နန်းယွန်းဒေသမှာ ကျေးလက်ဆေးပေးခန်းများရှိပေမယ့် ကျန်းမာရေးဝန်ထမ်းမရှိတဲ့အတွက် အခက်အခဲဖြစ်နေ

စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်းယွန်းမြို့နယ် ကျေးရွာတွေမှာ ကျေးလက်ဆေးပေးခန်းတွေရှိပေမယ့် ကျန်းမာရေးဝန်ထမ်းမရှိတဲ့အတွက် အခက်ခဲဖြစ်နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
နန်းယွန်းမြို့နယ် ကြိုင်ရိုင်ရွာ၊ ယောင်ငွေးရွာ၊ နမ္မလစ်ရွာ၊ဟားဝါးရွာအပါအဝင် ရွာအများစုမှာ ကျေးလက်ဆေးပေးခန်းများကို ဆောက်လုပ်ပြီးစီးထားပြီဖြစ်ပေမယ့် ကျန်းမာရေးဝန်ထမ်းတွေရောက်မလာတဲ့အတွက် ဒေသခံပြည်သူများ ကျန်းမာရေးပိုင်းဆိုင်ရာအခက်အခဲဖြစ်နေကြတယ်လို့ နန်းယွန်းမြို့ခံအမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။
“ဆေးခန်းတွေဆွေးတောင်ဆွေးနေပြီ ပြီးတာဖြစ်နှစ်ပေါက်နေပြီလေ ဆေးခန်းတွေတော့ဆောက်ခိုင်းပြီးမှ ဆရာ၊ဆရာမတွေကျတော့တစ်ယောက်မှပေါ်မလာဘူး ဘယ်သူမှမသွားကြဘူးလေ။ ဖျားရင်နာရင်လေး ဒီတိုင်းအိပ်ယာထဲလှဲနေရုံလောက်ပဲ အခြေနေဆိုးမှဒီမြို့ပေါ်ကိုတက်လာကြတာ”လို့ နန်းယွန်းမြို့ခံအမျိုးသားတစ်ဦး ပြောပါတယ်။
နန်းယွန်းမြို့နယ်မှာ ကျေးရွာပေါင်း ၁၆၅ ရွာရှိပြီး ကျေးလက်ဆေးပေးခန်းတွေဆောက်ပေးဖို့ NLD အစိုးရလက်ထက်ကတည်းက ချမှတ်ပေးခဲ့တာဖြစ်ပြီး ဆေးခန်းတွေအားလုံး ၂၀၂၂ ခုနှစ်မှာဆောက်လုပ်ပြီးစီးထားတာဖြစ်ပါတယ်။
သို့သော် ကျန်းမာရေးဝန်ထမ်းတွေရောက်မလာတဲ့အတွက်ဒေသခံတွေပြည်သူတွေဟာ မြို့ပေါ်ထိတက်ပြီးဆေးကုသမှု ခံယူနေရတယ်လို့ ဆိုပါတယ်။
“ဆရာ၊ဆရာမတွေရောက်လာမယ်ရောက်လာမယ်လို့မျော်လင့်ချက်တွေပေးပြီး မပေါ်လာကြဘူးတဲ့ လမ်းပန်းဆက်သွယ်ရေးကမကောင်း ဆေးခန်းကမရှိတော့ တချို့လူနာတွေဆို ခက်ခက်ခဲခဲလာပြီးမှမြို့ပေါ်ထိဆေးလာကုကြတာ သနားစရာကောင်းပါတယ်”လို့ နန်းယွန်းမြို့ခံ အမျိုးသမီးတစ်ဦး ဆက်ပြောပါတယ်။
ခုလိုကျေးလက်ဆေးပေးခန်းတွေမှာ ကျန်းမာရေးဝန်ထမ်းတွေမရှိတာကြောင့် အခြေအနေဆိုးဝါးတဲ့လူနာတွေဟာ နန်းယွန်းမြို့ပေါ်ထိတက်ပြီး ဆေးကုသမှုခံယူရသလို တချို့လူနာတွေလမ်းခုလတ်မှာ အသက်ဆုံးရှုံးသွားတာရှိတယ်လို့ ဒေသခံတွေကဆိုပါတယ်။
နန်းယွန်းမြို့နယ်ဟာ လမ်းပမ်းဆက်သွယ်ရေးခက်ခဲတဲ့ ဒေသဖြစ်တာကြောင့် ကျေးရွာတွေဘက်ကိုဆေးဝါးတွေ ရောက်ဖို့အင်မတန်ခက်ခဲသလို ကျန်းမာရေးအသိပညာနည်းပါးကြတာကြောင့် အသက်မဆုံးရှုံးသင့်ဘဲ ဆုံးရှုံးရတဲ့လူနာတွေလည်းများစွာရှိနေတယ်လို့ သိရပါတယ်။
နန်းယွန်းမြို့နယ်ထဲမှာ ကျေးရွာပေါင်း (၁၆၅) ရှိပြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အတွက်အရေးပါတဲ့မြို့တစ်မြို့ဖြစ်ပါတယ်။
By- Zaw Zaw