-
Oct- 2024 -31 Octoberဖမ်းဆီးခံရမှု
အသက်မပြည့်သေးတဲ့ နမ့်ဖတ်ကာဒေသခံ ကချင်လူငယ်တစ်ဦးကို ကိုးကန့်တပ်ရိုက်နှက်
ရှမ်းမြောက် နမ့်ဖတ်ကာမြို့ ဒေသခံကချင်လူငယ်တစ်ဦးကို ကိုးကန့် MNDAA က အကြောင်းမဲ့ ရိုက်နှက်ဖမ်းဆီးသွားတဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီး နမ့်ဖတ်ကာမြို့အုပ်ချူပ်ရေးအဖွဲ့ တာဝန်ယူဖြေရှင်းနေတယ်လို့ ဒေသခံတွေ ပြောပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၈ ရက်နေ့ ညနေ ၄ နာရီဝန်းကျင် ကိုးကန့် MNDAA တပ်သား ၃ ဦးဟာ ထင်းခွေပြီး အိမ်ပြန်လာတဲ့ နမ့်ဖတ်ကာဒေသခံ ကချင်လူငယ်တစ်ဦးကို ရွာမရောက်ခင် လမ်းခုလတ်တစ်နေရာမှာ ဖမ်းဆီးသွားတာလို့ သိရပါတယ်။ ဖမ်းဆီးချိန် မျက်လုံးကိုပိတ်ပေးလိုက်တဲ့အပြင် အကိုးကန့်တပ်ရှိတဲ့နေရာကို ဖမ်းဆီးသွားပြီးနောက် ကြောင်းမဲ့ ရိုက်နှက်ကာပြန်လွတ်ပေးခဲ့တယ်လို့ နမ့်ဖတ်ကာဒေသခံတစ်ဦး အခုလို ပြောပါတယ်။ “သူက အဲ့နေ့က ထင်းသွားရှာပြီး နမ့်ဖတ်ကာကို ပြန်လာချိန် လမ်းမှာ ကိုးကန့်တပ်သား ၃ ယောက်က သူ့ကိုတွေ့ပြီး အနောက်ကနေ သေနတ်နဲ့အရင်ထောက်တယ် ပြီးတော့ အနောက်ကနေ ရိုက်လိုက်တယ်။ ပြီးတော့ ချက်ချင်း မျက်လုံးပိတ်ပြီး ကိုးကန့်တပ်တွေရှိတဲ့ နေရာကို ခေါ်သွားတယ်လို့ပြောတယ်။ ဟိုမှာရောက်တော့ သူ့ကို ရိုက်နှက်ပြီးစစ်ဆေးမေးမြန်းတယ်တဲ့။ သူလည်း စကားနားမလည်တော့ ဘာတွေမေးလို့မေးမှန်းမသိဘူးလို့ပြောတယ်။ သူဘာမှမသိဘူး ရိုက်တာပဲသိတယ်တဲ့။ ခုတော့ နမ့်ဖတ်ကာအုပ်ချူပ်ရေးတွေဘက်က လိုက်နေတယ်ပြောတယ်”လို့ နမ့်ဖတ်ကာဒေသခံက KNG ကို ပြောပါတယ်။ ကိုးကန့် MNDAA တပ်ရဲ့ ဖမ်းဆီးရိုက်နှက်ခြင်းခံရသူဟာ နမ့်ဖတ်ကာမြို့ လွယ်ကုန် ရပ်ကွက် ၆ မှာ နေထိုင်သူ ဒေါ်လဗျလုပါရဲ့သား အသက် ၁၇ နှစ်အရွယ် မောင်အင်ခွမ်ဆန်လီ ဖြစ်တယ်လို့ သိရပြီး နမ့်ဖတ်ကာကနေ ကွတ်ခိုင်ဘက်သွားတဲ့လမ်း နမွန်းပါဘက်ကို ထင်းသွားခွေပြီး အပြန် ဖမ်းဆီးခံရတာဖြစ်တယ်လို့ ဆိုပါတယ်။ အသက် ၁၇ နှစ်သာရှိသေးတဲ့ မောင်အင်ခွမ်ဆန်လီကို ကိုးကန့်တပ်တွေဟာ အောက်က်ိုဘာလ ၂၈ ရက်နေ့ ညနေ ၄ နာရီလောက်ကနေ ရိုက်နှက်ဖမ်းခေါ်သွားပြီး ၃ နာရီလောက်အကြာ စစ်ဆေးမေးမြန်းကာ ည ၇ နာရီဝန်းကျင် နဂိုဖမ်းခေါ်သွားတဲ့နေရာမှာ ပြန်ပို့ပေးထားကြောင်း ဆက်လက်သိရပါတယ်။ အဲဒီနောက် ည ၁၀ နာရီဝန်းကျင် သတိလစ်ပြီး နမ့်ဖတ်ကာဆေးရုံကို ပိုဆောင်ခဲ့ကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ကိုးကန့်တပ်ရဲ့ ဖမ်းဆီးရိုက်နှက်ခြင်းခံရသူ မောင်အင်ခွမ်ဆန်လီဟာ ခန္ဓာကိုယ်မှာ ရိုက်နှက်ဒဏ်ရာတွေနဲ့ မျက်လုံးတစ်ဖက်အမြင်အာရုံထိခိုက်ထားပြီး နားတစ်ဖက်လည်း မကြားရဘူးလို့ ပြောပြပါတယ်။ ကိုးကန့် MNDAA တပ်ဖွဲ့ဘက်က ဘာ့ကြောင့် ရိုက်နှက်ကာ ဖမ်းဆီးသွားတယ်ဆိုတဲ့ အကျိုးအကြောင်း တစ်စုံတစ်ရာမျှ မသိရှိရဘူးလို့ ဒေသခံတွေက ပြောပါတယ်။ “အခု နမ့်ဖတ်ကာ KIO အုပ်ချူပ်ရေးအဖွဲ့က လိုက်နေတယ်ဆိုပေမဲ့ ဘာမှတော့မသိရသေးဘူး။ ကျနော်တို့ဒေသမှာ လက်နက်ကိုင်အဖွဲ့များတယ်။ အခုတော့ ဘာဘဲဖြစ်ဖြစ်အေးချမ်းပြီထင်နေတာ ဒီလိုလက်နက်ကိုင်တွေက ရွာသားတွေကို လူငယ်တွေကို အခုလို လုပ်တာတွေရှိတော့ ဘယ်လိုစိတ်မအေးနိုင်ပဲ လူငယ်တွေလည်း သွားရလာရ တော်တော်ဂရုစိုက်ရမဲ့အနေအထားဖြစ်နေတယ်။ ပြီးတော့ လက်နက်ကိုင်တပ်ဖွဲ့ကိုလည်း ပြောချင်တယ်။ တစ်စုံတစ်ခုကြောင့်ရွာသားတွေကို ဖမ်းဆီးပြီဆို သေချာစွာ မေးမြန်း စစ်ဆေးပြီးမှ အပြစ်မရှိဘူးဆိုရင် ကောင်းမွန်စွာ ပြန်လွတ်ပေးသင့်တယ်။ အခုလို ရိုက်နှက် မေးမြန်း စစ်ဆေး၊ နှိပ်စက်ပြီးမှ ပြန်လွတ်ပေးတာမျိုး မလုပ်ခိုင်းစေချင်ဘူး” လို့ နမ့်ဖတ်ကာဒေသခံက ဆက်ပြောပါတယ်။ ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး သက်ဆိုင်ရာ နမ့်ဖတ်ကာအုပ်ချူပ်ရေးတာဝန်ရှိသူတွေက ပြစ်မှုကျူးလွန်တဲ့ ကိုးကန့်တပ်သားတွေကို ဆက်လက်စုံစမ်းနေကာ ဖြေရှင်းပေးဖို့ ပြောဆိုထားတယ်လို့ သိရပေမယ့် လက်ရှိချိန်ထိတော့ အကျိုးအကြောင်း အသေးစိတ်ကိုမသိရသေးဘူးလို့ နမ့်ဖတ်ကာဒေသခံက ပြောပါတယ်။ နမ့်ဖတ်ကာနဲ့ ကွတ်ခိုင်တစ်ဝိုက် ပြီးခဲ့တဲ့ကာလတစ်လျှောက်လုံးမှာလည်း ကိုးကန့် MNDAA တပ်ဖွဲ့ဘက်က အခုလို ကျေးရွာဒေသခံပြည်သူတွေကို အကြောင်းမဲ့ ဖမ်းဆီးရိုက်နှက်ပြီး ပြန်လွတ်ပေးခဲ့တဲ့ ဖြစ်စဉ် အကြိမ်ကြိမ်ဖြစ်ပွားနေခဲ့သလို လက်လွန်ပြီး သေဆုံးသွားသူတွေလည်း မျးစွာရှိခဲ့ပြီလို့ ဒေသခံတွေက ပြောပါတယ်။ By – ဂျာဘောက်ရာ
Read More » -
31 Octoberသတင်း
မိုးမောက်အပါ နေရာ ၃ ခုမှာ တိုက်ပွဲပြင်းထန်နေ
ဗန်းမော်နဲ့ မိုးမောက်ကြားမှာရှိနေတဲ့ စစ်ကောင်စီ စစ်ကြောင်းတွေဟာ မိုးမောက် ခမရ ၄၃၇ တပ်ရင်းဘက်ကို ထိုးဖောက်နိုင်ဖို့ ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့အတွက် တိုက်ပွဲဆက်ဖြစ်နေသေးတယ်လို့ KIO ပြောပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ်လ ၁၉ ရက်နေ့ မိုးမောက်တပ် ခမရ ၄၃၇ တပ်ရင်းတစ်ခုလုံး KIA သိမ်းပိုက်လိုက်ပြီးနောက် စစ်အင်အား ၄၀၀ ဝန်းကျင်လောက်တဲ့ စစ်ကောင်စီတပ်သားတွေက မိုးမောက်မရောက်မှီ ၆ မိုင်၊ ၇ မိုင် အောင်မြေကျေးရွာအနီးတဝိုက်မှာရှိနေပြီး KIA တပ်တွေနဲ့ စစ်ရေးတင်းမာနေတာဖြစ်ပါတယ်။ အောက်တိုဘာလ ၂၀ ရက်နေ့မှာ ဗန်းမော်ဘက်က စစ်တင့်ကား ၄ စီးပါတဲ့စစ်ကြောင်းတစ်ခု ထပ်မံစစ်အင်အားတိုးချဲ့လားပြီးတော့ စစ်အင်အားအလုံးအရင်းနဲ့ တိုက်ခိုက်လာတဲ့အတွက် ဒီကနေ့ အောက်တိုဘာလ ၃၁ ရက်နေ့အထိ တိုက်ပွဲပြင်းထန်နေဆဲဖြစ်တယ်လို့ KIO သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက KNG ကိုပြောပါတယ်။ “မိုးမောက်ဘက်မှာ ဒီလ ၂၀ ရက်နေ့ကစပြီး တစ်ကျော့ပြန်တိုက်ပွဲပြန်ဖြစ်လာတယ်။ တစ်နေ့ကနဲ့ မနေ့အထိတော့ နည်းနည်းပြန်ငြိမ်သွားတယ်။ လုံးဝငြိမ်သွားတဲ့ ပုံစံမဟုတ်ဘူး။ တိုက်ပွဲက ဖြစ်နေတုန်း။ ဘာလို့လဲဆိုတော့ စစ်ကြောင်းတွေက ရှိနေသေးတဲ့အတွက် တိုက်ပွဲက ဆက်ဖြစ်နေသေးတာလည်းဖြစ်ပါတယ်”လို့ပြောပါတယ်။ စစ်ကောင်စီတပ်ဘက်က တင့်ကား၊ ဒရုန်းလက်နက်ကြီးတွေနဲ့ အဆက်မပြတ် ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့အတွက် နှစ်လဝန်းကျင်အထိ KIA ပူးပေါင်းတပ်တွေ ပိတ်ဆို့တိုက်ခိုက်နေတဲ့ ၆ မိုင်နဲ့ ၇ မိုင်ကုန်းကျော်လွန်လာပြီး ၈ မိုင်နားအထိ စစ်ကောင်စီတပ်တွေ နီးကပ်လာတာရှိတယ်လို့လည်း သိရပါတယ်။ KIA တပ်တွေလည်း မိုးမောက်မြို့နယ်ဘက်ခြမ်းကို မကျော်တက်လာနိုင်အောင် ခမရ ၄၃၇ တပ်ရင်းသိမ်းပြီးကတည်းက ၃ လခန့်အထိ စစ်ကောင်စီတပ်တွေကို ပိတ်ဆို့တိုက်ခိုက်နေတာလည်းဖြစ်ပါတယ်။ ဗန်းမော်နဲ့ မိုးမောက်ကြားမှာ စစ်ကောင်စီတပ်နဲ့ KIA တပ်တွေ တိုက်ပွဲဖြစ်ပွားနေသလို ဖားကန့်ဒေသ KIA တပ်မဟာ (၉) နေရာမှာလည်း စစ်ကောင်စီဘက်က ဒီကနေ့ အောက်တိုဘာလ ၃၁ ရက်နေ့ မနက်ပိုင်း ၁၀ နာရီလောက်မှာ လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ KIA ရှေ့တန်းသတင်းရင်းမြစ်ကပြောပါတယ်။ “ဟုတ်တယ်ဗျ။ မနက်က လာပစ်တာ ၄ ကြိမ်ရှိပြီ ထိခိုက်မှုတော့မသိရသေးဘူး။ ဥရုချောင်းမှာလည်း ကျတာတွေရှိတယ်”လို့ ပြောပါတယ်။ ဒါ့အပြင် ဆိုင်းတောင်မှာလည်း စစ်တပ်ရဲ့လေယာဉ်လာရောက်ပျံဝဲနေတယ်လို့ ဆိုင်းတောင်ဒေသခံတွေပြောပါတယ်။ အလားတူ တရုတ်နယ်စပ်နဲ့ ထိစပ်တဲ့ နယ်စပ်မြို့တစ်ခုဖြစ်တဲ့ ကချင်အထူးဒေသ(၁) ဖီမော်မြို့စောင့်တပ် အမှတ် ၁၀၀၁ တပ်ရင်းနေရာကိုလည်း KIA ပူးပေါင်းတပ်တွေ ထိုးစစ်ဆင်တိုက်ခိုက်နေပြီဖြစ်တဲ့ တိုက်ပွဲပြင်းထန်နေတယ်လို့လည်းသိရပါတယ်။ ပြည်သူ့စစ်နဲ့ BGF တပ်တွေရဲ့ နောက်ဆုံးကျန်ရှိနေတဲ့ စစ်ဌာနချုပ် နေရာဖြစ်တဲ့ ဖီဖော် ၁၀၀၁ နေရာကို KIA ဘက်က ဒီကနေ့ အောက်တိုဘာလ ၃၁ ရက်နေ့မှာ ထပ်မံသိမ်းပိုက်ထားနိုင်ပြီလို့ သတင်းတွေ ထွက်ပေါ်နေပေမယ့် အဆက်အသွယ်အခက်အခဲကြောင့် အတည်ပြုဖို့ ခက်ခဲနေသေးတာလည်းဖြစ်ပါတယ်။ KIA တပ်တွေဟာ စက်တင်ဘာလနဲ့ အောက်တိုဘာလ အတွင်းမှာပဲ တရုတ်နယ်စစ်တစ်ကြောမှာရှိတဲ့ ချီဖွေ၊ ပန်ဝါ၊ ဆော့လော်မြို့အပါ ပြည်သူ့စစ်နဲ့ နယ်ခြားစောင့်တပ်တွေရဲဲ့ လုပီ ၁၀၀၂၊ စင်ကြိုင် ၁၀၀၃ တပ်ရင်းနေရာတွေကို သိမ်းပိုက်ထားနိုင်ပြီး အမှတ် ၁၀၀၁ တပ်ရင်းတစ်ခုသာကျန်နေတာလည်း ဖြစ်ပါတယ်။ By – နော်ထွယ့်(ဟူးကောင့်)
Read More » -
31 Octoberသတင်း
ဖီမော် အမှတ် ၁၀၀၁ နယ်ခြားစောင့်တပ်စခန်းကို KIA တိုက်ခိုက်
ကချင်အထူးဒေသ (၁) နယ်မြေက ဖီမော်မြို့စောင့်တပ် ၁၀၀၁ တပ်စခန်းမှာအောက်တိုဘာလ ၃၀ ရက်နေ့ကစလို့ တိုက်ပွဲပြင်းထန်နေတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ အောက်တိုဘာလ ၃၀ ရက်နေ့ညပိုင်းမှာ ၁၀၀၁ တပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က ဝင်ရောက်တိုက်ခိုက်နေတာလို့သိရပြီး ဒီကနေ့မနက်ပိုင်း…
Read More » -
30 Octoberမူးယစ်ဆေးဝါး
ဝိုင်းမော်မြို့မှာ တစ်လအတွင်းမှာဘဲ မူးယစ်ဆေးဝါးရှော့ဖြစ်ပြီး သေဆုံးသူနှစ်ဦးထိရှိလာ
ကချင်ပြည်နယ် ဝိုင်းမော်မြို့မှာ အောက်တိုဘာလတစ်လအတွင်း မူးယစ်ဆေးဝါးရှော့ဖြစ်လို့သေဆုံးသူနှစ်ဦးထိရှိခဲ့တယ်လို့ မွန်မြတ်စေတနာ လူမှုကယ်ဆယ်ရေးအသင်းက KNGကို ပြောပါတယ်။ သေဆုံးသွားသူနှစ်ဦးက အသက်၃၀ ဝန်းကျင်အရွယ် အမျိုးသားနှစ်ဦးဖြစ်ကြပြီး ဝိုင်းမော်မြို့ ရပ်ကွက်(၃) လယ်ကွင်းပြင်နဲ့ မြို့မဘောလုံးကွင်း စတိတ်စင်အောက်မှာ အောက်တိုဘာ ၁၉ ရက်နေ့ တွေ့ရှိခဲ့တာဖြစ်တယ်လို့ လူမှုကယ်ဆယ်ရေးအသင်းရဲ့တာဝန်ရှိသူက ခုလိုပြောပါတယ်။ “သူကတော့ ညကတည်းကမူးယစ်ဆေးရှော့ဖြစ်ပုံရပါတယ် သူတို့က ညဖြစ်ကြတာဗျ ကျွန်တော်တို့ဘယ်သူမှ မသိလိုက်ကြဘူး သိရင်တော့ နှစ်နာရီအတွင်းဆိုကယ်လို့ရတယ် မနက်သွားယူတော့တောင့်နေပြီ”လို့ ဆိုပါတယ်။ သေဆုံးသူနှစ်ဦးစလုံး စစ်ရှောင်တွေဖြစ်ပြီး ရက်ကွက်(၅) သရက်တော စစ်ရှောင်စခန်းနဲ့ ရပ်ကွက်(၃)စစ်ရှောင်စခန်းကဖြစ်တယ်လို့ သိရပါတယ်။ ဝိုင်းမော်မြို့မှာ မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲသူတွေဟာ ဝိုင်းမော်မြို့ အထက(၁)စာသင်ကျောင်းဘေး အနီးပတ်ဝန်းကျင်နဲ့ ရပ်ကွက်(၃) ဟိုးတုံ ဆည်မြောင်းပတ်ဝန်းကျင်မှာ ရှိနေတတ်ကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။ မူးယစ်ဆေးဝါးသုံးစွဲသူတွေကို ရဲစခန်းဘက်တာဝန်ရှိသူတွေအနေနဲ့ အရေးယူထိန်းသိမ်းပေးခြင်းမရှိတဲ့အပြင် ပိုက်ဆံပေးပြီး မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲခိုင်းတာမျိုးတွေကိုပါ ပြုလုပ်နေတယ်လို့ သတင်းတွေထွက်ပေါ်နေတာဘဲ ဖြစ်ပါတယ်။ ခုလိုအခြေအနေတွေကြောင့် ဝိုင်းမော်မြို့ ဒေသခံတွေအနေနဲ့ လုံခြုံရေးအခြေအနေတွေကို စိုးရိမ်နေရတယ်လို့ ဝိုင်းမော်ဒေသခံတစ်ဦးက ခုလိုပြောပါတယ်။ “ရပ်ရွာကလူတွေလည်း ဆေးရောင်းတဲ့လူတွေကို ခနခနမောင်းထုတ်ရင်လည်း သူတို့က မပြန်ဘူး ပြန်စုကြတော့ အဲနားက ကလေးတွေဖြတ်သွားဖြတ်လာလုပ်နေတာဆိုတော့ ကလေးတွေတော်တော်ပျက်စီးပြီး မူးယစ်ဆေးဝါးသုံးစွဲတတ်လာတယ် သူတို့ကအဲနားမှာကို မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားနေကြတော့”လို့ ဆိုပါတယ်။ ဒါ့အပြင် စစ်တပ်လက်အောက် ရဲဌာနတွေဟာ မူးယစ်ဆေးဝါးရောင်းဝယ်တဲ့သူတွေကို အခွန်သဘောမျိုးနဲ့ ငွေကောက်ခံတာမျိုးသာ ပြုလုပ်ပြီး ဝင်ရောက်ဖမ်းဆီးခြင်းလည်း မရှိဘူးလို့ သိရပါတယ်။ အာဏာမသိမ်းခင် ကချင်ပြည်နယ်မှာ အရပ်ဘက်အဖွဲ့အစည်းတွေရဲ့ မူးယစ်ဆေးဝါးနှိမ်နှင်းတိုက်ဖြတ်မှုတွေဟာ အတိုင်းအတာတစ်ခုထိ ထိရောက်မှုရှိခဲ့ပါတယ်။ သို့သော် အာဏာသိမ်းပြီးနောက်အဖက်ဖက်ကနေ ခက်ခဲလာတာကြောင့် လုပ်ကိုင်ဖို့အဆင်မပြေလာဘူးလို့အရပ်ဘက်အဖွဲ့စည်းတွေပြောပါတယ်။ မြန်မာနိုင်ငံဟာ ဘိန်းစိုက်ထုတ်မှုအများဆုံး ရှမ်းပြည်နယ်ဖြစ်ပြီး တစ်နိုင်ငံလုံးက စိုက်ပျိုးမှုနှုန်း ၈၈ ရာခိုင်နှုန်းက ရှမ်းပြည်နယ်က ဖြစ်တယ်လို့ UNODC မှာဖော်ပြထားပါတယ်။ အဲဒီထဲမှာတော့ ကချင်နဲ့ချင်းပြည်နယ်တို့က အများဆုံးစိုက်ပျိုးပြီး UNODC ရဲ့ ၂၀၂၃ ဒီဇင်ဘာ ၁၂ရက်နေ့ရဲ့ ထုတ်ပြန်ချက်မှာတော့ မြန်မာနိုင်ငံက ကမ္ဘာပေါ်မှာ ဘိန်းစိုက်ပျိုးမှုအများဆုံးနိုင်ငံဖြစ်တယ်လို့ထုတ်ပြန်ထားပါတယ်။ By – Hope
Read More » -
30 Octoberသတင်း
ဖီမော်နယ်စပ်ဂိတ် ကုန်စီးဆင်းမှုတရုတ်ကပိတ်ဆို့၊ တရုတ်ပိုင်ကျောက်ဖြူလုပ်ငန်းအသုံးပြုကားသာဝင်ထွက်ခွင့်ပြုနေ
ကချင်အထူးဒေသ (၁) ဖီမော်မြို့နယ် နယ်စပ်ဂိတ်ကို တရုတ်ဘက်ကနေ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၆ ရက်နေ့က ပိတ်ဆို့လိုက်ပြီး ကုန်စည်စီးဆင်းမှုမရှိတော့ပေမဲ့ တရုတ်ပိုင်ကျောက်ဖြူလုပ်ငန်းအသုံးပြုကားတွေတော့ အဝင်အထွက်ရှိတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာ တတိယအပတ်အတွင်း ကချင်အထူးဒေသ ၁ နယ်မြေတစ်ဝှိုက် မြို့သိမ်းတိုက်ပွဲ စခန်းသိမ်းတိုက်ပွဲတွေအကြား ပန်ဝါမြို့ကို KIA က သိမ်းပိုက်လိုက်တဲ့နောက်မှာတော့ တရုတ်နိုင်ငံဘက်က နယ်စပ်ဂိတ်အတော်များများကိုပိတ်လိုက်တာဖြစ်ပါတယ်။ “နယ်စပ်ဂိတ်ကနေတော့ ကျနော်တို့ဆီကိုဘာပစ္စည်းမှမဝင်တော့ဘူး ဒါပေမဲ့ တရုတ်ဘက်ကနေတော့ ကားတွေဝင်တယ်။ ကျောက်ဖြူသည်တဲ့ကားတွေပေါ့ သူတို့တော့အဝင်အထွက်လုပ်နေတယ်။ ကျနော်တို့ ဆီပဲ ဘာမှကိုမဝင်တော့တာ။ ပန်ဝါသိမ်းပြီးတစ်ခြားမြို့တွေ နယ်စပ်ဂိတ်ပိတ်သွားပေမဲ့ ကျနော်တို့ဆီမှာ ပစ္စည်းတွေဝင်သေးတာဟုတ်တယ်။ ”လို့ဒေသခံအမျိုးသမီးတစ်ဦး ပြောပါတယ်။ ကချင်အထူးဒေသ ၁ ထိန်းချုပ်မှုအောက်မှာရှိနေသေးတဲ့ ဖီမော်မြို့နယ်စပ်ဂိတ်ကနေ အောက်တိုဘာလ ၂၅ ရက်နေ့အထိကုန်စည်စီးဆင်းမှုတွေရှိနေခဲ့ပြီး တရုတ်ပိုင်ကျောက်ဖြူလုပ်ငန်းနဲ့ သံသတ္တုလုပ်ငန်းတွေ လည်ပတ်နေခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့အောက်တိုဘာလ ၂၆ ရက်နေ့မှာတော့ ဖီမော်မြို့ နယ်စပ်ဂိတ်ကနေ တရုတ်ဘက်က ကုန်ပစ္စည်းအဝင်တွေကိုရပ်တန့်လိုက်တာဖြစ်ပြီး လက်ရှိတော့ တရုတ်ဘက်ကကုန်ပစ္စည်းအဝင်တွေကို အားကိုးနေရတဲ့ ဒေသခံတွေကတော့ အခက်ကြုံလာရတယ်လို့ ဒေသခံတွေကပြောပါတယ်။ “အခက်အခဲတော့နည်းနည်းစကြုံလာရတာပေါ့။ ဆီဈေးတွေလည်း တရုတ်ငွေနဲ့ဆိုအရင်က တစ်လီတာကို ၁၅ ယွမ် ဒီရက်ပိုင်းတော့ ၂၀ ယွမ်ဖြစ်သွားတယ်။ဒါကတော့ရွာတွေမှာပေါ့ မြို့ပေါ်မှာတော့ဈေးနည်းနည်း သက်သာနေသေးတယ်။ ကုန်ဈေးနှုန်းကတော့မတက်သေးဘူး အခုတော့သိပ်မသိသာသေးဘူးပေါ့။ ”လို့ဒေသခံအမျိုးသားတစ်ဦး ကပြောပါတယ်။ KIA ထိန်းချုပ်မှုအောက် တရုတ်–မြန်မာနယ်စပ်ဂိတ် KIO ဌာနချုပ် လိုင်ဇာမြို့နယ်စပ်ဂိတ်၊ လွယ်ဂျယ်နယ်စပ်ဂိတ်၊ ပြီးခဲ့တဲ့ ရက်ပိုင်းသိမ်းပိုက်ထားတဲ့ ပန်ဝါမြို့နယ်စပ်ဂိတ်ရှိပြီး ကချင်အထူးဒေသ ၁ အောက်မှာ ကံပိုင်တည်၊ ဖီမော်နယ်စပ်ဂိတ်၊ အမှတ် ၇ နယ်စပ်ဂိတ်၊ ကန့်ဖာနယ်စပ်ဂိတ်ရှိပါတယ်။ အဲဒီထဲက KIA ထိန်းချုပ်မှုအောက်ရှိ လိုင်ဇာ၊လွယ်ဂျယ်၊ပန်ဝါ ဂိတ်အားလုံးကို တရုတ်ဘက်က အောက်တိုဘာလ ၁၈ ရက်ညကစပြီး ပိတ်လိုက်သလို ကချင်အထူးဒေသ ၁ အောက်မှာရှိနေသေးတဲ့ ကံပိုင်တည်မြို့ နယ်စပ်ဂိတ်ကိုလည်း ပိတ်ထားပြီး ကန့်ဖာဂိတ်နဲ့အမှတ် ၇ နယ်စပ်ဂိတ်ကို ၂၀၂၂ ခုနှစ် ကိုဗစ်ကာလကတည်းက ပိတ်ထားတာလို့သိရပါတယ်။ ကချင်အထူးဒေသ ၁ ထဲမှာရှိနေသေးတဲ့ ဖီမော်နယ်စပ်ဂိတ်၊ ကန့်ဖာနယ်စပ်ဂိတ်၊ အမှတ် ၇ နယ်စပ်ဂိတ်၊ KIAသိမ်းပိုက်လိုက်တဲ့ ပန်ဝါနယ်စပ်ဂိတ်တွေဟာ နယ်စပ်တစ်လျှောက်နေထိုင်တဲ့ ပြည်သူတွေလိုအပ်တဲ့ စက်သုံးဆီ၊ အခြေခံစားသောက်ကုန်ပစ္စည်းတစ်ချို့အပါအဝင်၊တွင်းထွက်လုပ်ငန်းတွေမှာအသုံးပြုတဲ့ ခဲ၊ယမ်းတွေကို အဓိကတင်သွင်းတာလို့ဒေသခံတွေကပြောပါတယ်။
Read More » -
30 Octoberသတင်း
မီတာယူနစ်မဖတ်ဘဲ မီးကြေးကောက်ခံနေ
မြစ်ကြီးနားမြို့မှာ မီတာယူနစ်မဖတ်ဘဲ မီတာကြေးကောက်နေတယ်လို့ မြစ်ကြီးနားမှာနေထိုင်တဲ့ ပြည်သူတွေပြောပါတယ်။ ပြိီးခဲ့တဲ့ ဇူလိုင်လ ကချင်ပြည်နယ်တစ်ပြည်နယ်လုံးအတိုင်းတာနဲ့ရေကြီး၊ရေလျှံမှုတွေဖြစ်ခဲ့ပြီးနောက် မြစ်ကြီးနားမြို့ ရမ်ပူ၊ကြက်ပေါင်ခြံ၊မြို့သစ်ကြီး၊ ကွက်ကစ်ရပ်ကွက်အပါအဝင် ရပ်ကွက်တစ်ချို့ရေနစ်မြုပ်ပြီး မီတာဘောက်အများပိုင်းပျက်စီးတာတွေရှိခဲ့တယ်လို့ သိရပါတယ်။ မီတာဘောက်ပျက်စီးသွားပြီးနောက်ပိုင်း မီတာယူနစ်ဖတ်လို့မရတော့ပေမယ့် ဘူးဂါးလျှပ်စစ်ရုံးက မီတာခစာရွက်ဖြတ်ပိုင်း လတိုင်းလာပို့ပြီး မီတာခတွေကိုလည်း ပုံမှန်ပေးဆောင်ခိုင်းနေတယ်လို့ ကြက်ပေါင်ခြံရပ်ကွက် အမျိုးသားတစ်ဦး ခုလိုပြောပါတယ်။ “အရင်က ယူနစ်သုံးတဲ့အပေါ် ခွဲခြားပြီးကောက်တယ်။ ခုက ဖတ်လည်းလာမဖတ်ဘဲ မီတာခမှန်းကောက်နေတယ်။ မီတာဘောက်ကဖြင့် ရေကြီးကတည်းကပျက်နေတာ လာမလှဲပေးဘူး။ မီတာဘောက်လှဲပေးဖို့ပြောတော့ နိုင်ငံတော်က မချပေးသေးလို့တဲ့ ။ ခုဆို အိမ်ကမီတာဘယ်လောက်သုံးလို့ ဘယ်လိုပေးရမလဲမသိဘူး။ သူတို့တောင်းသလောက်ပေးနေရတယ်”လို့ ပြောပါတယ်။ မီတာဘောက်မပျက်ခင် တစ်လကို မီတာခပျှမ်းမျှ တစ်သောင်းဝန်းကျင်သာရှိခဲ့ပေမယ့် ရေကြီးပြီး မီတာဘောက်ပျက်စီးသွားတဲ့နောက် နှစ်သောင်းခွဲဝန်းကျင်အထိ ပေးဆောင်နေရတယ်လို့ သူကဆက်ပြောပါတယ်။ ဒါဟာ ဘူးဂါးလျှပ်စစ်ရုံးကနေ မီတာယူနစ်မဖတ်ဘဲ မှန်းကောက်နေတာဖြစ်တယ်လို့ မြစ်ကြီးနားမြို့ခံတစ်ဦး ဆက်ပြောပါတယ်။ အလားတူ ရမ်ပူရပ်ကွက်ဘက်မှာလည်း မီတာယူနစ်ဖတ်ခြင်းမရှိဘဲကောက်ခံတာတွေရှိနေတယ်လို့ ရမ်ပူရပ်ကွက်နေ အမျိုးသမီးတစ်ဦး ခုလိုပြောပါတယ်။ “ကျမတို့အိမ်က မီတာဘောက်တော့ကောင်းတယ် ဒါပေမယ့် သူခိုးကြောက်လို့ တံခါးကအချိန်ပြည့်ပိတ်ထားတယ်။ မီတာယူနစ်ဖတ်တဲ့သူလာတာလည်းမတွေ့ဘူး ဖြတ်ပိုင်းကတော့ လကုန်ရင်တံခါးမှာ လာလာညှပ်ထားကြတယ်”လို့ ပြောပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ဘူးဂါးလျှပ်စစ်ရုံးတာဝန်ခံ ဦးဂမ်အောင်ကို KNG သတင်းဌာနက အကြိမ်ကြိမ်ဆက်သွယ်ပေမယ့် ဖုန်းလိုင်းအခက်ခဲကြောင့် ဆက်သွယ်လို့မရပါဘူး။ By – Zaw Zaw
Read More » -
29 Octoberသတင်း
ဆိုင်းတောင်ပြည်သူတစ်ချို့နေရပ်ပြန်နေထိုင်ခွင့်ရ၊
ဖားကန့် မြို့နယ် ဆိုင်းတောင်ကျေးရွာတိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်ခဲ့တဲ့ ပြည်သူတစ်ချို့နေရပ်ပြန်လာနေထိုင်ခွင့်ရပြီဖြစ်တယ်လို့ ဒေသခံတွေ ပြောပါတယ်။ စက်တင်ဘာလ ၇ ရက်နေ့ကနေ အောက်တိုဘာလ ၉ ရက်နေ့အထိ တစ်လဝန်းကျင်ကြာမြင့်ခဲ့တဲ့ ဆိုင်းတောင်ကျေးရွာတိုက်ပွဲကြောင့် ဒေသခံပြည်သူတွေဟာ အိုးအိမ်စွန့်ကာထွက်ပြေးတိမ်းရှောင်နေကြတာဖြစ်ပါတယ်။ သို့သော် တိုက်ပွဲငြိမ်သက်သွားတဲ့နောက် အောက်တိုဘာလ နိုဝင်ဘာလ ၇ ရက်နေ့ကစပြီး ဒေသခံတစ်ချို့နေရပ်ပြန်လာနေထိုင်နေပြီဖြစ်ပေမဲ့ တိုက်ပွဲအတွင်း စစ်တပ်ရဲ့ လေကြောင်းနဲ့ဗုံးကြဲတာ၊ ငွေကြေးပေးပြီး နေအိမ်မီးရှို့စေခိုင်းတာတွေကြောင့် အိမ်ခြေ ၂၀၀ ကျော်မီးလောင်ပျက်စ်ီးသွားတဲ့အတွက် အိုးမဲ့အိမ်မဲ့ဖြစ်သွားတဲ့ပြည်သူတွေများစွာရှိနေပါတယ်။ ဒါကြောင့် ဒေသခံတွေဟာနေရပ်ပြန်လာနေကြပေမဲ့ နေစရာအိမ်မရှိတော့တဲ့ အကူညီလိုအပ်နေတယ်လို့ ဆိုင်းတောင်ဒေသခံတွေက ပြောပါတယ်။ “အစကလို ပြန်လာတဲ့သူတွေကတော့ ဆိုင်တွေဘာတွေပြန်ဖွင့်နေပြီ။ အဝေးကိုတိမ်းရှောင်သွားတဲ့သူတွေ၊ မြစ်ကြီးနားဘက်တို့ ဆင်းသွားတဲ့သူတွေကတော့ မပြန်လာဘူး။ မီးလောင်သွားတဲ့အိမ်တွေကိုတော့ KIO ဦးဆောင်ပြီး ရှင်းလင်းရေးတွေလုပ်နေတယ်။ ကုမ္မဏီတွေကိုခေါ်ပြီး ကုမ္မဏီတစ်ခု ကားတစ်စီးနဲ့ နေ့တိုင်းလုပ်အားပေးလုပ်နေတယ်” လို့ ဖားကန့် ဆိုင်းတောင် ဒေသခံတစ်ဦးက ပြောပါတယ်။ ဒေသခံတွေနေရပ်ပြန်လာနိုင်ဖို့ အောက်တိုဘာလ လဆန်းပိုင်းကစပြီး KIO ဘက်က ဦးဆောင်ကာ ပရဟိတအသင်းများရွာသူ၊သားများနဲ့ ရှင်းလင်းရေးလုပ်ဆောင်နေပြီး ရပ်ကွက်တစ်ခုပြီးတစ်ခု တစ်သုတ်ပြီးတစ်သုတ် ပြန်လည်ဝင်ရောက်နေထိုင်ခွင့်ပြုနေပြီဖြစ်တယ်လို့ သိရပါတယ်။ သို့သော် တစ်ချို့ရက်ကွက်တွေကတော့ ရှင်းလင်းရေးလုပ်ဆောင်မှုမပြီးပြတ်သေးတဲ့အတွက် ရွာထဲပြန်လည်နေထိုင်ဝင်ခွင့်မရသေးသူတွေရှိသလို နေအိမ်မရှိတော့တစ်ချို့တစ်ဝက်ဟာ ဖားကန့်မြို့ အနီးအနားကျေးရွာတွေရှိ ဘာသာရေးအဆောက်အအုံ၊ စစ်ရှောင်စခန်းတွေမှာ ဆက်လက်ခိုလှုံနေကြရပြီး မြစ်ကြီးနားမြို့ဘက်ကို တိမ်းရှောင်သွားသူတွေလည်းများတယ်လို့ ဆိုပါတယ်။ ရွာထဲဝင်ခွင့်မပြုသေးတဲ့နေရာတွေဟာ ကျောက်တွင်းတောင်၊ ဖားပြင်၊ ယူမာကျေးရွာ(ကျောက်ဝိုင်း) ဘက်က ဒေသခံပြည်သူတွေနဲ့ ယူမာရွာနဲ့ကပ်ရပ် ဆိုင်းတောင် ရပ်ကွက် ၃ နေရာတွေဖြစ်တယ်လို့ ဒေသခံတွေပြောပါတယ်။ မီးလောင်ပျက်စီးသွားတဲ့နေအိမ်တွေကို ကချင်လွတ်လပ်ရေးတပ်မတော် KIO ဘက်ကဦးဆောင်ပြီး ရှင်းလင်းရေးတွေလုပ်ဆောင်ပေးနေပေမဲ့ ပြန်လည်ထူထောင်ရေးအတွက် တာဝန်ယူဖို့ အစီအစဉ် ရှိမရှိကိုတော့ မသိရဘူးလို့ ဒေသခံတွေဘက်က ပြောပါတယ်။ “ပြန်လည်ထူထောင်ရေးအတွက်ကတော့ စီမံကိန်းရှိမရှိ ကျနော်တို့လည်းမသိရဘူး။ KIO ဘက်က လက်ရှိမှာတော့ စစ်ရှောင်တွေကို ကုမ္မဏီတစ်ခုချင်းစီကနေ ဆန်ဘယ်နှအိတ်ဆိုပြီး ဦးစီးလှူဒါန်းပေးတာတွေတော့ ရှိတယ်။ ကူညီမှုတွေတော့ အများကြီးလိုအပ်နေတယ်။ အားလုံး ပြောင်သလင်းခါသွားပြီလေ။ နေအိမ်တွေ ပြန်လည်ဆောက်ယူဖို့က ဒီအချိန်မှာ မလွယ်ဘူးဒါကြောင့် ကူညီမှုအရမ်းလိုအပ်နေတယ်။ ကုန်စျေးနှုန်းတွေက မြှင့်နဲ့ တော်တော်ခက်ခဲတာပေါ့” လို့ ဆိုင်းတောင်ဒေသခံအမျိုးသားတစ်ဦးက ဆက်ပြောပါတယ်။ တစ်လခန့် ကြာမြှင့်ခဲ့တဲ့ ဆိုင်းတောင်တိုက်ပွဲအတွင်း စစ်ကောင်စီ စစ်ကြောင်းကနေ မြေပြင်ကနေ မီးလိုက်ရှို့လို့ အရပ်သားနေအိမ် ၁၇၅ ခု မီးလောင်ဆုံးရှုံး ပြာကျသွားပြီး စစ်တပ်ရဲ့ လေကြောင်းပစ်ခတ်မှုနဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးသွားတဲ့ အိမ်ခြေ ၆၈ အိမ်အပြင် တိုက်ပွဲကာလအတွင်း သူခိုးဖောက်ထွင်းမှုကြောင့် ပျက်စီးသွားတဲ့ အိမ်ခြေ ၃၀ ခန့်ရှိတယ်လို့လည်း KIO ကဆိုပါတယ်။ ဒါ့အပြင် ဆိုင်းတောင်တိုက်ပွဲမှာ အရပ်သား ၁၆ ဦးသေဆုံးခဲ့ရပြီး ၃၈ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ KIO သတင်းနဲ့ပြန်ကြားရေးသတင်းဌာနရဲ့ဖော်ပြထားချက်အရ ဆက်လက်သိရပါတယ်။ တိုက်ပွဲကြောင့် အသက်အိုးအိမ်ဆုံးရှုံး နစ်နာသွားသူတဲ့ ဒေသခံပြည်သူတွေအတွက် သက်ဆိုင်ရာ KIO ဘက်က ဦးစီးတာဝန်ယူလုပ်ဆောင်သွားဖို့ စီမံကိန်းရှိမရှိကိစ္စနဲ့ပတ်သက်ပြီး KIO သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကို KNG သတင်းဌာနမှ ဆက်သွယ်နေပေမယ့် ဆက်သွယ်လို့ မရသေးပါဘူး။ ဖားကန့်မြို့ကနေ မြောက်ဘက် ၃ မိုင်လောက်အကွာမှာရှိတဲ့ ဆိုင်းတောင်ကျေးရွာရဲစခန်းကို KIA သိမ်းပိုက်လိုက်ပြီး Luck Man Hotel ထဲ ဝင်ရောက်တပ်ချလိုက်တဲ့ စစ်ကောင်စီတပ်ဖွဲ့ အင်အား ၅၀ ထက်မနည်းကို တစ်လခန့်ကြာ တိုက်ခိုက်ရှင်းလင်းလိုက်ပြီးနောက် အောက်တိုဘာ ၉ ရက်နေ့ကစပြီး ဆိုင်းတောင်တစ်လျှောက်ကို KIA နဲ့ PDF တပ်ပေါင်းစုတွေထိန်းချူပ်လိုက်ပြီဖြစ်ပါတယ်။ By – ဂျာဘောက်ရာ
Read More » -
29 Octoberသတင်း
ဟုမ္မလင်းမြို့နယ် ရွှေတွင်းကျေးရွာအနီး KIA ပူးပေါင်းတပ်နဲ့ SNA တပ်တို့ တိုက်ပွဲဖြစ်နေ
စစ်ကိုင်းတိုင်း ခန္တီးခရိုင် ဟုမ္မလင်းမြို့နယ် ရွှေတွင်းကျေးရွာအနီး ကချင်လွတ်လပ်ရေးတပ်မတော် KIA ၊ ဟုမ္မလင်းပြည်သူ့ကာကွယ်ရေးတပ် PDFနဲ့ SNA တပ်တို့အကြား တိုက်ပွဲပြင်းထန်နေတာ ၃ ရက်တိတိရှိလာပြီလို့ ဟုမ္မလင်းနယ်ခံတွေပြောပါတယ်။ အောက်တိုဘာလ ၂၇ ရက်နေ့ကစပြီး ရွှေတွင်းကျေးရွာအုပ်စုဘက်ကို ရှမ်းနီအမျိုးသားများတပ်မတော် SNA တပ်ဖွဲ့တွေ စစ်ရေးလှုပ်ရှားလာရာကနေ နှစ်ဖက်တိုက်ပွဲပြင်းထန်နေတာလို့ ဒေသခံတစ်ဦး ခုလိုပြောပါတယ်။ “SNA က အဲဖက်မှာရှိတဲ့ ပြည်သူတွေကို ငွေညစ်တယ် အသွားအလာကန့်သတ်တယ်။ ကချင်ပြည်နယ်နဲ့နီးတော့ KIA နဲ့ PDF လှုပ်ရှားနယ်မြေဟုတ်တယ် ဒါပေမယ့် SNA က ထိုးစစ်ဆင်ပြီး စစ်ရေးလှုပ်ရှားလာလို့တိုက်ပွဲဖြစ်နေတယ်။ မနေ့ကဆို ဥရုချောင်းနဲ့ မန်စိမ်းချောင်းအနီးမှာ လေယာဉ် ၅ ကြိမ်လောက်ကြဲသွားတယ်”လို့ ပြောပါတယ်။ တိုက်ပွဲဖြစ်နေတဲ့ ရွှေတွင်းအုပ်စုဒေသဟာ KIA,PDF လှုပ်ရှားနယ်မြေဖြစ်ပြီး တိုက်ပွဲအတွင်း စစ်တပ်ဘက်က လေကြောင်းပစ်ခတ်မှုတွေဆက်တိုက်လုပ်ဆောင်နေတယ်လို့ သိရပေမယ့် ဖုန်းလိုင်းပြတ်တောက်နေတဲ့အတွက် ထိခိုက်မှုအသေးစိတ်ကို သိရဖို့ခက်ခဲနေပါတယ်။ အောက်တိုဘာလ ၂၉ ရက်နေ့ မနက် ၁၀ နာရီဝန်းကျင်ကနေစပြီး ညနေပိုင်း နာရီဝန်းကျင်အထိ တိုက်ပွဲပြင်းထန်နေဆဲဖြစ်တယ်လို့လည်း ဒေသခံတွေ ဆိုပါတယ်။ “ဒီမနက် ၁၀ နာရီလောက်ကနေ လက်နက်ကြီးတွေထပ်ပစ်နေပြီ တိုက်ပွဲကတော်တော်ပြင်းထန်တယ်။ နှစ်ဖက်ထိခိုက်တာတွေတော့မသိရဘူးဗျ။ ဖုန်းလိုင်းတွေက ဖြတ်ထားတော့ အသေးစိတ်မသိရသေးဘူး” လို့ ဟုမ္မလင်းဒေသခံအမျိုးသားတစ်ဦး ပြောပါတယ်။ ရွှေတွင်းကျေးရွာဟာ ဟုမ္မလင်းမြို့နယ်နှင့် ကချင်ပြည်နယ်အကြား ဟုမ္မလင်းမြို့နယ် နယ်နိမိတ်အစွန်းမှာ တည်ရှိပြီး အိမ်ခြေ ၂၄၀ ခန့်ရှိတဲ့ ကျေးရွာတစ်ရွာဖြစ်ပြီး မုံရွာဘက်က လုပ်ငန်းရှင်အများပိုင်း ရွှေတူးဖော်ရေးလုပ်ငန်းလုပ်ကိုင်နေတဲ့ နေရာဖြစ်တယ်လို့လည်း သူကဆက်ပြောပါတယ်။ စစ်တပ်အာဏာသိမ်းပြီးနောက် ဟုမ္မလင်းမြို့နယ်ထဲမှာ ရှမ်းနီအမျိုးသားများတပ်မတော် (SNA) တပ်ရဲ့ တပ်သားသစ်စုဆောင်းမှုတွေကြောင့် လူငယ်တွေမကြာခန ဖမ်းဆီးခံနေရပြီး ဒီနှစ်ဝက်အတွင်း ရာနဲ့ချီဖမ်းဆီးခံထားရကာ စစ်သင်တန်းလည်းဆက်တိုက်ပေးနေတယ်လို့ သိရပါတယ်။ စစ်ကိုင်း– ကချင်အစပ်မှာရှိတဲ့ ဟုမ္မလင်းမြို့နယ်ထဲက ရွှေပြည်အေးမြို့ကို PDF ပူးပေါင်းတပ်တွေက ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလမှာသိမ်းပိုက်ထားတာလည်းဖြစ်ပါတယ်။ By – Zami
Read More » -
29 Octoberသတင်း
မြစ်ကြီးနားမှာ Wifi တပ်ဆင်ထားတဲ့ဆိုင်ရှင်တစ်ချို့ ဖမ်းဆီးခံရတာရှိနေ
ကချင်ပြည်နယ်မှာ မြစ်ကြီးနားမှာ WIFI အင်တာနက်ဆိုင်တွေကို စစ်ကောင်စီတပ်ဖွဲ့က လိုက်လံစစ်ဆေးဖမ်းဆီးနေပြီး ဆိုင်ရှင်တစ်ချို့ဖမ်းဆီးခံရတာတွေရှိနေတယ်လို့ မြစ်ကြီးနားမြို့ခံတွေ ပြောပါတယ်။ အောက်တိုဘာလ ၂၇ မနေ့ မနက်ပိုင်း စစ်ကောင်စီဘက်က Wifi အင်တာနက်ဆိုင်တွေကို လိုက်လံဖမ်းဆီးနေပြီး မြစ်ကြီးနား စီတာပူရပ်ကွက်မှာရှိတဲ့ အင်တာနက်ဆိုင်၂ ခု ဝင်စီးခံရကာ ဆိုင်ရှင်တွေကို ဖမ်းဆီးသွားကြောင်း မြို့ခံတွေဆိုပါတယ်။ “မနေ့က စီတာပူရပ်ကွက်က ဆိုင်တွေကို ဝင်ရောက်စစ်ဆေးတဲ့အချိန် တခါတည်း WIFI စက်ပစ္စည်း တွေအားလုံးကိုသိမ်းပြီး ဆိုင်ရှင်ကိုလည်း တစ်ခါတည်းဖမ်းဆီးသွားတယ်။ ဆိုင်မှာသုံးနေတဲ့သူတွေကတော့ မပါဘူးလို့ပြောတယ်။ ဆိုင်ရှင်ကိုပဲဖမ်းသွားတယ်။ တပ်ကုန်းဘက်မှာတော့ ထွေအုပ်နဲ့တချို့လူတွေလည်းပါတဲ့အဖွဲ့ကို ဒဏ်ငွေတောင်းပြီး ပြန်လွတ်တာတွေလည်းရှိတယ်တဲ့”လို့ မြစ်ကြီးနားမြို့ခံ အမျိုးသားတစ်ဦး ကချင်သတင်းဌာန KNG ကို ပြောပါတယ်။ စစ်ကောင်စီဘက်က အခုရက်ပိုင်း နေ့တိုင်းလိုလို မြစ်ကြီးနားမြို့တွင်း အင်တာနက်ဆိုင်တွေကို ဝင်ရောက်စစ်ဆေးတာတွေ ဆက်တိုက်ပြုလုပ်နေပြီး Star link တပ်ဆင်ထားတဲ့အင်တာနက်ဆိုင်တွေကို အဓိကဖမ်းဆီးနေတယ်လို့ ဒေသခံတွေကပြောပါတယ်။ စစ်တပ်ဘက်က WIFI အင်တာနက်ဆိုင်ဖွင့်တဲ့သူတချို့ကို ဖမ်းဆီးပြီး ဒဏ်ငွေနဲ့ပြန်လွတ်ပေးတာတွေရှိပေမဲ့ တချို့ကိုတော့ တရားစွဲဆိုဖို့ပြင်ဆင်နေတယ်လို့ ဆက်လက်သိရပါတယ်။ “သူတို့ဝင်ရောက်ပြီး စစ်ဆေးရာမှာတော့ ဘာ WIFIအင်တာနက်သုံးတာလဲဆိုတာ တွေပေါ့။ IP Star တို့၊ K-net တို့ ဆိုရင်တော့ ဘာမှမပြောဘူး။ IP Star က တစ်လ သိန်း ၅၀ လောက်ထည့်ရတယ်လေ။ K- net က တစ်လ ၁၀ သိန်းလောက်ဆောင်ရတယ်။ အဓိက သူတို့ဝင်စစ်ဆေးချိန်ကိုယ်သုံးနေတဲ့ WIFI စက်ပစ္စည်းပြရတယ်။ အဓိကတော့ ဘယ်ဟာကမှတရားဝင်မဟုတ်တာကြောင့် သူတို့ကတော့ ဖမ်းချင်ဖမ်းတယ်။ ဒဏ်ငွေရိုက်တာတွေလုပ်ချင်လုပ်မှာပေါ့”လို့ မြစ်ကြီးနားဒေသခံအမျိုးသမီးတစ်ဦး ပြောပါတယ်။ မြစ်ကြီးနားမြို့တွင်း စစ်တပ်ဘက်က WIFI အင်တာနက်ဆိုင်တွေကို ခပ်စိတ်စိတ်လိုက်လံစစ်ဆေး ဖမ်းဆီးလာတာတွေကြောင့် မြို့တွင်း အင်တာနက်ဆိုင်တချို့ ပိတ်လိုက်တာတွေလည်းရှိတယ်လို့ ဆက်လက်သိရပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလ လဆန်းပိုင်းကစပြီး စစ်ကောင်စီဘက်က မြစ်ကြီးနားမြို့တွင်း ရပ်ကွက်တချို့တွေမှာ အင်တာနက်ဆိုင်တွေကို ရံဖန်ရံခါ ဝင်ရောက်စစ်ဆေး ဖမ်းဆီးတာတွေလုပ်လာပြီး ဒီရက်ပိုင်းမှာတော့ဆက်တိုက်ဖမ်းဆီးလာတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လ ၂၁ ရက်နေ့လောက်ကစပြီး ကချင်တပြည်နယ်လုံးအတိုင်းအတာ ဖုန်းနဲ့အင်တာလိုင်းတွေပိတ်ခံလိုက်ရပြီးနောက် မြစ်ကြီးနားမြို့မှာတော့ ရပ်ကွက်တချို့ကစပြီး အင်တာနက်သုံး ၁ နာရီ ၂၅၀၀၀ ( ၂ သောင်းခွဲ)နဲ့ အင်တာနက်ဆိုင်အနည်းအကျဉ်းရှိလာရာမှ လက်ရှိမှာတော့ တစ်နာရီ ၅၀၀၀လောက်နဲ့ ရပ်ကွက်တိုင်းနီးပါး ဆိုင်တော်တော်များများရှိလာချိန် ခုလိုဖမ်းဆီးမှုစတင်လာတာဖြစ်ပါတယ်။ အမေရိကန်အခြေစိုက် Freedom House အဖွဲ့ရဲ့ ပြီးခဲ့တဲ့နှစ် အောက်တိုဘာ ၄ ရက်နေ့က ထုတ်ပြန်တဲ့အစီအရင်ခံစာမှာ ကမ္ဘာ့နိုင်ငံတွေထဲမှာ မြန်မာနိုင်ငံဟာ အင်တာနက်လွတ်လပ်ခွင့် ဖိနှိပ်ချိုးဖောက်မှု အဆိုးဆုံးခံနေရတဲ့ တရုတ်ပြီးရင် မြန်မာနိုင်ငံဟာ ဒုတိယ အဆိုးဆုံးနိုင်ငံဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတဝန်း အင်တာနက်လွတ်လပ်ခွင့်ဟာ ၁၂ နှစ် ဆက်တိုက် ကျဆင်းနေတဲ့အကြောင်း အမေရိကန်အခြေစိုက် Freedom House အဖွဲ့ကြီးကဖော်ပြထားတဲ့အပြင် Freedom…
Read More » -
29 Octoberသတင်း
နန်းယွန်းဒေသမှာ ကျေးလက်ဆေးပေးခန်းများရှိပေမယ့် ကျန်းမာရေးဝန်ထမ်းမရှိတဲ့အတွက် အခက်အခဲဖြစ်နေ
စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်းယွန်းမြို့နယ် ကျေးရွာတွေမှာ ကျေးလက်ဆေးပေးခန်းတွေရှိပေမယ့် ကျန်းမာရေးဝန်ထမ်းမရှိတဲ့အတွက် အခက်ခဲဖြစ်နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ နန်းယွန်းမြို့နယ် ကြိုင်ရိုင်ရွာ၊ ယောင်ငွေးရွာ၊ နမ္မလစ်ရွာ၊ဟားဝါးရွာအပါအဝင် ရွာအများစုမှာ ကျေးလက်ဆေးပေးခန်းများကို ဆောက်လုပ်ပြီးစီးထားပြီဖြစ်ပေမယ့် ကျန်းမာရေးဝန်ထမ်းတွေရောက်မလာတဲ့အတွက် ဒေသခံပြည်သူများ ကျန်းမာရေးပိုင်းဆိုင်ရာအခက်အခဲဖြစ်နေကြတယ်လို့ နန်းယွန်းမြို့ခံအမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။ “ဆေးခန်းတွေဆွေးတောင်ဆွေးနေပြီ ပြီးတာဖြစ်နှစ်ပေါက်နေပြီလေ ဆေးခန်းတွေတော့ဆောက်ခိုင်းပြီးမှ ဆရာ၊ဆရာမတွေကျတော့တစ်ယောက်မှပေါ်မလာဘူး ဘယ်သူမှမသွားကြဘူးလေ။ ဖျားရင်နာရင်လေး ဒီတိုင်းအိပ်ယာထဲလှဲနေရုံလောက်ပဲ အခြေနေဆိုးမှဒီမြို့ပေါ်ကိုတက်လာကြတာ”လို့ နန်းယွန်းမြို့ခံအမျိုးသားတစ်ဦး ပြောပါတယ်။ နန်းယွန်းမြို့နယ်မှာ ကျေးရွာပေါင်း ၁၆၅ ရွာရှိပြီး ကျေးလက်ဆေးပေးခန်းတွေဆောက်ပေးဖို့ NLD အစိုးရလက်ထက်ကတည်းက ချမှတ်ပေးခဲ့တာဖြစ်ပြီး ဆေးခန်းတွေအားလုံး ၂၀၂၂ ခုနှစ်မှာဆောက်လုပ်ပြီးစီးထားတာဖြစ်ပါတယ်။ သို့သော် ကျန်းမာရေးဝန်ထမ်းတွေရောက်မလာတဲ့အတွက်ဒေသခံတွေပြည်သူတွေဟာ မြို့ပေါ်ထိတက်ပြီးဆေးကုသမှု ခံယူနေရတယ်လို့ ဆိုပါတယ်။ “ဆရာ၊ဆရာမတွေရောက်လာမယ်ရောက်လာမယ်လို့မျော်လင့်ချက်တွေပေးပြီး မပေါ်လာကြဘူးတဲ့ လမ်းပန်းဆက်သွယ်ရေးကမကောင်း ဆေးခန်းကမရှိတော့ တချို့လူနာတွေဆို ခက်ခက်ခဲခဲလာပြီးမှမြို့ပေါ်ထိဆေးလာကုကြတာ သနားစရာကောင်းပါတယ်”လို့ နန်းယွန်းမြို့ခံ အမျိုးသမီးတစ်ဦး ဆက်ပြောပါတယ်။ ခုလိုကျေးလက်ဆေးပေးခန်းတွေမှာ ကျန်းမာရေးဝန်ထမ်းတွေမရှိတာကြောင့် အခြေအနေဆိုးဝါးတဲ့လူနာတွေဟာ နန်းယွန်းမြို့ပေါ်ထိတက်ပြီး ဆေးကုသမှုခံယူရသလို တချို့လူနာတွေလမ်းခုလတ်မှာ အသက်ဆုံးရှုံးသွားတာရှိတယ်လို့ ဒေသခံတွေကဆိုပါတယ်။ နန်းယွန်းမြို့နယ်ဟာ လမ်းပမ်းဆက်သွယ်ရေးခက်ခဲတဲ့ ဒေသဖြစ်တာကြောင့် ကျေးရွာတွေဘက်ကိုဆေးဝါးတွေ ရောက်ဖို့အင်မတန်ခက်ခဲသလို ကျန်းမာရေးအသိပညာနည်းပါးကြတာကြောင့် အသက်မဆုံးရှုံးသင့်ဘဲ ဆုံးရှုံးရတဲ့လူနာတွေလည်းများစွာရှိနေတယ်လို့ သိရပါတယ်။ နန်းယွန်းမြို့နယ်ထဲမှာ ကျေးရွာပေါင်း (၁၆၅) ရှိပြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အတွက်အရေးပါတဲ့မြို့တစ်မြို့ဖြစ်ပါတယ်။ By- Zaw Zaw
Read More »









