ဟုမ္မလင်းမြို့နယ် ရွှေတွင်းကျေးရွာအနီး KIA ပူးပေါင်းတပ်နဲ့ SNA တပ်တို့ တိုက်ပွဲဖြစ်နေ

စစ်ကိုင်းတိုင်း ခန္တီးခရိုင် ဟုမ္မလင်းမြို့နယ် ရွှေတွင်းကျေးရွာအနီး ကချင်လွတ်လပ်ရေးတပ်မတော် KIA ၊ ဟုမ္မလင်းပြည်သူ့ကာကွယ်ရေးတပ် PDFနဲ့ SNA တပ်တို့အကြား တိုက်ပွဲပြင်းထန်နေတာ ၃ ရက်တိတိရှိလာပြီလို့ ဟုမ္မလင်းနယ်ခံတွေပြောပါတယ်။
အောက်တိုဘာလ ၂၇ ရက်နေ့ကစပြီး ရွှေတွင်းကျေးရွာအုပ်စုဘက်ကို ရှမ်းနီအမျိုးသားများတပ်မတော် SNA တပ်ဖွဲ့တွေ စစ်ရေးလှုပ်ရှားလာရာကနေ နှစ်ဖက်တိုက်ပွဲပြင်းထန်နေတာလို့ ဒေသခံတစ်ဦး ခုလိုပြောပါတယ်။
“SNA က အဲဖက်မှာရှိတဲ့ ပြည်သူတွေကို ငွေညစ်တယ် အသွားအလာကန့်သတ်တယ်။ ကချင်ပြည်နယ်နဲ့နီးတော့ KIA နဲ့ PDF လှုပ်ရှားနယ်မြေဟုတ်တယ် ဒါပေမယ့် SNA က ထိုးစစ်ဆင်ပြီး စစ်ရေးလှုပ်ရှားလာလို့တိုက်ပွဲဖြစ်နေတယ်။ မနေ့ကဆို ဥရုချောင်းနဲ့ မန်စိမ်းချောင်းအနီးမှာ လေယာဉ် ၅ ကြိမ်လောက်ကြဲသွားတယ်”လို့ ပြောပါတယ်။
တိုက်ပွဲဖြစ်နေတဲ့ ရွှေတွင်းအုပ်စုဒေသဟာ KIA,PDF လှုပ်ရှားနယ်မြေဖြစ်ပြီး တိုက်ပွဲအတွင်း စစ်တပ်ဘက်က လေကြောင်းပစ်ခတ်မှုတွေဆက်တိုက်လုပ်ဆောင်နေတယ်လို့ သိရပေမယ့် ဖုန်းလိုင်းပြတ်တောက်နေတဲ့အတွက် ထိခိုက်မှုအသေးစိတ်ကို သိရဖို့ခက်ခဲနေပါတယ်။
အောက်တိုဘာလ ၂၉ ရက်နေ့ မနက် ၁၀ နာရီဝန်းကျင်ကနေစပြီး ညနေပိုင်း နာရီဝန်းကျင်အထိ တိုက်ပွဲပြင်းထန်နေဆဲဖြစ်တယ်လို့လည်း ဒေသခံတွေ ဆိုပါတယ်။
“ဒီမနက် ၁၀ နာရီလောက်ကနေ လက်နက်ကြီးတွေထပ်ပစ်နေပြီ တိုက်ပွဲကတော်တော်ပြင်းထန်တယ်။ နှစ်ဖက်ထိခိုက်တာတွေတော့မသိရဘူးဗျ။ ဖုန်းလိုင်းတွေက ဖြတ်ထားတော့ အသေးစိတ်မသိရသေးဘူး” လို့ ဟုမ္မလင်းဒေသခံအမျိုးသားတစ်ဦး ပြောပါတယ်။
ရွှေတွင်းကျေးရွာဟာ ဟုမ္မလင်းမြို့နယ်နှင့် ကချင်ပြည်နယ်အကြား ဟုမ္မလင်းမြို့နယ် နယ်နိမိတ်အစွန်းမှာ တည်ရှိပြီး အိမ်ခြေ ၂၄၀ ခန့်ရှိတဲ့ ကျေးရွာတစ်ရွာဖြစ်ပြီး မုံရွာဘက်က လုပ်ငန်းရှင်အများပိုင်း ရွှေတူးဖော်ရေးလုပ်ငန်းလုပ်ကိုင်နေတဲ့ နေရာဖြစ်တယ်လို့လည်း သူကဆက်ပြောပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက် ဟုမ္မလင်းမြို့နယ်ထဲမှာ ရှမ်းနီအမျိုးသားများတပ်မတော် (SNA) တပ်ရဲ့ တပ်သားသစ်စုဆောင်းမှုတွေကြောင့် လူငယ်တွေမကြာခန ဖမ်းဆီးခံနေရပြီး ဒီနှစ်ဝက်အတွင်း ရာနဲ့ချီဖမ်းဆီးခံထားရကာ စစ်သင်တန်းလည်းဆက်တိုက်ပေးနေတယ်လို့ သိရပါတယ်။
စစ်ကိုင်း– ကချင်အစပ်မှာရှိတဲ့ ဟုမ္မလင်းမြို့နယ်ထဲက ရွှေပြည်အေးမြို့ကို PDF ပူးပေါင်းတပ်တွေက ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလမှာသိမ်းပိုက်ထားတာလည်းဖြစ်ပါတယ်။
By – Zami