကြားနေတာကို ရုပ်သံမှာတွေ့ရပါတယ်။

သူနဲ့အတူနောက်ထပ်ဖမ်းဆီးခံရတဲ့ဒေသခံကတော့ အသက် ၅၀ ကျော်အရွယ် အမျိုးသားဖြစ်ပြီး သူ့ကိုလည်းလက်နောက်ပြန် ကြိုးတုပ်ကာ နောက်ထပ်စစ်သားနှစ်ဦးက ကတ္တရာလမ်းအတိုင်းခေါ်ဆောင်သွားတာကို ရုပ်သံမှာတွေ့ရပါတယ်။ မြေပြင်သတင်းရင်းမြစ်တွေကတော့ အဲ့ဒီဒေသခံပါ သတ်ဖြတ်ခံလိုက်ရနိုင်တယ်လို့ ခန့်မှန်းပါတယ်။

ဖမ်းဆီးထိန်းသိမ်းထားပြီး လက်နက်မဲ့ဖြစ်နေသူကို သတ်ဖြတ်တာဟာ အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာမှုဆိုင်ရာဥပဒေ (IHL) အရ ပြင်းထန်စွာ တားမြစ်ထားပြီး စစ်ရာဇဝတ်မှုမြောက်တဲ့လုပ်ရပ်ဖြစ်ပါတယ်။ သေဆုံးသူရဲ့ ရုပ်အလောင်းကို လေးစားစွာ ကိုင်တွယ်ရမယ်ဆိုတာလည်း IHL ရဲ့အခြေခံစည်းမျဉ်းတစ်ခုပါ။

ဒါတင်မကသေးပါဘူး။ အဲ့ဒီဒေသခံနှစ်ဦးကိုသတ်ဖြတ်ခဲ့တဲ့ စစ်ကော်မရှင်တပ်ဖွဲ့ဟာ အောက်တိုဘာလ ၁၉ ရက်နေ့ ညနေပိုင်းမှာ လည်း မအူကုန်းရွာနဲ့ သိပ်မဝေးလှတဲ့ ထန်းတောရွာက မဲဇာချောင်းရေချိုးဆိပ်ကို ဒရုန်းနဲ့ဗုံးကြဲချခဲ့ပြန်တာကြောင့် ရေချိုးနေတဲ့ အမျိုးသား ၃ ဦး နေရာမှာတင်သေဆုံးခဲ့ရပါသေးတယ်။

“ထန်းတောရွာ၊ မဲဇာချောင်းရေချိုးဆိပ်မှာ ရွာသူ/သားတွေ ရေချိုးတဲ့နေရာ၊ စကစ ဘက်က ဒရုန်းဗုံးသုံးလုံးချတယ်လို့သိရ တယ်။ ကောင်းကင်မှာ ဒရုန်းဝဲနေတာကို သိကြပေမဲ့ ဗုံးမချဘူးအထင်နဲ့ ပုံမှန်အတိုင်း ရေချိုးနေကြတာ ရွာသား အမျိုးသား ၃ ယောက်သေတယ်။ ထိခိုက်ဒဏ်ရာသူတွေလည်းရှိတယ်”လို့ ဒေသခံတစ်ဦးကအတည်ပြုပြီး ဒီတိုက်ခိုက်မှုမှာ ထန်းတောရွာအုပ်ချုပ်ရေးမှူးပါထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ဆိုပါတယ်။

အင်းတော်မြို့နယ် နဘားကျေးရွာ ပျံကျဈေး မီးလောင်ပြာကျသွားတဲ့မြင်ကွင်း

တစ်ဖက်မှာတော့ အောက်တိုဘာလ ၁၀ ရက်နေ့ကလည်း မဲဇာရွာအနီးတစ်ဝှိုက်က နတ်ရေတွင်းရွာကို စစ်ကော်မရှင်တပ်ဖွဲ့ တွေက ဒရုန်းနဲ့ဗုံးကြဲချခဲ့တာကြောင့် အသက် ၁၀ နှစ်သာရှိသေးတဲ့ ကလေးငယ်တစ်ဦးလည်းသေဆုံးခဲ့ရသေးတယ်လို့ မြေပြင်က သတင်းရင်းမြစ်တွေကဆိုကြပါတယ်။

ဒီစစ်ကော်မရှင်စစ်ကြောင်းရဲ့ လုပ်ရပ်ဟာ ဒီမှာတင်မရပ်သေးပါဘူး။ အင်းတော်မြို့နယ်တောင်ဘက်ခြမ်း မန္တလေး–မြစ်ကြီးနား ပြည်ထောင်စုလမ်းမကြီးတစ်လျှောက်ကရွာတွေကို တစ်ရွာဝင်တစ်ရွာထွက်စစ်ကြောင်းထိုးနေသလို ဘာသာရေးအဆောက်အအုံ တွေကို ပစ်မှတ်ထားတိုက်ခိုက်နေတယ်လို့ ဒေသခံတွေကဆိုကြပါတယ်။

စစ်ကြောင်းစတင်လှုပ်ရှားတဲ့ အောက်တိုဘာ ၆ ရက်နေ့ကစလို့ ဒရုန်းအပါအဝင်  Y 12၊ Y 8 အစရှိတဲ့ ရဟတ်ယာဥ်တွေနဲ့ပါ ဗုံးကြဲ တိုက်ခိုက်ခဲ့လို့ လယ်နောင်၊သဲချောင်း နဲ့ နန့်သဲစတဲ့ကျေးရွာတွေက ဘုန်းကြီးကျောင်းတွေထိခိုက်ပျက်စီးခဲ့ရတယ်လို့ သိရပါတယ်။

အခုလို စစ်အုပ်စုကပစ်မှတ်ထားတိုက်ခိုက်နေတဲ့ ဘုန်းကြီးကျောင်းတွေဟာ ဒေသခံစစ်ဘေးရှောင်တွေရဲ့ ခိုလှုံရာနေရာတွေပါ။

“ပြေးနေရတဲ့မအူကုန်းရွာခံတွေပြောပြတာက သူတို့ပြေးနေရတဲ့ရွာမှာ ဘုန်းကြီးကျောင်းနဲ့ သူတို့နေတဲ့အိမ်နဲ့ နှစ်အိမ်လောက်ပဲ ခြားတယ်တဲ့။ အဲ့ဒီမှာ ဘုန်းကြီးကျောင်းကိုပစ်သွားတာ။ ဘုန်းကြီးကျောင်းကိုတည့်တည့်တော့မထိဘူးပေါ့။ နည်းနည်းပဲလွှတ် သွားတာ။ တကယ်လို့ အဲ့ဒီကိုထိမယ်ဆိုရင် စစ်ရှောင်နေတဲ့ ပြည်သူတွေအများကြီးရှိတယ်ပေါ့နော်။ မထိသွားလို့ကံကောင်း သွားတယ် ဆိုတဲ့ပုံစံမျိုးပေါ့နော်။”

မြေပြင်က ကာကွယ်ရေးတပ်ဖွဲ့ဝင်က စစ်ဘေးရှောင်တွေပြောပြချက်ကို ကိုးကားပြီးတော့ပြောပြပါတယ်။

ဒါ့အပြင် မန္တလေး–မြစ်ကြီးနားပြည်ထောင်စုလမ်းမကြီးတစ်လျှောက်က အရပ်သားနေအိမ်တွေကို စီးနင်းပြီး ဝင်ရောက်မွှေနှောက် တာတွေလည်းပြုလုပ်ခဲ့ကြောင်း အင်းတော်ဒေသခံတွေက ဆိုရှယ်မီဒီယာမှာဝေမျှချက်တွေအရ သိရပါတယ်။

အရပ်သားတွေသေနတ်နဲ့ပစ်သတ်ခံရတာ၊ လေကြောင်းတိုက်ခိုက်ခံရတာ၊ ဘုန်းကြီးကျောင်းတွေပစ်မှတ်ထားတိုက်ခိုက်ခံရတာ၊ အရပ်သားနေအိမ်တွေစီးနင်းခံရတဲ့ ဒီဖြစ်ရပ်တွေအားလုံးဟာ အင်းတော်မြို့နယ်တောင်ဘက်ခြမ်း မန္တလေး–မြစ်ကြီးနားလမ်းမကြီး တစ်လျှောက်မှာရှိတဲ့ ကျေးရွာတွေ မှာဖြစ်ပျက်ခဲ့တာပါ။

အင်အား ၇၀၀ နီးပါးရှိတဲ့ အဲ့ဒီခြေလျင်စစ်ကြောင်းတွေဟာ စစ်ကြောင်းနှစ်ခုခွဲပြီး စစ်ရေးလှုပ်ရှားခဲ့ကြတာပါ။

မဲဇာဒေသကနေ တောင်ဘက် ဝန်းသိုမြို့နယ်ကိုဦးတည်တဲ့စစ်ကြောင်း၊  နောက်ထပ်စစ်ကြောင်းတစ်ခုကတော့ ထီးချိုင့်မြို့နယ် အစပ်က တော်လှန်ရေးအင်အားစုတွေထိန်းချုပ်ထားတဲ့ ကျောင်းကုန်းလမ်းဆုံကိုဦးတည်တဲ့စစ်ကြောင်းဆိုပြီး စစ်ကြောင်းနှစ်ခုခွဲ လှုပ်ရှားနေတာပါ။

ဧရာဝတီမြစ်အရှေ့ဘက်လမ်းပိုင်းကိုအလုံးစုံထိန်းချုပ်ချင်တဲ့ စစ်ကော်မရှင်

ကချင်ပြည်နယ်ကို မန္တလေးကနေအဓိကဝင်ရောက်နိုင်တဲ့ အဓိကလမ်းကြောင်းနှစ်ခုရှိပါတယ်။

ပထမလမ်းကြောင်းကတော့ ဧရာဝတီမြစ်ရဲ့အနောက်ဘက်ကမ်းမှာရှိတဲ့ မန္တလေး–စစ်ကိုင်း–ရွှေဘို– ကန့်ဘလူ–အင်းတော်–မော်လူး–နန့်စီးအောင်–မိုးညှင်း–မိုးကောင်း–မြစ်ကြီးနား လမ်းကြောင်းဖြစ်ပြီး အာဏာမသိမ်းခင်က ဒီပြည်ထောင်စုလမ်းမကြီးကိုပဲ ခရီးသွားတွေက အဓိကအသုံးပြုကြတာပါ။

ဒီလမ်းကြောင်းကိုစစ်ကောင်မရှင်တပ်က အာဏာသိမ်းပြီးနောက်ပိုင်းမှာ ထောက်ပို့လမ်းကြောင်းအဖြစ် အသုံးပြုလာတဲ့အတွက် လမ်းကြောင်းရဲ့တစ်စိတ်တစ်ပိုင်းဖြစ်တဲ့ စစ်ကိုင်း–ရွှေဘို–ကန့်ဘလူ လမ်းပိုင်းမှာရှိတဲ့ တော်လှန်ရေးအင်အားစုတွေဟာ မကြာခဏ စစ်အုပ်စုကို ကြားဖြတ်တိုက်ခိုက်လာခဲ့ပါတယ်။

ဒါ့အပြင် အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကိုင်းတိုင်းထဲမှာ ပြင်းထန်လာတဲ့တိုက်ပွဲတွေနဲ့ နယ်မြေထိန်းချုပ်မှုအပြောင်းအလဲတွေ ကြောင့် စစ်ကောင်မရှင်ဘက်က သူတို့ရဲ့ထောက်ပို့လမ်းကြောင်းဖြစ်တဲ့ ဧရာဝတီမြစ်ရဲ့အနောက်ဘက်လမ်းကြောင်းကို အလုံးစုံ ထိန်းချုပ်မထားနိုင်တော့တာ ဒီနေ့အထိဖြစ်ပါတယ်။

ဒုတိယလမ်းကြောင်းကတော့ ဧရာဝတီမြစ်ရဲ့အရှေ့ဘက်ကမ်းလမ်းကြောင်းဖြစ်တဲ့ မန္တလေး–မတ္တရာ–သပိတ်ကျင်း–တကောင်း–ထီးချိုင့်–ကသာ–အင်းတော်–မော်လူး–နန့်စီးအောင်–မိုးညှင်း–မိုးကောင်း–မြစ်ကြီးနား လမ်းကြောင်းဖြစ်ပါတယ်။

“ထီးချိုင့်–မြစ်ကြီးနားလမ်းဆို မန္တလေးကနေ ပိုနီးတယ်။ သွားရတာလည်းပိုလွယ်တယ်။ ထီးချိုင့်နဲ့မန္တလေးနဲ့ဆို အရှေ့ဘက် လမ်းကနေ တံတားကနေဖြတ်သွားရင် ၆ နာရီလောက်ပဲသွားရတယ်ပေါ့။ အနောက်ဘက်လမ်း အင်းတော်–ရွှေဘို–မြစ်ကြီးနား လမ်းအတိုင်းသွားမယ်ဆိုရင်တော့ လမ်းကြောအတိုင်းသွားမယ် ဆိုရင်တောင် တနေကုန်ဒါမှမဟုတ် တစ်ညအိပ်သွားရတယ်”လို့ ဒီလမ်းကြောင်းရဲ့ အခြေနေကို အဲ့ဒီလမ်းပိုင်းမှာနေထိုင်တဲ့ ဒေသခံတစ်ဦးကရှင်းပြပါတယ်။

လမ်းကြောင်းနှစ်ခုကို နှိုင်းယှဉ်ကြည့်ရင် အနောက်ဘက်လမ်းရော အရှေ့ဘက်လမ်းပါ အင်းတော်မှာဆုံပြီး အင်းတော်ကနေ မြစ်ကြီးနားအထိ လမ်းတစ်သွယ်တည်း ဖြစ်သွားပါတယ်။ ဒါကြောင့် ဘယ်လမ်းကနေ ကချင်ပြည်နယ်ထဲဝင်ဝင် အင်းတော်ကို ဖြတ်ရမှာ ဖြစ်ပါတယ်။

ကချင်ပြည်နယ်ဝင် လမ်းသွယ်နှစ်ခု

စစ်ကော်မရှင်ဟာ ဒီအရှေ့ဘက်လမ်းကြောင်းကို ၂၀၂၅ နှစ်စပိုင်းကစပြီး ပြန်လည်ထိန်းချုပ်ဖို့ ကြိုးစားခဲ့ပြီး ၁၅ လအကြာ ၂၀၂၆ မေလမှာ အလုံးစုံ ထိန်းချုပ်နိုင်ပြီလို့ ကြေညာခဲ့ပါတယ်။

လမ်းကြောင်းတစ်ခုလုံးကို တစ်ပြိုင်နက်တည်း မဟုတ်ဘဲ မန္တလေးမြို့မြောက်ဘက်ကနေစပြီး အဆင့်ဆင့်နယ်မြေစိုးမိုးခဲ့တာ ဖြစ်ပါတယ်။

တော်လှန်ရေးပူးပေါင်းတပ်တွေ ထိန်းချုပ်ထားတဲ့ မြို့၊ ရွာနဲ့လမ်းပိုင်းတွေကို ထိန်းချုပ်ဖို့ ခြေလျင်စစ်ကြောင်းတွေအပြင် ဒရုန်း၊ ဂျက်ဖိုက်တာစတဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို အပြင်းအထန်အသုံးပြုခဲ့တယ်လို့ သတင်းရင်းမြစ်တွေကဆိုကြပါတယ်။

၂၀၂၅ ခုနှစ်အတွင်းမှာ မန္တလေး–မတ္တရာ လမ်းပိုင်း၊ စဉ့်ကူးနဲ့ သပိတ်ကျင်းမြို့နယ်တွေထဲကလမ်းပိုင်းတွေကို အရင်ဆုံး ပြန်လည် ထိန်းချုပ်ခဲ့ပါတယ်။

စစ်ခေါင်းဆောင်အပြောင်းအလဲ ဖြစ်ခဲ့တဲ့ ၂၀၂၆ ခုနှစ်အစပိုင်းမှာ ထိုးစစ်ကို ပိုမိုအရှိန်မြှင့်ခဲ့ပြီး မတ်လဆန်းမှာ ဗျူဟာမြောက် တကောင်းမြို့နဲ့တကောင်းနီကယ်စီမံကိန်းနယ်မြေကို ပြန်လည်သိမ်းပိုက်ခဲ့ပါတယ်။

အဲ့ဒီကတစ်ဆင့် တော်လှန်ရေးအင်အားစုတွေသိမ်းပိုက်ထားခဲ့တဲ့ ထီးချိုင့်၊ ကသာနဲ့ အင်းတော် (နဘား) မြို့တွေကို တစ်မြို့ပြီး တစ်မြို့ ဆက်တိုက်လက်လွှတ်ခဲ့ရပြီး မေလမှာတော့ စစ်ကော်မရှင်က အရှေ့ဘက်ကမ်းလမ်းကြောင်းကို ဖွင့်လှစ်နိုင်ပြီလို့ ကြေညာခဲ့တာပါ။

ကြေညာထားပေမဲ့မတည်ငြိမ်သေးတဲ့လမ်း

ဒါပေမဲ့ မြေပြင်မှာလမ်းကြောင်းဟာ စစ်ရေးအရလုံးဝတည်ငြိမ်ခြင်းမရှိသေးပါဘူး။  အင်းတော်မြို့နယ်ထဲက မဲဇာဒေသအပါအဝင် ထီးချိုင့်အစပ်ကျောင်းကုန်းလမ်းဆုံနဲ့ အဲ့ဒီလမ်းပိုင်းကတစ်စိတ်တစ်ပိုင်းကို တော်လှန်ရေးအင်အားစုတွေက ထိန်းချုပ်ထားတာ ကြောင့်ပါ။

တော်လှန်ရေးပူးပေါင်း တပ်ဖွဲ့တွေဘက်က အထိုင်ချတိုက်ပွဲကြီးတွေအစား ပြောက်ကျားစနစ်နဲ့ တုံ့ပြန်တိုက်ခိုက်တဲ့ နည်းဗျူဟာ ကို ပြောင်းလဲအသုံးပြုနေတယ်လို့သိရပါတယ်။

ဒါ့ကြောင့် လက်တလောမ အင်းတော်မြို့နယ်တောင်ဘက်ခြမ်းကရွာတွေကို စစ်ကော်မရှင်ကတစ်ရွာဝင်တစ်ရွာထွက် စစ်ကြောင်းထိုးနေတာဟာ အရှေ့ဘက်ကမ်းလမ်းကြောင်းကို အလုံးစုံထိန်းချုပ်ဖို့ ဖြစ်တယ်လို့ ကာကွယ်ရေးတပ်ဖွဲ့တွေက ယူဆထားကြပါတယ်။

“အဓိကကတော့ လမ်းကြောတွေကို သူတို့ထိန်းချုပ်ချင်တာပေါ့နော်။ မန္တလေး–ထီးချိုင့်–မြစ်ကြီးနားလမ်းကို သူတို့လိုချင် နေတဲ့သဘောမျိုးရှိတယ်။ ပြီးတော့ ဒီမိန်းလမ်းက သူတို့အတွက် အဓိကထောက်ပို့လမ်းကြောင်းလိုဖြစ်နေတဲ့နေရာလို့ထင်တယ်။ အဲ့တာကြောင့်မလို့ ဒီလမ်းကိုထိန်းချုပ်ဖို့ကြိုးစားနေတာလို့ထင်တယ်”

အဲ့ဒီလမ်းပိုင်းက ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက သုံးသပ်ပါတယ်။

ရှေ့တန်းကနေပါဝင်တိုက်ခိုက်နေတဲ့ နောက်ထပ် ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကလည်း ဒီလိုပြောပါတယ်။

“သူတို့ အရင်က ထိုင်ခဲ့တဲ့နေရာတွေကို အရယူမယ်လို့ သူတို့က ကြွေးကြော်ထားတာရှိတယ်ဗျ။ ဒါ့အပြင်နယ်မြေခံတပ်ဖွဲ့တွေရဲ့ ထောက်ပို့လမ်းကြောင်းကိုလည်း ပိတ်ချင်လို့လုပ်နေတာပါ”

နှစ်ဖက်တပ်တွေအတွက် အသက်သွေးကြောကျတဲ့ ဗျူဟာမြောက်လမ်းမကြီးတွေ

မန္တလေး–မြစ်ကြီးနား လမ်းကြောင်းနှစ်ခုဖြစ်တဲ့ အရှေ့ဘက်ခြမ်းလမ်းနဲ့ အနောက်ဘက်ခြမ်းလမ်းတွေဟာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေ (KIA/PDF) နှစ်ဖက်စလုံးအတွက် အသက်သွေးကြောကျတဲ့ ဗျူဟာမြောက်လမ်းမကြီးတွေ ဖြစ်ပါတယ်။

မြစ်ကြီးနား – မန္တလေးလမ်းပေါ်မှာ ကားပိတ်ဆို့မှုဖြစ်နေတဲ့ မြင်ကွင်း(ပုံဟောင်းအသုံးပြုထားပါတယ်)

စစ်ကော်မရှင်တပ်အတွက်တော့ ကချင်ပြည်နယ်ထဲက တပ်စခန်းတွေဆီ လက်နက်ခဲယမ်း၊ စစ်ကူနဲ့ ရိက္ခာပို့ဆောင်နိုင်ဖို့ အရေးကြီးတယ်လို့ တော်လှန်ရေးအင်အားစုတွေကဆိုကြပါတယ်။

ယခင်က ဧရာဝတီမြစ်ကြောင်းကနေ ထောက်ပို့နိုင်ခဲ့ပေမဲ့ မြစ်ကြောင်းတစ်လျှောက်အပြင်းအထန်တိုက်ခိုက်ခံရမှုတွေကြောင့် ရေကြောင်းလမ်းကို ယခင်ကလို အသုံးပြုနိုင်ဖို့ မသေချာတော့တဲ့အခြေနေကိုရောက်ရှိနေပါတယ်။

တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေအတွက်တော့ ဒီလမ်းကြောင်းတွေကို ဖြတ်တောက်နိုင်ခြင်းဟာ စစ်ကော်မရှင်တပ်ရဲ့ ထောက်ပံ့ရေးကို အခက်အခဲဖြစ်စေဖို့ နဲ့ သူတို့ရဲ့ နယ်မြေချိတ်ဆက်မှုကို ထိန်းသိမ်းဖို့ အရေးပါပါတယ်။


ဗျူဟာမြောက် ဧရာဝတီမြစ် အရှေ့ဘက်လမ်းကြောင်းကို အသုံးချခြင်း

စစ်ကော်မရှင်တပ်က ဧရာဝတီမြစ်အရှေ့ဘက်ကမ်းလမ်းကြောင်းကို ထိန်းချုပ်ဖို့ကြိုးစားတာဟာ ပြည်သူလူထုအတွက် အဓိက အရေးပါတဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေယာယီစိုးမိုးထားတဲ့ လမ်းကြောင်းကို ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက်ဖြစ်ကြောင်း စစ်အုပ်စုရဲ့ မီဒီယာတွေကနေတစ်ဆင့် ထုတ်ပြန်ထားပါတယ်။

ဒါပေမဲ့ လက်တွေ့မြေပြင်အခြေနေနဲ့ကွာခြားနေတာကို စစ်ကော်မရှင်ရဲ့လုပ်ရပ်တွေကသက်သေပြနေပါတယ်။

စစ်ကော်မရှင်တပ်ဟာ မန္တလေး–မြစ်ကြီးနား ဧရာဝတီမြစ်အရှေ့ဘက်ကမ်း ဗျူဟာလမ်းမကြီးကို ထိန်းချုပ်ပြီးတဲ့နောက်ပိုင်း
အဲ့ဒီလမ်းကြောင်းအတိုင်း ကချင်ပြည်နယ်အတွင်းက မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(မပခ) အပါအဝင် လမ်းကြောင်း တစ်လျှောက်က သူတို့ရဲ့တပ်စခန်းတွေ စစ်အင်အား၊ လက်နက်ခဲယမ်းနဲ့ ရိက္ခာတွေကို ဆက်တိုက်ဖြည့်တင်းခဲ့ပါတယ်။

မေလ ၉ ရက်နေ့မှာ မန္တလေးကနေ ထွက်ခွာလာတဲ့ ယာဉ်အစီး ၄၀၀ ကျော်ပါ စစ်ယာဉ်တန်းဟာ မေလ ၁၂ ရက်နေ့မှာ မြစ်ကြီးနားမြို့ မပခကို ရောက်ရှိခဲ့ပြီး သံချပ်ကာယာဉ်တွေအပါအဝင် စစ်အင်အား၊ လက်နက်နဲ့ ရိက္ခာတွေ သယ်ဆောင်လာတဲ့ ကားတွေပါဝင်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီနောက် မေလ ၂၂ ရက်နေ့မှာ နောက်ထပ်ယာဉ်တန်းတစ်ခု ထပ်မံထွက်ခွာလာခဲ့ပြီး မေလ ၃၁ ရက်နေ့မှာ မြစ်ကြီးနားကို ရောက်ရှိခဲ့ပါတယ်။ ဒါ့အပြင်ဇွန်လအတွင်းမှာလည်း အဲဒီလမ်းကြောင်း အတိုင်း စစ်ယာဉ်တန်းနဲ့ ထောက်ပို့ယာဉ်တန်းတွေ ဆက်လက်ဝင်ရောက်ခဲ့ပါတယ်။

တစ်ဖက်မှာ စစ်ကော်မရှင်တပ်ဟာ ယခုလ အောက်တိုဘာ ၁၀ ရက်နေ့ကစပြီး မန္တလေး–ထီးချိုင့်–အင်းတော်–မြစ်ကြီးနား လမ်းကြောင်းအတိုင်း အစီးရေ ၁၀၀ ကျော်ရှိတဲ့ စစ်ယာဉ်တန်းတစ်ခု မြစ်ကြီးနားမြို့က မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို မပခ ဘက်ကို ဆက်လက်ဝင်ရောက်သွားခဲ့ပြန်ပါတယ်။

“ ပထမဆုံးအနေနဲ့ ယာဥ်တန်းကတော့ မပခ ဘက်ကိုဝင်သွားတာ။ နောက် သူတို့က မိုးကောင်း၊ ဟိုပင်တို့ မိုးညှင်းတို့အပြင် လမ်းတကြောလုံးမှာ ရှိတယ်။ သူတို့ရဲ့ ကားတွေနဲ့ တပ်ထဲမှာ ၁၀ စီးလောက်အထိ ပစ္စည်းတွေချထားတာရှိပါတယ်။ ချသွားတဲ့ ပစ္စည်းတွေကတော့ လက်နက်ခဲယမ်းတွေပါမှာ။ နောက်ပြီးရင် ရိက္ခာတွေလည်းပါမှာပေါ့။ အားလုံးကတော့ မပခဘက်ကို ပြန်ဝင်သွားတာ။ ဒါပေမဲ့ လမ်းမှာလည်း တော်တော်များများကိုတော့ချထားတာတွေ့ရပါတယ်။”

ကချင်လွတ်လပ်ရေးတပ်မတော် KIA ရဲ့ ပြန်ကြားရေးတာဝန်ခံဗိုလ်မှူးကြီးနော်ဘူက အခုလိုပြောပြီး ဒီစစ်လက်နက်ရိက္ခာတွေဟာ မပခကနေတစ်ဆင့် ကမ္ဘာကျော်လီဒိုလမ်းမကြီးအပါအဝင် ကချင်ပြည်နယ်အထက်ပိုင်း ဆွမ်ပရာဘွမ်ဒေသတွေအထိ စစ်လက်နက်ရိက္ခာတွေဖြည့်တင်းနိုင်တယ်လို့ ဗိုလ်မှူးကြီးနော်ဘူက ဆက်ပြောပါတယ်။

မန္တလေး – မြစ်ကြီးနား ကားလမ်းပိုင်းအခြေအနေ

လူသားဒိုင်းဖြစ်လာတဲ့ အရပ်သားကားများ

စစ်ယာဉ်တန်းတွေနဲ့အတူ အရပ်သားကုန်တင်ယာဉ်တွေကို ရောနှောသွားလာစေတာ၊ အရပ်သားကားတွေကို ချောဆွဲပြီး တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေရဲ့ ကြားဖြတ်တိုက်ခိုက်မှုကနေ ကာကွယ်ဖို့ လူသားဒိုင်းသဖွယ် အသုံးပြုတာတွေရှိတယ်လို့ ဖြစ်စဉ်ကို ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ မိသားစုက အမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။

“စထွက်တုန်းက ကားတွေချောဆွဲခံရတဲ့ထဲမှာ ကျနော့အမတွေ လည်းပါသွားတယ်။ ပါသွားတော့ လိမ်ပြီးတော့ချောဆွဲခံရတာ ပေါ့လေ။ ကား owner တစ်ယောက်က သူကနေပြီးတော့ မြစ်ကြီးနားကိုဘိလပ်မြေတိုက်ရမယ်ဆိုပြီး ခေါ်လို့သွားလိုက်ကြတာ မတ္တရာကို။ ဟိုလည်းရောက်ရော စစ်ဗိုလ်တစ်ယောက်ရဲ့ အိမ်ဆောက်ပစ္စည်းတွေတိုက်ရတာတဲ့။”

အရပ်သားတွေကို လူသားဒိုင်းအဖြစ် အသုံးပြုတာဟာ အပြည်ပြည်ဆိုင်ရာလူသားချင်းစာနာမှုဆိုင်ရာဥပဒေ (IHL) အရ တားမြစ် ထားတဲ့ လုပ်ရပ်ဖြစ်ပါတယ်။

အရပ်သားတွေအတွက် ပိတ်နေဆဲလမ်း

ဒီလမ်းကြောင်းနှစ်ခုဟာ စစ်ရေးအတွက်တင် မဟုတ်ဘဲ မြန်မာနိုင်ငံမြောက်ပိုင်းတစ်ခုလုံးရဲ့ စီးပွားရေး၊လူမှုရေးနဲ့ စားနပ်ရိက္ခာ ဖူလုံရေးအတွက်ပါ အသက်သွေးကြော ဖြစ်ပါတယ်။

လမ်းကြောင်းတွေ ပိတ်ဆို့တာ ဒါမှမဟုတ် တိုက်ပွဲတွေဖြစ်ပွားနေတာဟာ စစ်ရေးအရတင် ထိခိုက်တာမဟုတ်ဘဲ အရပ်သား ပြည်သူသန်းပေါင်းများစွာရဲ့ စားဝတ်နေရေးနဲ့ အသက်မွေးဝမ်းကျောင်းကို တိုက်ရိုက် ပြင်းပြင်းထန်ထန် ရိုက်ခတ်နေတယ်လို့ ယာဉ်မောင်းတစ်ဦးက ဆိုပါတယ်။

“ကျနော်တို့က အခုလည်း ပုံမှန်လမ်းကြောင်းတွေအတိုင်းတော့ သွားလို့မရဘူး။ ကသာဘက်ကနေဇက်ကူးရတာမျိုးလည်း ရှိတယ်။ ကွင်းလမ်းတွေသုံးရတာကများပါတယ်။ ဒီနောက်ပိုင်းက ပွင့်လင်းရာသီမှာကွင်းလမ်းက အဆင်ပြေပေမဲ့ မိုးရာသီဆိုရင် တော့ သိတဲ့အတိုင်းပဲ။ ဆင်တွေနဲ့ပါဆွဲရတာ”

စစ်ကော်မရှင်က လမ်းပွင့်ပြီလို့ ကြေညာထားပေမဲ့ အဲ့ဒီလမ်းကို နေ့စဉ်အသုံးပြုရတဲ့ ယာဉ်မောင်းတွေအတွက်တော့ ကွင်းလမ်း၊ ဇက်နဲ့ ဆင်တွေကိုသာ အားကိုးနေရဆဲ ဖြစ်ပါတယ်။

သွေးစွန်းသောလမ်းမကြီးနှင့် ဖရိုဖရဲ တပ်မ ၃၃

အင်းတော်မြို့နယ်တောင်ဘက်ခြမ်းက မန္တလေး–မြစ်ကြီးနားဗျူဟာလမ်းမကြီးတစ်လျှောက်ကရွာတွေကို စစ်ကြောင်းထိုးစီးနင်း နေတဲ့စစ်ကြောင်းတွေထဲ ဆိုရွားရက်စက်တဲ့ လူသတ်အကြမ်းဖက်မှုကို ကျူးလွန်ခဲ့တဲ့ နာမည်ကျော် တပ်မ ၃၃ လက်အောက်ခံ တပ်ရင်း တချို့ပါဝင်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေကအတည်ပြုကြပါတယ်။

ကျားဘီလူးစစ်ကြောင်း တပ်မ ၃၃ လို့ လူအများမှတ်မိကြတဲ့ အမှတ် ၃၃ ခြေမြန်တပ်မဌာနချုပ်ဟာ စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့ မှာတည်ရှိပြီး မုံရွာမြို့ကအနောက်မြောက်တိုင်း စစ်ဌာနချုပ် (နမခ) အခြေစိုက်တပ်မဖြစ်ပါတယ်။

တပ်မ ၃၃ ဟာ ၂၀၁၇ ခုနှစ် ရခိုင်မြောက်ပိုင်း ရိုဟင်ဂျာတွေအပေါ် စစ်ဆင်ရေးနဲ့ ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက် စစ်ကိုင်းတိုင်း အပါအဝင် ဒေသအသီးသီးက အရပ်သားတွေအပေါ် အကြမ်းဖက်မှုတွေကြောင့် နာမည်ဆိုးနဲ့ ကျော်ကြားခဲ့တဲ့တပ်မတစ်ခုဖြစ်ပါ တယ်။

အင်မတန်ရက်စက်ပြီး အရှိန်အဝါကြီးခဲ့တဲ့ တပ်မ ၃၃ ရဲ့ လက်ရှိအခြေအနေဟာ လုံးဝပြောင်းလဲကွာခြားသွားခဲ့ပြီဖြစ်ပါတယ်။

ကာလရှည်တိုက်ပွဲတွေကြောင့် အင်အားပြုန်းတီးလာပြီး လက်ရှိစစ်မြေပြင်မှာလည်း စစ်မှုထမ်းဥပဒေအရ အတင်းအကျပ် စုဆောင်းခံထားရတဲ့ လူငယ်တွေကိုပဲ အဓိကအသုံးပြုလာရတယ်လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တွေက ဆိုကြပါတယ်။

“ ဒီစစ်ကြောင်းထဲမှာ များသောအားဖြင့် စစ်မှုထမ်းတွေပါတယ်လို့သိရတယ်။ ဒီစစ်ကြောင်းတွေက သင်္ဘောတွေစတက်တော့ ကသာဘက်မှာလည်းအင်အားတွေချခဲ့တယ်။ အဲ့တာလည်းပါမယ်။ ထီးချိုင့်ကနေလည်း စစ်ကားတွေကဆက်တိုက်တက်တယ်။ ဒါတွေလည်းပါမယ်ပေါ့လေ။”

ကချင်စစ်ကိုင်းအစပ်ဒေသမှာ စစ်ကြောင်းထိုးသွားလာနေတဲစစ်ကောင်စီတပ်သားများ

အင်းတော်မြို့နယ်ကို စစ်ကြောင်းထိုးနေတဲ့ တပ်ဖွဲ့တွေရဲ့အခြေနေကို ရှေ့တန်းသတင်းရင်းမြစ်တစ်ဦးက ပြောပြပါတယ်။

KNG က ဒေသခံတွေကနေတစ်ဆင့်ရရှိထားတဲ့ ရုပ်သံနဲ့အချက်အလက်တွေအရ ရက်စက်မှုကြောင့် နာမည်ကျော်ခဲ့တဲ့ တပ်မ ၃၃ ရဲ့ လက်ရှိအခြေနေကို သုံးသပ်နိုင်ပါတယ်။

ဒေသခံတွေဆီကရရှိထားတဲ့ အချက်အလက်တွေအရ ဗျူဟာလမ်းမကြီးနဘေးက နန့်သဲကျေးရွာတစ်ရွာတည်းမှာပဲ စစ်ကော်မရှင် တပ်သား ရုပ်အလောင်း ၄၀ ကျော်တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် စစ်ကြောင်းတွေဖြတ်သန်းစီးနင်းခဲ့တဲ့ ရွာနဘေး၊ လမ်းနဘေးနဲ့ ကျေးရွာရေတွင်း တွေထဲမှာ ရုပ်အလောင်းတွေ တွေ့ရှိခဲ့ ပြီး လက်ရှိအချိန်ထိ ဒေသခံတွေတွေ့ရှိထားတဲ့ ရုပ်အလောင်း ၅၀ ကျော်ရှိလာပြီလို့သိရပါတယ်။

ဒီရုပ်အလောင်းအများစုကိုတွေ့ရချိန်မှာလည်း ပြည်သူ့စစ်မှုထမ်းဥပဒေနဲ့ လိုက်ပါလာခဲ့ကြတဲ့ လူငယ်တွေအများစုဖြစ်တဲ့ အကြောင်း သူတို့ဝတ်ထားတဲ့ နိုင်ငံတော်အလံဘက်တံဆိပ်ယူနီဖောင်းကနေတစ်ဆင့်အတည်ပြုနိုင်ခဲ့တယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။

စစ်ကော်မရှင်တပ်ဟာ အင်းတော်မြို့နယ်တောင်ဘက်ခြမ်း ပြည်ထောင်စုလမ်းမကြီးတစ်လျှောက်က ရွာတွေကို ထိန်းချုပ်သွား နိုင်တယ်လို့ အောက်တိုဘာ ၂၁ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်ထားခဲ့ပါတယ်။

ဝန်းသို့မြို့နယ်ကိုဦးတည်တဲ့စစ်ကြောင်းနဲ့ထီးချိုင့်မြို့နယ်ကို ဦးတည်တဲ့ စစ်ကြောင်းဆိုပြီး စစ်ကြောင်းနှစ်ကြောင်းခွဲ စစ်ရေး လှုပ်ရှားနေကြတဲ့ ဒီတပ်ဖွဲ့တွေဟာ တော်လှန်ရေးအင်အားစုတွေရဲ့ကြားဖြတ်တိုက်ခိုက်မှုတွေကိုဆက်တိုက်ခံနေရတယ်လို့ သိရပါတယ်။

ထီးချိုင့်မြို့နယ် ကျောင်းကုန်းလမ်းဆုံကိုဦးတည်နေတဲ့ စစ်ကော်မရှင်တပ်ဖွဲ့တွေဟာ ကြားဖြတ်တိုက်ခိုက်ခံရတာကြောင့် တပ်စိတ် ၂ စိတ်သာကျန်တော့ပြီး ဝန်းသိုကိုခွဲထွက်သွားတဲ့ စစ်ကြောင်းပါ စစ်ကူအဖြစ်ပြန်လှည့်လာရတယ်လို့ သိရပါတယ်။

“ကိုယ့်ဘက်က အသာစီးရတာတော့ဟုတ်တယ်ပေါ့လေနော်။ ခွေးတွေဘက်ကလည်းပိတ်မိနေတယ်။ အကျအဆုံးတွေက လည်းများနေသေးတယ်။ တပ်စိတ် ၂ စိတ်ကျော်လောက်ကျန်နေသေးတယ်။ အဲ့တာကို ဆက်တိုက်နေသေးတယ်။ ဝန်းသိုဘက်ကိုရောက်သွားတဲ့စစ်ကြောင်းတောင်မှပဲ ဝန်းသိုကိုဆက်မထိုးနိုင်ပဲ ဒီစစ်ကြောင်းကိုကူဖို့ ပြန်လှည့်လာရ တယ်လို့သိရတယ်”လို့ မြေပြင်သတင်းရင်းမြစ်က အောက်တိုဘာလ ၂၇ ရက်နေ့ကအတည်ပြုပါတယ်။

ရှေ့တန်းတစ်နေရာမှာ မြင်တွေ့ရတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ Photo – Crd

တစ်ဖက်မှာ တော်လှန်ရေးအင်အားစုတွေဘက်က လက်ရှိမြေပြင်တိုက်ပွဲအတွင်း လက်နက်ခဲယမ်းတချို့သိမ်းဆည်းရမိတာတွေ ရှိသလို အရာရှိတချို့ပါအဝင် အလံဖြူထောင်လက်နက်ချတဲ့စစ်သုံ့ပန်းတွေကိုပါ အရှင်ဖမ်းမိထားတယ်လို့ မြေပြင်သတင်းရင်းမြစ် တွေကဆိုကြပါတယ်။

စစ်ကော်မရှင်တပ်ဟာ မန္တလေး–ပြည်ထောင်စုလမ်းမကြီးရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်တဲ့ မဲဇာရွာကနေ ကျောင်းကုန်းရွာအထိကို စစ်ကြောင်းထိုးထိန်းချုပ်ဖို့ကြိုးစားနေတာ အောက်တိုဘာလဆန်းပိုင်းကတည်းကပဲ ဖြစ်ပါတယ်။

စစ်ကော်မရှင်တပ်ဟာ ၁၁ မိုင်ဝန်းကျင်သာရှိတဲ့ မဲဇာရွာကနေ ကျောင်းကုန်းရွာအထိ စစ်ကြောင်းထိုးဖို့ကြိုးစားနေပေမဲ့ ဦးတည်ချက်ရွာကိုမရောက်သေးခင်မှာပဲ တပ်စိတ် ၂စိတ်ဝန်းကျင်သာကျန်ရှိတော့တဲ့အထိ အထိနာနေတာလို့ မြေပြင် စစ်ရေးသတင်းရင်းမြစ်တွေကဆိုကြပါတယ်။

“မြေပြင်အခြေနေက စစ်ရေးမှာက သူတို့က စစ်ကြောင်းထိုးနေပေမဲ့ စစ်ကြောင်းပဲထိုးနိုင်တာ။ သူတို့ရွာတွေမှာ တပ်မစွဲနိုင် ဘူး။ ကျနော်တို့ မဲဇာတို့ နန့်သဲတို့ဆို သူတို့ဝင်တယ်နော်။ ဝင်ပြီးရင် သူတို့စစ်ကြောင်းဆက်ထိုးတယ်ဝန်းသိုနဲ့ ထီးချိုင့်ကို။ ဒါပေမဲ့ ရွာထဲမှာ သူတို့ထားခဲ့ဖို့အတွက် အင်အားမရှိဘူး။ လမ်းကြောင်းတစ်ခုလုံးထိန်းသွားနိုင်တာတော့မဟုတ်ဘူး။ သူတို့တွေ စစ်ကြောင်းထိုးနေတဲ့ပုံစံမျိုးပဲ”စစ်ရေးသတင်းမြစ်တစ်ဦးက မြေပြင်အခြေနေကိုပြောပြပါတယ်။

အချုပ်အားဖြင့်ဆိုရရင်တော့ တစ်ချိန်က ရခိုင်မြောက်ပိုင်း၊ မန္တလေးမြို့ပြနဲ့ အညာမြေတွေမှာ အရပ်သားပြည်သူတွေကို နည်းမျိုးစုံနဲ့ နှိပ်စက်ခဲ့တဲ့ တပ်မ ၃၃ ဟာ၊ အခုအချိန်မှာတော့ ကချင်ပြည်နယ်ရဲ့အဝင် ပြည်ထောင်စုလမ်းမကြီးပေါ်မှာ လုံးဝအင်အားချည့်နဲ့ တပ်ပျက်နေရတဲ့ အခြေအနေကို ရင်ဆိုင်နေရပြီ ဖြစ်ပါတယ်။

စိတ်မကောင်းစရာကတော့ တိုက်ပွဲဝင်ချင်စိတ်လုံးဝမရှိဘဲ အဓမ္မ စုဆောင်းခံခဲ့ရတဲ့ အဲဒီအရပ်သားလူငယ်စစ်သားအသစ်တွေကို စစ်ကော်မရှင်က ရှေ့တန်းစစ်မျက်နှာတွေနဲ့ တပ်မ ၃၃ လို စစ်ကြောင်းတွေမှာ မိုင်းကွဲခံ၊ ဒရုန်းဗုံးကြဲခံဖို့အတွက် အကာအကွယ် သဖွယ် ရက်ရက်စက်စက်ရှေ့တန်းတင် အသုံးချနေတာဖြစ်ပါတယ်။

၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလကစလို့ ပြည်သူ့စစ်မှုထမ်းဥပဒေသကို စတင်ကျင့်သုံးခဲ့တဲ့စစ်ကော်မရှင်ဟာ ဒီကနေ့ အချိန်အထိ အပတ်စဉ်ပေါင်း (၂၈) ကြိမ်ထက်မနည်း ခေါ်ယူကာ နိုင်ငံတစ်ဝန်းက အရပ်သားလူငယ် တစ်သိန်းလေးသောင်းကျော်အထိ စံချိန်တင်အတင်းအကျပ် စုဆောင်းခဲ့တယ်လို့ မြေပြင်စောင့်ကြည့်ရေးအဖွဲ့တွေက ဖော်ပြကြပါတယ်။

By – အမိုး

Show More

Leave a Reply

Back to top button