-
Oct- 2024 -2 Octoberသတင်း
မြစ်ကြီးနားမြို့မှာ သန်းခေါင်စာရင်းစတင်ကောက်ခံ
ရွေးကောက်ပွဲဖြစ်မြောက်အောင်ကြိုးစားနေတဲ့ စစ်ကောင်စီက မြစ်ကြီးနားမြို့မှာ သန်းခေါင်စာရင်း စတင်ကောက်ခံနေပြီလို့ ဒေသခံတွေပြောပါတယ်။ အောက်တိုဘာလ ၁ ရက်နေ့ မနေ့ညပိုင်းကစလို့ မြစ်ကြီးနားမြို့ပေါ် ရပ်ကွက်အားလုံးနီးပါးမှာ ရပ်ကွက်တာဝန်ရှိသူတွေကို သန်းခေါင်းစရင်းတွေ လိုက်လံကောက်ခံခိုင်းနေပြီဖြစ်တယ်လို့ ဂျန်မိုင်ကောာင်ဒေသခံအမျိုးသမီးတစ်ဦး ခုလိုပြောပါတယ်။ “ရက်ကွက်တချို့မှာတော့ စက်တင်ဘာ ၃၀ ရက်နေ့ညကစပြီး စကောက်နေပြီ။ အများပိုင်းကတော့ ဒီနေ့ညမှလိုက်ကောက်နေတယ်။ စစ်တပ်က အုပ်ချူပ်ရေးမှူးတွေကို စာရွက်တွေပေးထားတယ်။ အုပ်ချူပ်ရေးမှူးတွေက တစ်အိမ်ဝင်တစ်အိမ်ထွက် သန်းခေါင်စရင်းဖြည့်ဖို့ စာရွက်လိုက်ပေးတယ်။ ပြန်ဝင်ယူမယ်နော် ဆိုပြီး တစ်အိမ်ကို စာရွက် ၂ ရွက်စီ လိုက်ပေးတယ်။” လို့ ပြောပါတယ်။ စစ်ကောင်စီရဲ့ညွှန်ကြားမှုနဲ့ ရပ်ကွက်တာဝန်ရှိသူတွေဟာ စက်တင်ဘာ ၃၀ ရက်နေ့ကစပြီး မြစ်ကြီးနားမြို့တွင်း ရပ်ကွက်တချို့မှာ သန်းခေါင်စရင်းစကောက်ခံခဲ့တာဖြစ်ပြီး မနေ့ညအထိ ရပ်ကွက်အားလုံးနီးပါးမှာ လိုက်လံကောက်ခံနေပြီလို့ ဆိုပါတယ်။ သန်းခေါင်စာရင်းအတွက် နာမည်တွေဖြည့်စွက်ဖို့ စာရွက်တွေကို ရပ်ကွက်၊နယ်မြေမှူးတွေက တစ်အိမ်ဝင်တစ်အိမ်ထွက်လိုက်လံပေးထားပြီး ပြန်ဝင်ယူတဲ့ပုံစံနဲ့ လိုက်လံကောက်ပေးနေတာလို့ သိရပါတယ်။ အဲဒါအပြင် သန်းခေါင်စရင်းကောက်ခံဖို့ ပညာရေးဝန်ထမ်းတွေကိုလည်း စစ်ကောင်စီက တာဝန်ပေးအပ်ထားကြောင်း ဆက်လက်သိရပါတယ်။ “တစ်နှစ်မဟုတ် တစ်နှစ်တော့သူတို့ ရွေးကောက်ပွဲလုပ်နိုင်အောင် ကြိုးစားနေတာပေါ့။ အခုက ကချင်မှာဆို အကြပ်အတည်းပိုဖြစ်လာတော့ သူတို့လည်း တစ်ဖက်မှာ ရွေးကောက်ဖြစ်အောင်တော့ ကြိုးစားနေတာတွေ့ရတယ်။ ပညာရေးဝန်ထမ်းတွေ၊ ရပ်ကွက်အုပ်ချူပ်ရေးမှူးတွေကိုလည်း ဖိအားပေးတာတွေရှိနေတယ်လို့ ပြောတယ်။ အဲဒါကြောင့် နယ်မြေမှူးတွေ၊ ဆရာ၊ဆရာမတွေ လုပ်သာလိုက်လုပ်ပေးနေတာ သူတို့လည်းလုံခြုံရေးကိုက စိုးရိမ်ရနဲ့ ဖြစ်နေတယ်။” လို့ မြစ်ကြီးနားဒေသခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။ အောက်တိုဘာလ ၁ ရက်နေ့ကစပြီး ၁၅ ရက်ကြာ ပြည်လုံးကျွတ် သန်းခေါင် စာရင်းကောက်ပေးဖို့အတွက် စစ်ကောင်စီတပ်ဟာ ပညာရေးဝန်ထမ်းတွေနဲ့ ရပ်ကွက်နယ်မြေမှူးတွေကို ဖိအားပေး ခြိမ်းခြောက်မှုတွေလည်း မြို့နယ်တော်တော်များများမှာ ဖြစ်ပွားနေတာဖြစ်ပါတယ်။ စစ်ကောင်စီဟာ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းနိုင်ရေးအတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို လက်နက်စွန့်ပြီး ပါတီနိုင်ငံရေးလမ်းကြောင်း၊ ရွေးကောက်ပွဲလမ်းကြောင်းတွေကနေ ပူးပေါင်းပါဝင်ဖို့ ဖိတ်ခေါ်ကြောင်း ထုတ်ပြန်ထားတွေလည်းရှိပါတယ်။ By – ဂျာဘောက်ရာ
Read More » -
2 Octoberသတင်း
ဆော့လော်မြို့နယ်မှာ ကျန်ရှိနေတဲ့ ခလရ ၂၉၈ တပ်ရင်းကို KIA ထပ်မံသိမ်းပိုက်လိုက်ပြီ
ဆော့လော်မြို့နယ် မြို့တွင်းတပ် ခလရ ၂၉၈ တပ်ရင်းတစ်ခုလုံးကို ကချင်လွတ်လပ်ရေးတပ်မတော် KIA အပြီးသတ်သိမ်းပိုက်လိုက်ပြီလို့ သိရပါတယ်။ KIA ပူးပေါင်းတပ်တွေဟာ ဆော့လော်မြို့နယ်တွင်း တစ်ခုတည်းသောစခန်းဖြစ်တဲ့ ခလရ ၂၉၈ တပ်ရင်းကို စက်တင်ဘာလ ၂၉ ရက်ကနေ တစ်ကျော့ပြန် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး လေးရက်အကြာ ဒီကနေ့ အောက်တိုဘာလ ၂ ရက်နေ့ အပြီးသတ်သိမ်းပိုက်လိုက်တာဖြစ်တယ်လို့ KIA ရှေ့တန်းသတင်းအရင်းအမြစ်တစ်ဦးက KNG ကိုပြောပါတယ်။ “ဆော့လော်ကို ၄ ရက်တိုက်တယ်လို့ပြောလို့ရတယ်။ ဒီကနေ့ မနက်ပိုင်း ၇ နာရီလောက်မှာက အားလုံးသိမ်းပိုက်နိုင်ခဲ့တယ်။ ဆော့လော်ဒေသတစ်ခုလုံးကို သိမ်းပိုက်လိုက်ပြီလို့ ပြောလို့ရပြီ။ စစ်တပ်မရှိတော့ဘူး”လို့ပြောပါတယ်။ ဆော့လော်တိုက်ပွဲမှာ စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးမှုများပြီး လက်နက်ခဲယမ်းအများပြားကိုလည် KIA တပ်တွေ သိမ်းဆည်းရရှိခဲ့တယ်လို့ ရှေ့တန်းသတင်းအရင်းအမြစ်တွေပြောပြပေမယ့် အသေးစိတ်သိရှိဖို့ ခက်ခဲနေသေးတာလည်းဖြစ်ပါတယ်။ KIA သိမ်းပိုက်လိုက်တဲ့ ဆော့လော် ခလရ ၂၉၈ တပ်ရင်းဟာ ဆော့လော်မြို့နယ်တစ်ခုလုံးကို ထိန်းချုပ်ထားတဲ့ တပ်ရင်းတစ်ခုဖြစ်ပြီးတော့ နယ်စပ်ဒေသကို အဓိက လုံခြုံရေးယူထားပေးတဲ့ တပ်ရင်းတစ်ခုလည်းဖြစ်ပါတယ်။ ဒါ့အပြင် ဆော့လော် ခလရ ၂၉၈ တပ်ရင်းဟာ တနိုင်းလီဒိုလမ်းမပေါ် ဒွမ်ဘန်အခြေစိုက် ခလရ ၂၉၈ တပ်ရင်းက လာရောက်အခြေစိုက်ထားတဲ့ တပ်စခန်းလည်းဖြစ်ပါတယ်။ ပြီးခဲ့တဲ့ မေလလောက်မှာ ဆော့လော်ဒေသကို KIA ပူးပေါင်းတပ်တွေ စခန်းသိမ်းတိုက်ပွဲ စတင်ဖော်ဆောင်ခဲ့တာဖြစ်ပြီး ဧပြီလမှာ စစ်တပ်စခန်း ၃ နေရာလောက်ကို သိမ်းပိုက်ရရှိထားတာဖြစ်ပါတယ်။ ဧပြီလ ၁၁ ရက်နေ့မှာ ဆော့လော်မြို့ကို သွားတဲ့ ၅ မိုင်အကွာ မျောမော်(Myawmaw) ပြည်သူ့စစ်တပ်စခန်းနဲ့ ထောက်ပို့တပ်စခန်းဖြစ်တဲ့ မျှော်ဇန်းကူး(Myaw Zan Ku) နယ်ခြားစောင့်တပ်စခန်းတွေကို သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။ ဧပြီလ ၁၆ ရက်နေ့အထိ ဆော့လော်မြို့တွင်းတပ်စခန်း တစ်ချို့နဲ့ နယ်ခြားစောင့်တပ် စုစုပေါင်း ၅ ခုအထက် သိမ်းပိုက်ထားနိုင်ခဲ့ပြီး တိုက်ပွဲငြိမ်သက်သွားတဲ့ ၆ အကြာမှာ တပ်စခန်းကြီးဖြစ်တဲ့ ခလရ ၂၉၈ တပ်ရင်းကို ထပ်မံသိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် လက်ရှိမှာ ဆော့လောက်မြို့နယ်တစ်ခုလုံး စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်တပ်၊ ပြည်သူ့စစ်နဲ့ စစ်ကောင်စီတပ် ကင်းစင်နယ်မြေဖြစ်သွားတဲ့ မြို့နယ်တစ်ခုဖြစ်လာခဲ့တာလည်းဖြစ်ပါတယ်။ ဆော့လော်မြို့နယ်ကို မသိမ်းပိုက်မှီ စက်တင်ဘာလ ၂၉၊ ၃၀ ရက်မှာ နယ်ခြားစောင့်တပ်နဲ့ ဦးဇခုန်တိန့်ယိန်းအဖွဲ့တွေ ဦးဆောင်တဲ့ ပြည်သူ့စစ်အဖွဲ့တွေ အဓိက ထိန်းချုပ်ထားတဲ့ ချီဖွေမြို့တစ်ခုလုံးကိုလည်း KIA တပ်တွေ သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။ ချီဖွေနဲ့ ဆော့လော်မြို့ နှစ်ခုစလုံးကို တစ်ရက်ခြားအကြာမှာပဲ KIA သိမ်းပိုက်လိုက်ပြီးနောက် မြေရှားသတ္တုတူးဖော်တဲ့ ပန်ဝါဒေသဘက်ကို စစ်ရေးအရ ဦးတည်လာနေတယ်လို့လည်း စစ်ရေးသုံးသပ်သူတွေပြောဆိုနေကြပါတယ်။ By – နော်ထွယ့်(ဟူးကောင့်)
Read More » -
1 Octoberသတင်း
လေကြောင်းရန်ကိုစိုးရိမ်တဲ့အတွက် ချီဖွေပြည်သူများ မြို့ထဲပြန်မဝင်နိုင်သေး
ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်သိမ်းပိုက်ထားတဲ့ ချီဖွေမြို့မှာ တိုက်ပွဲငြိမ်သွားပေမယ့် လေကြောင်းရန်ကို စိုးရိမ်နေရသေးတာကြောင့် ဒေသခံတွေမြို့တွင်းပြန်မဝင်နိုင်သေးဘူးလို့ ချီဖွေပြည်သူတွေက ပြောပါတယ်။ ကချင်အထူးဒေသ (၁) ထိန်းချုပ်နယ်မြေအတွင်းမှာရှိတဲ့ ချီဖွေမြို့ကို KIA/PDF ပူးပေါင်းတပ်က စက်တင်ဘာလ ၂၉ ရက်နေ့တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး မြို့တွင်းနေရာအားလုံးကို ထိန်းချုပ်ထားကာ တိုက်ပွဲငြိမ်နေတာ ၂ ရက်ရှိပြီဖြစ်ပါတယ်။ သို့သော် စစ်ကောင်စီတပ်ဘက်က စက်တင်ဘာလ ၂၉ ရက်ညသန်းခေါင်မှာ တစ်ကြိမ်၊ အောက်တိုဘာလ ၁ ရက်နေ့ ဒီနေ့ နေ့လည် ၁ နာရီဝန်းကျင်မှာတစ်ကြိမ် ဂျက်ဖိုက်တာတစ်စီးနဲ့ဗုံးကြဲတိုက်ခိုက်နေတဲ့အတွက် လေကြောင်းရန်ကိုစိုးရိမ်နေရဆဲဖြစ်တယ်လို့ ချီဖွေဒေသခံတစ်ဦး KNG ကို ခုလိုပြောပါတယ်။ “လေယာဉ်မလာရင် မြို့ထဲဝင်လို့ရတယ်။ လေယာဉ်ကိုကြောက်လို့ မဝင်ရဲကြဘူး။ ဒီနေ့လည်းတစ်ကြိမ်လာပစ်သွားတယ်မြို့ထဲမှာ ထိခိုက်တာတော့မရှိပါဘူး”လို့ ပြောပါတယ်။ စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုနဲ့အတူ တိုက်ပွဲတွင်း လက်နက်ကြီးကျပေါက်ကွဲတာကြောင့် စက်တင်ဘာလ ၂၉ ရက်နေ့ မြို့ခံပြည်သူ ၃ ဦးကျည်ထိမှန်သေဆုံးတာတွေလည်းရှိတယ်လို့ သိရပေမယ့် အမည်နာမအသေးစိတ်ကိုစုံစမ်းနေဆဲဖြစ်ပါတယ်။ ချီဖွေမြို့ကို KIA ပူးပေါင်းတပ်သိမ်းလိုက်ပြီးနောက် ထွေအုပ်ရုံး၊ရဲစခန်း၊ဆေးရုံအပါအဝင် ဌာနဆိုင်ရာရုံးနေရာအားလုံးကို ချိတ်ပိတ်ထားပြီဖြစ်တယ်လို့သူကဆက်ပြောပါတယ်။ လက်ရှိ စစ်ရှောင်ပြည်သူတွေဟာ ချီဖွေမြို့အနီးဝန်းကျင် တော၊တောင်တွေမှာ ပြည်သူထောင်နဲ့ချီထွက်ပြေးတိမ်းရှောင်နေပြီး မြစ်ကြီးနားဘက်လည်း လမ်းပိတ်ထားသလို၊ ပန်ဝါသွားတဲ့လမ်း ၄ မိုင်ဂိတ်မှာလည်းပိတ်ထားတယ်လို့ ဒေသခံတွေပြောပါတယ်။ ဒါကြောင့် သက်ဆိုင်သူတွေအနေနဲ့ ပြည်သူတွေကိုထွက်လို့ရမယ့်လမ်းကို ယာယီခေတ္တဖြစ်ဖြစ်ဖွင့်ပေးစေလိုကြောင်း ချီဖွေဒေသခံတွေခုလိုပြောပါတယ်။ “မြစ်ကြီးနားလည်း ဆင်းမရ၊ ပန်ဝါဘက်သွားမယ်ဆိုလည်း ၄ မိုင်ဂိတ်ပိတ်ထားတယ် အဲတော့ ကြားမှာပိတ်မိသလိုတော့ဖြစ်နေတယ်။ဖြစ်နိုင်ရင်ပြည်သူတွေကို ခနတစ်ဖြုတ်ထွက်သွားဖို့ ကူညီပေးစေချင်တယ်”လို့ ဒေသခံတစ်ဦး ပြောပါတယ်။ ချီဖွေမြို့ဟာ မြစ်ကြီးနားကနေ မိုင် ၈၈ အကွာ တရုတ်နယ်စပ် ပန်ဝါနဲ့ မိုင် ၄၀ အကွာရှိပြီး ၂၀၁၁ ခုနှစ် စစ်တပ်နဲ့ KIA တပ်တို့ကြား တကျော့ပြန်တိုက်ပွဲကြောင့် ချီဖွေအနီးပတ်ဝန်းကျင်ကျေးရွာတစ်ချို့ပြည်သူတွေ မြို့တွင်းထဲကို စစ်ရှောင်နေကြတာ ဆယ်စုနှစ် တစ်စုရှိပြီဖြစ်ပါတယ်။ ဒါကြောင့် စစ်ရှောင်များလည်းအများအပြားနေထိုင်ပြီး ၂၀၂၂ ခုနှစ် ချီဖွေအထွေထွေအုပ်ချုပ်ရေးရုံးရဲ့ဖော်ပြထားချက်အရ လူဦးရေ ၂၂၀၉၂ ဦးအထိရှိတယ်လို့ ဖော်ပြထားပါတယ်။ ၂၀၂၄ ခုနှစ် မတ်လကနေ စတင်လာတဲ့ KIA ပူးပေါင်းတပ်တွေရဲ့စစ်ဆင်ရေးဟာ ၅ လအကြာမှာ နယ်ခြားစောင့်ခေါင်းဆောင်ဦးဇခုန်တိန့်ယိန်းရဲ့ ကချင်အထူးဒေသ ၁ နယ်မြေအတွင်းရှိ ပြည်သူ့စစ်စခန်းတွေကို ထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်ပြီး လတ်တလော ချီဖွေမြို့ကိုသိမ်းပိုက်ထားပြီဲဖြစ်သလို ဆော့လော်မြို့နယ်ကိုလည်း ထိုးစစ်ဆင်တိုက်ခိုက်နေတာလည်းဖြစ်ပါတယ်။ ၁၉၆၅ ဝန်းကျင် ကချင်လွတ်လပ်ရေးတပ်မတော် KIA မှာ တပ်မှူးနေရာထမ်းဆောင်ခဲ့တဲ့ လချိဒ်မျိုးနွယ်စုဝင် ဦးဇခုန်တိန့်ယိန်းဟာ ၁၉၆၈ ခုနှစ်မှာ KIA သဘောထားချင်းမတိုက်ဆိုင်တော့တဲ့အတွက် ကွန်မြူနစ်ဝါဒကို လက်ခံကျင့်သုံးပြီး ကချင်အရှေ့မြောက်ဒေသ တရုတ်နယ်စပ် ပန်ဝါမြို့ကိုထူထောင်ပြီး အထူးဒေသ – ၁ နယ်မြေသတ်မှတ်ကာ ချီဖွေ၊ ဆော့လော် နဲ့ ဝိုင်းမော်၊ ဆဒုံးဒေသတွေမှာလှုပ်ရှားခဲ့ရာကနေ ၂၀၀၉ ခုနှစ်မှာ ကချင် ဒီမိုကရေစီသစ်တပ်မတော် NDA -K ကနေ နယ်ခြားစောင့်တပ်အဖြစ် ပြောင်းလဲ ရပ်တည်လိုက်တာ ဖြစ်ပါတယ်။ By – Zami
Read More » -
1 Octoberသတင်း
ဖားကန့်- မြစ်ကြီးနားကားခတစ်ဆမြင့်တက်
ကချင်ပြည််နယ် ဖားကန့် – မြစ်ကြီးနားလမ်း ကားခတစ်ဆမြင့်တက်နေတယ်လို့ ကားသမားတွေဆီကနေ သိရပါတယ်။ ဆိုင်းတောင်ကျေးရွာမှာ စက်တင်ဘာလ ၇ ရက်နေ့ကနေ ကချင်လွတ်လပ်ရေးတပ်မတော် KIA၊KPDF ပူးပေါင်းတပ်နဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲစပြင်းထန်လာတဲ့အတွက် ဖားကန်မြို့ပေါ်နဲ့ အနီးဝန်းကျင်နေထိုင်တဲဲ့ပြည်သူတွေ မြစ်ကြီးနားဘက်ကို ထွက်ပြေးတိမ်းရှောင်နေကြတဲ့အတွက် ကားခစျေးမြင့်တက်လာတာဖြစ်ပါတယ်။ “လွန်ခဲ့တဲ့နှစ်ပတ်လောက်ကတည်း ကနေ ဒီကနေ့အထိပဲအုံလိုက်ကျင်းလိုက်ကိုပြောင်းလာနေကြတာ ခရီးသည်ကများ ကားသမားတွေလည်းတိုက်ပွဲတွေကြားသွားလာရတာဆိုတော့ ကားသမားတိုင်းမသွားနိုင်ဘူးလေး အဲ့ကြောင့်ကားခပိုတောင်းရတာပေါ့ အခုလောလောဆယ် နှစ်သိန်းခွဲအထိရှိတယ်ဗျအမြင့်ဆုံးစျေး”လို့ အမည်မဖော်လိုတဲ့ကားသမားတစ်ဦးကပြောပါတယ်။ မြစ်ကြီးနား–ဖားကန့်ကြားမှာ ပုံမှန်အားဖြင့် ခရီးသည်တစ်ဦးကို ကားနောက်ခန်း ကျပ် ၁၃၀၀၀၀ (တစ်သိန်း သုံးသောင်း) ၊ ကားအရှေ့ခန်း ကျပ် ၁၅၀၀၀၀ ( တစ်သိန်း ငါးသောင်း)သာရှိပေမယ့် လက်ရှိ ခရီးသည်တစ်ဦးကို ကားအနောက်ခန်း ကျပ် ၂၀၀၀၀၀ (နှစ်သိန်း) ကားအရှေ့ခေါင်းခန်းဆိုလျှင် ကျပ် ၂၅၀၀၀၀ ( နှစ်သိန်းငါးသောင်း) အထိရှိတယ်လို့ သိရပါတယ်။ ဖားကန့်ဘက်က မြစ်ကြီးနားဘက်ကို စစ်ရှောင်လာတဲ့ပြည်သူတွေဟာ နေ့စဉ်ရာဂဏန်းနဲ့ဝင်ရောက်နေတာကြောင့် မြစ်ကြီးနားမြို့ပေါ် ဟိုတယ်နဲ့ တည်းခိုခန်းတွေမှာလည်း လူပြည့်လျှံနေပြီလို့ ဆိုင်ကယ်ကယ်ရီသမားတစ်ဦးက ပြောပါတယ်။ “ဘယ်ဟိုတယ် ဘယ်တည်းခိုခန်းမှမလွတ်ဘူး ရှိသမျှဟိုတယ်တွေတည်း ခိုခန်းတွေအကုန်ဖားကန့်ဘက်က စစ်ရှောင်လာတဲ့လူနဲ့ပဲပြည့်နေတာ လူသိတဲ့တဲ့ဂျောင်ကျတဲ့တည်းခန်းတွေလောက်ပဲရှိတော့တယ်။ မြို့ထဲတော့အပြည့်ပဲ ဟိုတယ်ခ တည်းခိုခန်းခတွေတော့ စျေးမတက်ဘူးပုံမှန်ပဲ”လို့ ပြောပါတယ်။ လက်ရှိမြစ်ကြီးနားဘက်ကိုတိမ်း ရှောင်လာကြသူတွေဟာဖားကန့်မြို့ပေါ်ကပြည်သူတွေနဲ့ လုံးခင်း၊ဆိုင်းတောင်ဘက်၊ မရှီကထောင် စစ်ရှောင်တွေများတယ်လို့သိရပါတယ်။ မြစ်ကြီးနားမြို့ပေါ်ကိုရောက်လာတဲ့ ဖားကန့်စစ်ဘေးရှောင်တွေထဲကအချို့ဟာ မြစ်ကြီးနားကနေတဆင့် မန္တလေး ၊ရန်ကုန်ဘက်ကိုထွက်ခွာသွားတဲ့များတာကြောင့်လက်ရှိ မြစ်ကြီးနား–မန္တလေး– လေယာဥ်လက်မှတ်တွေဝယ်ယူရခက်နေပြီး လက်မှတ်တစ်စောင်ကို ကျပ် ၁၀ သိန်းအထိပေါက်စျေးရှိတယ်လို့သိရပါတယ်။ ဖားကန့်မြို့နယ်ထဲမှာ စခန်းသိမ်းတိုက်ပွဲတွေ ဒီနှစ်ဆန်းပိုင်းကတည်းက ခပ်စိပ်စိပ်ဖြစ်လာနေပြီး လက်ရှိ ဆိုင်းတောင်၊ နန့်ယား၊တာမခံ၊ ဆယ်ဇင်း၊လမောင်ဗျူဟာကုန်း၊နန့်တိန်အပါအဝင် ရှေ့တန်းစခန်း ၉ ခုထက်မနည်းကို KIA၊KPDF ပူးပေါင်းတပ်တွေသိမ်းပိုက်ထားပြီဖြစ်ပါတယ်။ ဖားကန့်မြို့ဟာ ကမ္ဘာ့ကျောက်စိမ်းထွက်ရှိရာဒေသဖြစ်ပြီး ခေတ်အဆက်ဆက် အနယ်နယ်အရပ်ရပ်က ရွှေ့ပြောင်းအလုပ်လာရောက်လုပ်ကိုင်သူများတဲ့အတွက် လူဦးရေထူထပ်တဲ့နေရာဒေသတစ်ခုလည်းဖြစ်ပါတယ်။ By – Zaw Zaw
Read More » -
1 Octoberသတင်း
သုံးရက်ဆက်တိုက်လေကြောင်းတိုက်ခိုက်ခံရတဲ့ ကောလင်းမှာ အရပ်သား ၈ ဦးသေဆုံး
စစ်ကိုင်းတိုင်းဒေသကြီး ကောလင်းမြို့နယ် ကျေးရွာတစ်ချို့ကို စစ်ကောင်စီတပ်က သုံးရက်ဆက်တိုက် လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် အရပ်သား ၈ ဦးသေဆုံးခဲ့ရတယ်လို့ ကောလင်းခရိုင်တပ်ရင်း ၂ က သတင်းထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၈ ရက်နေ့က တဂေါင်းအိုင်ရွာ၊ စက်တင်ဘာလ ၂၉ ရက်နေ့က ရွာသစ်ရွာနဲ့ စက်တင်ဘာလ ၃၀ ရက်နေ့ မနေ့ကတော့ ဥက္ကံရွာတို့ လေကြောင်းတိုက်ခိုက်ခံခဲ့ရတာဖြစ်ပါတယ်။ တဂေါင်းအိုင်ရွာလေကြောင်းတိုက်ခိုက်ခံရမှုမှာ အသက် ၉ နှစ်အရွယ် မိန်းကလေးငယ်တစ်ယောက် ထိမှန် ဒဏ်ရာရခဲ့ပြီး ရွာသစ်ရွာ လေကြောင်းတိုက်ခိုက်ခံရမှုမှာ အရပ်သားတစ်ဦးသေဆုံးခဲ့ရသလို ၁၅ ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။ မနေ့က နေ့လည် ၁၁ နာရီမှာ လေကြောင်းတိုက်ခိုက်ခံခဲ့ရတဲ့ ဥက္ကကျေးရွာမှာတော့ အရပ်သား ၇ ဦးအထိ သေဆုံးခဲ့ရတယ်လို့ ကောလင်းခရိုင်အတွင်းရှိ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့ ဒေသတွင်း သတင်းဌာန တွေရဲ့ထုတ်ပြန်ချက်အရ သိရပါတယ်။ “ရွာသစ်ရွာအနီးကို အကြမ်းဖက်စစ်ကောင်စီက အရပ်သားပြည်သူတွေအပေါ် တိုက်ပွဲဖြစ်ပွားတာ လုံးဝ လုံးဝမရှိ၊ PDF လည်းမရှိဘဲ ဂျက်ဖိုက်တာနဲ့တိုက်ခိုက်ခဲ့ပါတယ်။ ဥက္ကံရွာကိုလည်း အကြမ်းဖက် စစ်ကောင် စီက တိုက်ပွဲဖြစ်ပွားတာလုံးဝ မရှိဘဲ လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ပါတယ်။ တဂေါင်းအိုင်ရွာကလည်း စစ်ပွဲလဲမရှိ PDF လည်းမရှိဘဲ အရပ်သားတွေနေထိုင်တဲ့ရွာပဲဖြစ်ပါတယ်။” လို့ ကောလင်းခရိုင်းတပ်ရင်း ၂ ကဆိုပါတယ်။ လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိတာ၊ သေဆုံးတာနဲ့ နေအိမ်ပျက်ဆီးမှုတွေနဲ့ ပတ်သက်လို့ စာရင်းအတိအကျကို သတင်းတိကျခိုင်မာအောင် စုံစမ်းနေဆဲဖြစ်တယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။ စက်တင်ဘာလ ၃၀ ရက် မနေ့ကလေကြောင်းတိုက်ခိုက်ခံရတဲ့ ဥက္ကံကျေးရွာက သေဆုံးခဲ့ရတဲ့ အရပ်သား ၇ ဦးထဲမှာ အမျိုးသမီး ၂ ယောက်ပါဝင်ပြီး ကျန်တာတွေကတော့အမျိုးသားတွေဖြစ်တယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဆီကသိရ ပြီး အခြေနေအသေးစိတ်ကို ပြန်လည်အကြောင်းပြန်မယ်လို့ KNG ကိုပြောပါတယ်။ “ဒဏ်ရာရတဲ့သူကအများအပြားရှိနေတယ်။ ဒေသခံအများစုက အဲ့ဒီဖြစ်စဥ်ကြောင့် အလွန်အမင်း စိုးရိမ် ထိတ်လန့်နေကြတယ်။ ရွာထဲမှာမနေထိုင်ရဲကြပဲ ရှောင်တိမ်းနေရတယ်” လို့ Kawlin Revolution KR က ဆိုပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၇၊ ၂၈၊ ၂၉ ရက်တွေမှာ ကောလင်းမြို့နဲ့ကပ်လျှက်မြို့ဖြစ်တဲ့ ကန့်ဘလူမြို့နယ် ထဲက မကျီးကုန်းရွာ၊ ပင်းတဲရွာနဲ့ ရွှေဘို–မြစ်ကြီးနားဗျူဟာလမ်းပေါ်မှာရှိတဲ့ ရေရှင်ကြီး၊ အောင်တိုင်း လယ်၊ မှန်နီပင် ရွာတွေကိုည်း လေကြောင်းရော၊ ဒရုန်းတွေနဲ့ပါ တိုက်ခိုက်ခဲ့ပါတယ်။ ဒါ့အပြင် စစ်ကြောင်းထိုးရင်းအမျိုးသမီးတစ်ဦးကိုပါသတ်ဖြတ်ခဲ့သလို အထက်ပါလေကြောင်းနဲ့ဒရုန်းတိုက် လိုက်တာတွေကြောင့် ကလေးငယ်တစ်ယောက်အပါအဝင် အရပ်သား ၇ ဦးသေဆုံးခဲ့ရပါသေးတယ်။ အခုလိုလေကြောင်းတိုက်ခိုက်တာနဲ့ စစ်ကြောင်းထိုးတာတွေကြောင့် ကောလင်းမြို့နယ်အပါအဝင် ကန့်ဘလူ မြို့နယ်ထဲက ကျေးရွာပေါင်း ၁၀ ရွာထက်မနည်းကတော့ ဘေးလွှတ်ရာတွေမှာအရေးပေါ်တိမ်းရှောင်နေကြရ တယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံတစ်ဝှမ်းမှာ အာဏာသိမ်းပြီးတဲ့နောက်ပိုင်း စစ်ကောင်စီတပ်နဲ့ လက်အောက်ခံအဖွဲ့အစည်းတွေ ကြောင့် အရပ်သားစုစုပေါင်း ၅၇၁၂ ဦးသေဆုံးခဲ့ရပြီဖြစ်တယ်လို့ နိုင်ငံရေးအကျဥ်းသားများကူညီ စောင့်ရှောက်ရေးအသင်း AAPP က စက်တင်ဘာလ ၃၀ ရက်နေ့ကသတင်းထုတ်ပြန်ထားပါတယ်။ By – အမိုး
Read More » -
1 Octoberသတင်း
တောထဲမှာစစ်ရှောင်နေရတဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီး၊ကလေးငယ်နဲ့မသန်စွမ်းတွေအတွက် ကူညီထောက်ပံ့မှုဆက်လိုအပ်နေသေး
ဖားကန့်မြို့နယ် ဆိုင်းတောင်ကျေးရွာတိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေကြတဲ့ စစ်ရှောင်တွေထဲမှာ ကိုယ်ဝန်ဆောင်မိခင်၊ကလေးသူငယ်၊မသန်စွမ်းတွေများစွာပါဝင်နေပြီး ဆေးဝါးနဲ့စားသောက်ကူညီထောက်ပံံ့မှု ဆက်ပြီးလိုအပ်နေသေးတယ်လို့ စစ်ဘေးရှောင်တွေဆီကနေ သိရပါတယ်။ ဆိုင်းတောင်ရွာမှာ စက်တင်ဘာလ ၇ ရက်နေ့ကနေ စတင်လာတဲ့ စစ်တပ်နဲ့ KIA ပူးပေါင်းတပ်တွေအကြား ပြင်းထန်လာတဲ့တိုက်ပွဲကြောင့် ဒေသခံတွေပြည်သူတွေတစ်ချို့ တော၊ယာခင်းတွေမှာ ခက်ခက်ခဲခဲစစ်ရှောင်နေကြတာ ခုဆိုရင် ရက်ပေါင်း ၂၃ ရက်ရှိလာပြီ ဖြစ်ပါတယ်။ ဒီစစ်ဘေးရှောင်ထဲမှာ ကိုယ်ဝန်ဆောင်မိခင်၊ကလေးသူငယ်နဲ့မသန်စွမ်းတွေပါဝင်နေတဲ့အတွက် အဓိကဆေးဝါးနဲ့အစားသောက်ကူညီထောက်ပံ့မှုတွေ လိုအပ်နေတယ်လို့ စစ်ရှောင်အမျိုးသမီးတစ်ဦး ခုလိုပြောပါတယ်။ “ခုကျမတို့ဒီမှာ လူဦးရေ ၃၀၀ ကျော်ပြီ ခြေထောက်မသန်တဲ့သူတွေလည်းပါတယ် ကိုယ်ဝန်ဆောင်မိခင်၊လသားအရွယ်မွေးထားတဲ့မိခင်တွေ၊ ကလေးသူငယ်တွေလည်းအများကြီးပါတော့ အဝေးကိုမသွားနိုင်ကြဘူး။ အဲဒါကြောင့်လည်း ဒီတောထဲမှာဘဲ သောင်တင်နေတဲ့အခြေနေဖြစ်နေတယ်။အဲကြောင့် ဆေးဝါးနဲ့အစားသောက်တွေကလိုအပ်နေသေးတယ်”လို့ ပြောပါတယ်။ တော၊တောင်၊ယာခင်းထဲစစ်ရှောင်နေတဲ့သူ ၃၀၀ ဝန်းကျင်ထဲက ကလေးသူငယ်၊မသန်စွမ်း၊သက်ကြီးရွယ်အို၊ကိုယ်ဝန်ဆောင်မိခင် စုစုပေါင်း ၂၀၀ ခန့်ရှိတယ်လို့သိရပြီး နေရာထိုင်ခင်းအတွက် မိုးကာတဲထိုးပြီးနေရတယ်လို့ သူကဆက်ပြောပါတယ်။ ဒါ့အပြင် ချောင်းရေတွေမသန့်တဲ့အတွက် သောက်သုံးရေရှားပါးတဲ့ပြသာနာလေးကြုံတွေ့နေရသလို ခြင်၊ဖြုတ်ပေါ်လွန်းတာကြောင့် ဖျားနာသူတွေလည်း ရှိလာနေတယ်လို့ စစ်ရှောင်တွေက ဆိုပါတယ်။ ဒါပေမယ့် လက်ရှိချိန်ထိ ဆိုင်းတောင်ကျေးရွာ Lucky Men Hotel ထဲမှာ စစ်ကောင်စီတပ်ဖွဲ့ဆက်ရှိနေသေးသလို KIA ပူးပေါင်းတပ်ဘက်ကလည်း ပိတ်ဆို့ထားဆဲဖြစ်တာကြောင့် နှစ်ဖက်စစ်ရေးတင်းမာနေဆဲဖြစ်တဲ့အတွက် ဒေသခံတွေနေရပ်ပြန်နိုင်ခြင်းမရှိသေးတာဖြစ်ပါတယ်။ စက်တင်ဘာလ ၇ ရက်နေ့ကနေစတင်လာတဲ့ တိုက်ပွဲမှာ စက်တင်ဘာလ ၁၂ ရက်နေ့ ဆိုင်းတောင်ရဲစခန်းကို KIA ပူးပေါင်းတပ်ကအပြီးသတ်သိမ်းပိုက်လိုက်ချိန် စစ်တပ်ရဲ့လေကြောင်းပစ်ခတ်မှုဟာ ပိုပြီးဆိုးရွားလာတဲ့အပြင် မူးယစ်ဆေးသမားတွေကို ငွေပေးပြီး နေအိမ်မီးရှို့ခိုင်းတဲ့အတွက် ဆိုင်းတောင်ရွာ ရပ်ကွက် ၄ နဲ့ ၃ နေအိမ်အားလုံးနီးပါးမီးလောင်သွားပြီဖြစ်ပါတယ်။ ဒါကြောင့် စစ်ဘေးရှောင်တွေဟာ နေအိမ်အများအပြားလည်း ဆုံးရှုံးထားကြတဲ့အပြင် စစ်ရှောင်ချိန်သယ်ဆောင်ခဲ့တဲ့ စားသောက်ကုန်တွေလည်း စစ်ရှောင်ကာလကြာမြင့်လာတဲ့အတွက် ကုန်နေပြီလို့ နောက်ထပ်အမျိုးသမီးတစ်ဦးက ခုလိုပြောပါတယ်။ “အစတော့ ကျမ မပြေးတော့ဘူးလို့ဆုံးဖြတ်ထားတာ မိသားစုကမစုံတော့ပြေးချင်စိတ်လဲမရှိတော့ဘူး။ သမီးက ဟိုတယ်ထဲပိတ်မိတဲ့ပါနေတော့ ပိုစိုးရိမ်တယ်။နောက်ပိုင်းတော့ လေယာဉ်ကြဲတာက နေလို့မရတော့တဲ့အထိဖြစ်လာလို့ ပြေးလာတာ။ ခုယူလာတဲ့စားစရာတွေလည်းကုန်နေပြီ။ ဒီမှာလုံးဝနေလို့မရတော့ဘူးဆိုရင်တော့ တစ်ခြားနေရာကိုထပ်ပြေးဖို့တော့ စဉ်းစားထားတယ်” လို့ ပြောပါတယ်။ ဆိုင်းတောင်တိုက်ပွဲကြောင့် ငွေကြေးတတ်နိုင်တဲ့ဒေသခံပြည်သူတွေဟာ ဖားကန့်မြို့ကနေတစ်ဆင့် မြစ်ကြီးနားနဲ့တစ်ခြားနေရာကို ပြောင်းရွှေ့သွားသူတွေရှိသလို ဖားကန့်မြို့ပေါ်မှာလည်း စစ်ရှောင် ၆ ထောင်ခန့်ထိရှိနေပြီဖြစ်ပါတယ်။ ဩဂုတ်လ ၁၄ ရက်နေ့ ကချင်– စစ်ကိုင်းအစပ် အင်းတော်၊ထီးချိုင့်တိုက်ပွဲကြောင့် ကချင်ပြည်နယ်ထဲကို အဓိကကုန်တင်သွင်းတဲ့ မြစ်ကြီးနား– မန္တလေးလမ်းပိုင်းလည်း ကားအသေးနဲ့သာပြေးဆွဲနေတဲ့အတွက် ကချင်ပြည်နယ်မှာအခြေခံစားသောက်ကုန်တွေဟာ စျေးအဆမတန်မြင့်လာတဲ့အပြင် ကုန်စည်ရှားပါးတဲ့ပြသာရင်ဆိုင်နေကြရပါတယ်။ ဒါကြောင့် မြစ်ကြီးနားကနေတစ်ဆင့် ပြန်တင်သွင်းရတဲ့ ဖားကန့်မြို့နယ်ပြည်သူတွေအဖို့ စစ်ရေးအခြေနေကြောင့် ကုန်ကားအဝင်နည်းသွားတဲ့အပြင် ဆိုင်တစ်ချို့ပိတ်ထားရတဲ့အခြေနေရှိနေပြီး အခြေခံစားသောက်ကုန်ဝယ်ယူဖို့ ခက်ခဲလာတဲ့အတွက် စစ်ဘေးရှောင်တွေဟာ အစစအရာရာခက်ခဲနေတာဖြစ်ပါတယ်။ မတ်လ ၇ ရက်နေ့ကနေ စတင်လာတဲ့ KIA ပူးပေါင်းတပ်တွေရဲ့စစ်ဆင်ရေးကာလအတွင်း ဖားကန့်မြို့နယ်ထဲက နန့်တိန်၊နန့်ယား၊တာမခံ၊ဝှေခါ၊ဆယ်ဇင်း၊ လမောင်တပ်စခန်းကုန်းအပါအဝင် တပ်စခန်းနေရာ ၉ခုထက်မနည်း သိမ်းပိုက်ရရှိထားပြီဖြစ်ပါတယ်။ ဖားကန့်မြို့နယ်ဟာ ကချင်ပြည်နယ်၊မိုးညှင်းခရိုင်ထဲမှာပါဝင်ပြီး မြို့နယ်ရုံးစိုက်ရာမြို့ဖြစ်ပါတယ်။ By – Zami
Read More » -
Sep- 2024 -30 Septemberသတင်း
ချီဖွေမြို့သိမ်းတိုက်ပွဲမှာ မြို့အပါအဝင် တပ်စခန်း ၅ နေရာကို KIA သိမ်းပိုက်ထား
ကချင်ပြည်နယ် ချီဖွေမြို့သိမ်းတိုက်ပွဲမှာ မြို့အပါအဝင် စစ်ကောင်စီတပ်စခန်း ၅ နေရာကို ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်က တစ်ရက်အတွင်း အပြီးသတ်သိမ်းပိုက်လိုက်ပြီလို့ ဒေသခံတွေဆီကနေ သိရပါတယ်။ ကချင်အထူးဒေသ ၁ အတွင်းရှိ ချီဖွေမြို့ မြို့မရဲစခန်း၊ ချီဖွေကနေ ပန်ဝါသွားလမ်းပေါ်က ၄ မိုင်စစ်တပ်ဂိတ်၊ ချီဖွေမြို့အဝင် နန်းဦးပြည်သူ့စစ်ဂိတ် ၊ ကန်ပိုင်ယန်သွားလမ်း အေးရှားဝေါဘောလုံးကွင်းအနီးက ကာကင်းစခန်းတစ်ခုနဲ့ ရှငေါ် ပြည်သူ့စစ်ဂိတ်အပါအားလုံးကို KIA နဲ့ PDF ပူးပေါင်းတပ်တွေ စက်တင်ဘာလ ၂၉ ရက်နေ့ တစ်ရက်အတွင်း တစ်ပြိုင်နက်သိမ်းပိုက်ခဲ့တယ်လို့သိရပါတယ်။ “တိုက်ပွဲက မနေ့က မနက်ပိုင်း ၅ နာရီလောက်မှာ အေးရှားဝေါး ဘောလုံးကွင်းနေရာကနေ စတင်ပစ်ခတ်မှုဖြစ်ပွားရာကနေ တစ်ရက်လုံး ချီဖွေမြို့မှာ တိုက်ပွဲဖြစ်တယ်။ ည ၁၂ နာရီလောက်မှာက စစ်တပ်က လေယာဉ်နဲ့ ဗုံးလာကြဲတယ်။ လာကြဲတဲ့ ဗုံးအရေအတွက်က အချက် ၄၀ လောက်ရှိမယ်။ ညသန်ခေါင်ယံဆိုတော့ သေချာမသိဘူး။ ချီဖွေမြို့တွင်း ထိခိုက်မှုကများတယ်”လို့ချီဖွေမြို့မှာရှိနေတဲ့ ဒေသခံအမျိုးသားတစ်ဦးက KNG ကို ပြောပါတယ်။ ရဲတပ်သား အင်အား ၃၀ ဝန်းကျင်ရှိတဲ့ ချီဖွေမြို့မရဲစခန်းကို စက်တင်ဘာလ ၂၉ ရက်နေ့ ၂ နာရီဝန်းကျင် သိမ်းပိုက်နိုင်ခဲ့ပြီးတော့ တပ်ရင်းမှူးထိုင်ထားတဲ့ ချီဖွေ စစ်တပ်ကုန်းနေရာကိုတော့ မနေ့ည ၈ နာရီမှာ အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တယ်လို့ပြောပါတယ်။ ချီဖွေမြို့စောင့်တပ်ဖြစ်တဲ့ စစ်တပ်ကုန်းမှာ စစ်အင်အား ၅၀ ဝန်းကျင်ရှိပြီး KIA ရဲ့ တိုက်ခိုက်မှုကြောင့်ထိခိုက်သေဆုံးမှုများသလို တပ်သားတစ်ချို့ အရပ်ဝတ်တွေနဲ့ ထွက်ပြေးလွတ်မြောက်သွားသူလည်းရှိတယ်လို့ သိရပါတယ်။ လက်ရှိ ချီဖွေမြို့တစ်ခုလုံးကို KIA ပူးပေါင်းတပ်အပြီးသတ်သိမ်းပိုက်ထားပြီလို့ ချီဖွေဒေသခံ အမျိုးသားတစ်ဦးက ဆက်ပြောပြပါတယ်။ “KIA ဘက်ကတော့ မြို့တစ်ခုလုံးကို သိမ်းထားပြီဖြစ်တဲ့အတွက် အုပ်ချုပ်ရေးတွေလည်ပတ်လာအောင်အထိ လုပ်သွားမယ်လို့ထင်ပါတယ်။ ဒါပေမယ့် စစ်တပ်ကလည်း လေကြောင်းနဲ့ လာပစ်နေတယ်ဆိုတော့ ဘယ်လောက်အထိ ထိန်းချုပ်ထားနိုင်မလဲပေါ့။ အခုချိန်တော့ မြို့တစ်ခုလုံးကို KIA ထိန်းချုပ်ထားပြီလို့ ပြောလို့ရပါတယ်”လို့ပြောပါတယ်။ စစ်ကောင်စီတပ်တွေဟာ ချီဖွေမြို့တစ်ခုလုံးအပါ မြို့တစ်ခုလုံးကို ထိန်းချုပ်ထားတဲ့ စစ်တပ်စခန်း ၅ နေရာကို လက်လွတ်လိုက်ရတဲ့အတွက် မနေ့ည ၁၂ နာရီလောက်မှာ လေကြောင်းနဲ့ ပြင်းပြင်းထန်ထန် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် မြို့တွင်း ထိခိုက်သေဆုံးမှုရှိတယ်လို့လည်း သိရပါတယ်။ ဒါကြောင့် ချီဖွေဒေသခံပြည်သူတွေဟာ တိုက်ပွဲစတင်ဖြစ်ပွားတဲ့အချိန်ကနေ ဒီကနေ့ စက်တင်ဘာလ ၃၀ ရက်နေ့အထိ မြို့တွင်းထဲကနေ ကိုယ်လွတ်ထွက်ပြေးတိမ်းရှောင်နေကြဆဲဖြစ်တယ်လို့ ဆက်သိရပါတယ်။ ချီဖွေမြို့သိမ်းတိုက်ပွဲနဲ့ ပတ်သက်ပြီး KIO သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကို KNG သတင်းဌာနကနေဆက်သွယ်မေးမြန်းရာ မြို့တွင်းရဲစခန်းအပါ မြို့တွင်း စစ်တပ်ကုန်းနဲ့ တခြားရှေ့တန်းတပ်စခန်းတစ်ချို့ကို သိမ်းပိုက်ထားတဲ့အပြင် တိုက်ပွဲဆက်လက်ဖြစ်နေဆဲဖြစ်တယ်လို့ ပြောဆိုပါတယ်။ “မြို့နေရာတွေက သိမ်းပိုက်ထားတယ်။ ရဲစခန်းပါမယ်။ တပ်မကုန်းက သိမ်းဖို့ကျန်သေးတယ်လို့တော့ကြားတယ်။ အဲ့ကြောင့် ပစ်နေကြသေးတယ်။ ရှငေါ်ဘက်မှာလည်း သိမ်းပိုက်ထားရှိတယ် လောလောဆယ်က အဲလောက်ပဲကြားရသေးတယ်”လို့ပြောပါတယ်။ ကချင်ပြည်နယ်ထဲမှာ ချီဖွေဒေသဟာ တခြားမြို့နယ်တွေလို တိုက်ပွဲမကြာခဏဖြစ်ပွားတာနည်းပေမယ့် အာဏာသိမ်းစစ်ကောင်စီရှိတဲ့ မည်သည့်နေရာဒေသမဆို ထိုးစစ်ဆင်တိုက်ခိုက်သွားမှာဖြစ်တယ်လို့ ဗိုလ်မှူးကြီးနော်ဘူပြောပါတယ်။ ကချင်လွတ်လပ်ရေးတပ်မတော် KIA ဦးဆောင်တဲ့ ပူးပေါင်းတပ်တွေဟာ ကချင်ပြည်နယ်ထဲမှာ ပြီးခဲ့တဲ့ ၂၀၂၄ နှစ်ဆန်းပိုင်းလောက်ကနေ တစ်ပြည်နယ်လုံးအတိုင်းအတာနဲ့ မြို့နယ်၊ ကျေးရွာတွေမှာ ရှိတဲ့ စစ်ကောင်စီတပ်နေရာတွေကို စခန်းသိမ်းတိုက်ပွဲဖော်ဆောင်နေတာဖြစ်ပါတယ်။ ချီဖွေမြို့ဟာ ခရိုင်ခရိုင်ရုံးစိုက်ရာမြို့နယ်ဖြစ်ပြီး မြစ်ကြီးနားကနေ အရှေ့မြောက်ဘက် ၈၈ မိုင်ခန့်အကွာ မေခမြစ်အရှေ့ဖက်ကမ်းပေါ်မှာ ရှိပါတယ်။ အရှေ့တောင်ဖက် တရုတ်–မြန်မာနယ်စပ်မြို့ဖြစ်တဲ့ ပန်ဝါမြို့နဲ့ မိုင် ၄၀ မိုင်ခန့်ကွာဝေးသလို မြောက်ဖက်မှာ လောက်ခေါင်၊ ထော်ဂေါ့၊ ဆော့လော်မြို့ဘက်ကို ကားလမ်းဖြင့် ဆက်သွယ်ထားတာလည်းဖြစ်ပါတယ်။ လတ်တလော KIA ပူးပေါင်းတပ်က ချီဖွေမြို့ကိုသိမ်းပိုက်ထားပြီး ဆော့လော်တပ်စခန်းကိုလည်း ထိုးစစ်ဆင်တိုက်ခိုက်သိမ်းပိုက်ထားပြီလို့ သိရပေမယ့် အသေးစိတ်သိရဖို့ ဆက်စုံစမ်းနေဆဲဖြစ်ပါတယ်။ By – နော်ထွယ့်(ဟူးကောင့်)
Read More » -
26 Septemberသတင်း
မိုးမောက်မြို့ ပြန်သိမ်းနိုင်ဖို့ စစ်တပ်က ထိုးစစ်ဆင်နေတာ တစ်လကျော်ကြာမြင့်လာ
ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်တွေ သိမ်းပိုက်ထားပြီဖြစ်တဲ့ မိုးမောက်မြို့နယ်ဘက်ကို စစ်ကောင်စီတပ် လေကြောင်းအပြင် မြေပြင်နဲ့ စစ်အင်အားအလုံးအရင်း ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့အတွက် နေ့တိုင်းလိုလို တိုက်ပွဲပြင်းထန်နေတာဖြစ်ပါတယ်။ မိုးမောက်မြို့တစ်လုံးအပါ ခမရ ၄၃၇ တပ်ရင်းကို KIA တပ်က ပြီးခဲ့တဲ့ ဩဂုတ်လ…
Read More » -
26 Septemberသတင်း
မြစ်ကြီးနားမှာ Starlink Wifi စက်တပ်ဆင်သူများလာတာကြောင့် အင်တာနက်အသုံးပြုခစျေးနှုန်းလျော့ကျလာ
ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ Starlink Wifi စက်တပ်ဆင်တဲ့ဆိုင်တွေများလာတာကြောင့် Wifi အသုံးပြုခ တစ်နာရီကျပ် ၃၀၀၀၀( သုံးသောင်း) ကနေ ကျပ် ၁၅၀၀၀ (တစ်သောင်းခွဲ) အထိစျေးလျာ့ကျလာတယ်လို့သိရပါတယ်။ ဇူလိုင်လ ၂၁ ရက်နေ့စ ဖုန်းအင်တာနက်လိုင်းနဲ့ Fiber wifiအင်တာနက်လိုင်း ဖြတ်တောက်ခံထားရတဲ့အတွက် မြစ်ကြီးနားမြို့မှာ IP Star နဲ့ Starlink Wifi ရတဲ့ဆိုင်တွေမှာ တစ်နာရီအင်တာနက်အသုံးပြုခ ကျပ် ၃၀၀၀၀ ရှိခဲ့ပေမယ့် လက်ရှိ Starlink wifi တပ်ဆင်သူတွေများလာတာကြောင့် တစ်နာရီ ကျပ် ၁၅၀၀၀ အထိစျေးကျလာပြီလို့ မြို့ကြီးနားမြို့ခံအမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။ “လိုင်းစဖြတ်ခံရတဲ့ချိန်ဆိုရင် IP Star ရှိထားတဲ့နေရာတွေမှာပဲရတာ တစ်နာရီကို ၃၀၀၀၀၀ ပေးရတယ်။ ခုနောက်ပိုင်း Starlink Wifi စက်တွေတပ်လာကြတော့ တဖြေးဖြေးစျေးကျလာတော့ တစ်နာရီ ၁၅၀၀၀ ဖြစ်သွားပြီ”လို့ မြစ်ကြီးနားမြို့ တပ်ကုန်းရပ်ကွက်နေအမျိုးသားတစ်ဦးက ပြောပါတယ်။ အင်တာနက်စတင်ဖြတ်တောက်ထားခံချိန်က IP Star တပ်ဆင်ထားတဲ့ ဖုန်းဆိုင်နဲ့ဟိုတယ်အနည်းအကျဉ်းသာရှိခဲ့ပေမယ့် ဒီနောက်ပိုင်းမှာတော့ Starlink တပ်ဆင်လာတဲ့ဖုန်းဆိုင်၊ ဟိုတယ်တွေနဲ့ Starlink Wifi အသုံးပြုလို့ရတဲ့ သီးသန့်ဆိုင်တွေဟာ တပ်ကုန်းရပ်ကွက်၊စီတာပူရပ်ကွက်တွေမှာ တဖြေးဖြေးများလာတာကြောင့် အင်တာနက်အသုံးပြုခ လျော့ကျလာတာဖြစ်တယ်လို့သိရပါတယ်။ “တပ်ကုန်းမှာလည်းအစက Starlink ရတဲ့ဆိုင် တစ်ဆိုင်ပဲရှိတယ် အခုကဆိုင်သစ်တွေပေါလာပြီ နှစ်ဆိုင်သုံးဆိုင်ဖြစ်သွားပြီအသစ်ဖွင့်တဲ့ဆိုင်တွေက နဂိုရှိတဲ့ဆိုင်တွေထက်စျေးသက်သာအောင်လုပ်ပေးတော့ စျေးကပိုပိုကျလာတာ စျေးကျလာတော့သုံးတဲ့သူတွေအဆင်ပြေလာတာပေါ့”လို့ မြစ်ကြီးနားမြို့ခံအမျိုးသားတစ်ဦးကပြောပါတယ်။ Starlink Wifi သီးသန့်တပ်ဆင်ထားတဲ့ဆိုင်တွေမှာတစ်နာရီကျပ် ၁၅၀၀၀ ( တစ်သောင်းခွဲ) ပေးရပေမယ့် ဟိုတယ်တွေမှာတော့ တစ်ညကို ကျပ် ၁၃၀၀၀၀ (တစ်သိန်း သုံးသောင်း) အထိပေးရတယ်လို့ အွန်လိုင်းစျေးသည်အမျိုးသမီးတစ်ဦးက အခုလိုပြောပါတယ်။ “ဟိုတယ်တစ်ခုနဲ့တစ်ခုတော့မတူဘူးတစ်ချို့ဟိုတယ်တွေက လူနှစ်ယောက် ဖုန်းနှစ်လုံးကိုတစ်ညတစ်သိန်းရတဲ့ဟိုတယ်ရှိတယ်။ တစ်ချို့ဟိုတယ်တွေကျတော့ တစ်သိန်းသုံးသောင်းထိပေးရတယ် လူနှစ်ယောက် ဖုန်းနှစ်လုံးရတာချင်းတော့တူတူပဲ”လို့ အထက်ဖော်ပြပါ တပ်ကုန်းရပ်ကွက်က နေအမျိုးသမီးတစ်ဦးကပြောပါတယ်။ သြဂုတ်လအထိတော့ စစ်ကောင်စီတပ်က Starlink wifi ရတဲ့ဆိုင်တွေမှာ ငွေလွှဲငွေထုတ်လုပ်သူတွေကိုဖမ်းဆီးတာ၊ ဟိုတယ်နဲ့ဖုန်းဆိုင်တွေ အင်တာနက်ဆိုင်တွေမှာ အသုံးပြုသူတွေကိုရှောင်တခင်ဝင်ရောက်စစ်ဆေးဖမ်းဆီးတာမျိုးရှိခဲ့ပေမယ့် စက်တင်ဘာလဆန်းပိုင်းကနေတော့ငွေလွှဲငွေထုတ်တွေကိုပြန်လည်ခွင့်ပြုလာပြီလို့သိရပါတယ်။ ဖုန်းအင်တာနက်လိုင်းနဲ့ Fiber…
Read More » -
25 Septemberသတင်း
ဖားကန့်မှာ တိုက်ပွဲကြောင့် ပြည်သူတွေ ရာနဲ့ချီစွန့်ခွာနေ
ဖားကန့် ဆိုင်းတောင်ကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်တွေကြား စစ်ရေးတင်းမာနေဆဲဖြစ်တဲ့အတွက် ဖားကန့်မြို့ထဲက ပြည်သူတွေ ရာနဲ့ချီနေ့စဉ် ထွက်ခွာနေကြတယ်လို့ သိရပါတယ်။ စက်တင်ဘာလ ၇ ရက်နေ့ ဆိုင်းတောင်ကျေးရွာကို စစ်ကောင်စီတပ်တွေ စတင်ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့နောက်ပိုင်း ဖားကန့်ဒေသမှာရှိကြတဲ့ ပြည်သူတွေအများအပြားဟာ…
Read More »








