သတင်း

မီတာယူနစ်မဖတ်ဘဲ မီးကြေးကောက်ခံနေ

မြစ်ကြီးနားမြို့မှာ မီတာယူနစ်မဖတ်ဘဲ မီတာကြေးကောက်နေတယ်လို့ မြစ်ကြီးနားမှာနေထိုင်တဲ့ ပြည်သူတွေပြောပါတယ်။

ပြိီးခဲ့တဲ့ ဇူလိုင်လ ကချင်ပြည်နယ်တစ်ပြည်နယ်လုံးအတိုင်းတာနဲ့ရေကြီး၊ရေလျှံမှုတွေဖြစ်ခဲ့ပြီးနောက် မြစ်ကြီးနားမြို့ ရမ်ပူ၊ကြက်ပေါင်ခြံ၊မြို့သစ်ကြီး၊ ကွက်ကစ်ရပ်ကွက်အပါအဝင် ရပ်ကွက်တစ်ချို့ရေနစ်မြုပ်ပြီး မီတာဘောက်အများပိုင်းပျက်စီးတာတွေရှိခဲ့တယ်လို့ သိရပါတယ်။

မီတာဘောက်ပျက်စီးသွားပြီးနောက်ပိုင်း မီတာယူနစ်ဖတ်လို့မရတော့ပေမယ့် ဘူးဂါးလျှပ်စစ်ရုံးက မီတာခစာရွက်ဖြတ်ပိုင်း လတိုင်းလာပို့ပြီး မီတာခတွေကိုလည်း ပုံမှန်ပေးဆောင်ခိုင်းနေတယ်လို့ ကြက်ပေါင်ခြံရပ်ကွက် အမျိုးသားတစ်ဦး ခုလိုပြောပါတယ်။

အရင်က ယူနစ်သုံးတဲ့အပေါ် ခွဲခြားပြီးကောက်တယ်။ ခုက ဖတ်လည်းလာမဖတ်ဘဲ မီတာခမှန်းကောက်နေတယ်။ မီတာဘောက်ကဖြင့် ရေကြီးကတည်းကပျက်နေတာ လာမလှဲပေးဘူး။ မီတာဘောက်လှဲပေးဖို့ပြောတော့ နိုင်ငံတော်က မချပေးသေးလို့တဲ့  ခုဆို အိမ်ကမီတာဘယ်လောက်သုံးလို့ ဘယ်လိုပေးရမလဲမသိဘူး။ သူတို့တောင်းသလောက်ပေးနေရတယ်လို့ ပြောပါတယ်။

မီတာဘောက်မပျက်ခင် တစ်လကို မီတာခပျှမ်းမျှ တစ်သောင်းဝန်းကျင်သာရှိခဲ့ပေမယ့် ရေကြီးပြီး မီတာဘောက်ပျက်စီးသွားတဲ့နောက် နှစ်သောင်းခွဲဝန်းကျင်အထိ ပေးဆောင်နေရတယ်လို့ သူကဆက်ပြောပါတယ်။

ဒါဟာ ဘူးဂါးလျှပ်စစ်ရုံးကနေ မီတာယူနစ်မဖတ်ဘဲ မှန်းကောက်နေတာဖြစ်တယ်လို့ မြစ်ကြီးနားမြို့ခံတစ်ဦး ဆက်ပြောပါတယ်။

အလားတူ ရမ်ပူရပ်ကွက်ဘက်မှာလည်း မီတာယူနစ်ဖတ်ခြင်းမရှိဘဲကောက်ခံတာတွေရှိနေတယ်လို့ ရမ်ပူရပ်ကွက်နေ အမျိုးသမီးတစ်ဦး ခုလိုပြောပါတယ်။

ကျမတို့အိမ်က မီတာဘောက်တော့ကောင်းတယ် ဒါပေမယ့် သူခိုးကြောက်လို့ တံခါးကအချိန်ပြည့်ပိတ်ထားတယ်။ မီတာယူနစ်ဖတ်တဲ့သူလာတာလည်းမတွေ့ဘူး ဖြတ်ပိုင်းကတော့ လကုန်ရင်တံခါးမှာ လာလာညှပ်ထားကြတယ်လို့ ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ဘူးဂါးလျှပ်စစ်ရုံးတာဝန်ခံ ဦးဂမ်အောင်ကို KNG သတင်းဌာနက အကြိမ်ကြိမ်ဆက်သွယ်ပေမယ့် ဖုန်းလိုင်းအခက်ခဲကြောင့် ဆက်သွယ်လို့မရပါဘူး။

By – Zaw Zaw

Show More

Related Articles

Back to top button