ကယ်ရီသမား

  • Jan- 2026 -
    24 January
    သတင်း

    ဖားကန့်မှာ ဆိုင်ကယ်ကယ်ရီသမားတစ်ဦး ပစ်သတ်ခံရပြီး နောက်ထပ်အမျိုးသားတစ်ဦးဖမ်းဆီးခံရ

    ဖားကန့်မြို့ မရှိီကထောင်ရပ်ကွက်မှာ ဆိုင်ကယ်ကယ်ရီသမားတစ်ဦး သေနတ်နဲ့ပစ်သတ်ခံရပြီး နောက်ထပ်အမျိုးသားတစ်ဦးဖမ်းဆီးခံသွားရတယ်လို့ ဖားကန့်မှာနေထိုင်တဲ့ပြည်သူတွေဆီကနေ သိရပါတယ်။ ဖြစ်စဉ်မှာ ဇန်နဝါရီလ ၂၁ ရက်ည ၇ နာရီဝန်းကျင် မရှိီကထောင်ရပ်ကွက် နန်းဦးရေခဲစက်ရှေ့အနှိပ်ခန်းအနီး ဆိုင်ကယ်စီးလာတဲ့အမျိုးသားနှစ်ဦးကို ကားတစ်စီးနဲ့လူတစ်စုလိုက်လာပြီး ဝင်ပစ်သွားတဲ့အတွက် ဆိုင်ကယ်မောင်းသူပွဲချင်းပြီး သေဆုံးပြီးနောက်ထပ်အမျိုးသားတစ်ဦးဖမ်းခံသွားရတာဖြစ်တယ်လို့ ဖားကန့်မှာနေထိုင်သူအမျိုးသားတစ်ဦးကပြောပါတယ်။ “အမျိုးသားတစ်ယောက်က ဆိုင်ကယ်ကယ်ရီသမားကို ဆိုင်ကယ်ကယ်ရီငှားတာ အဲအနှိပ်ခန်းအနီးအရောက် နောက်ကနေကားတစ်စီးနဲ့လိုက်လာပြီး ပစ်သွားတာ ကယ်ရီသမားက ဆုံးသွားတယ်။ အဲဆိုင်ကယ်ကယ်ရီငှားလာတဲ့အမျိုးသားကိုကျတော့ ဖမ်းသွားတယ်လို့သိရပါတယ်”လို့ ပြောပါတယ်။ ပစ်သတ်ခံရတဲ့ ဆိုင်ကယ် ကယ်ရီသမားဟာ ကိုမင်းဆိုသူဖြစ်ပြီး ဖားကန့်မြို့တွင်း  ဆိုင်ကယ်ကယ်ရီဆွဲနေတဲ့ သာမန်အရပ်သားပြည်သူတစ်ဦးသာဖြစ်တယ်လို့ သိရပြီး ဖမ်းဆီးခံသွားရသူက မည်သူမည်ဝါဖြစ်တယ်ဆိုတာကို မသိရကြောင်းသူကဆက်ပြောပါတယ်။ ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ကျူးလွန်တဲအ့ဖွဲ့ကိုတိတိကျကျ မသိရပေမယ့် ဒေသတွင်းနေထိုင်တဲ့ပြည်သူတစ်ဦး သုံးသပ်ချက်အရ ဒီဖြစ်စဉ်ကိုကျူးလွန်သူတွေဟာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဖြစ်နိုင်တယ်လို့ ခုလိုသုံးသပ်ထားပါတယ်။ “ခုဖြစ်တဲ့နေရာက မရှိီကထောင်ကြိုးတံတား မရှိီကထောင်နဲ့ငှက်ပျောတောရပ်ကွက်ကိုချိတ်ထားတာ ငှက်ပျောတောဘက်ခြမ်းမှာက ဘန်ကာတွေ၊သဲအိတ်တွေချပြီးထိုင်ထားတာဖြစ်တဲ့အတွက် အဲနားကို တော်လှန်ရေးတပ်ဖွဲ့တွေကလည်းသွားပြီး မစ်ရှင်လုပ်မှာမဟုတ်ဘူး အဲကြောင့် အဲမစ်ရှင်ကိုလုပ်တာက စစ်တပ်ဘက်က သူတို့ဟာသူတို့ အချက်လက်မှားနဲ့ဘယ်လိုဖြစ်သွားလဲ မသိဘူး။ သေဆုံးတာကလည်း ပြည်သူ၊ ဖမ်းခံရတာလည်းပြည်သူပဲ။ဒါပေမယ့် ဖမ်းခံသွားရတဲ့သူက ဘယ်သူဘယ်ဝါလဲဆိုတာလည်း မသိရဘူး”ဖားကန့်မြို့မှာနေထိုင်တဲ့အမျိုးသားတစ်ဦးက သုံးသပ်ပါတယ်။ ဖားကန့်မြို့မရှိီကထောင်ရပ်ကွက်မှာ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ဩဂုတ်လ ၃၀ ရက် ကျောက် စိမ်းသူစားသောက်ဆိုင်တွင် မွေးနေ့ပွဲလုပ်နေတဲ့ လူငယ် ၁၀ ဦး၊  ဩဂုတ်လ ၂၉ ရက်နေ့ ကျေက်စိမ်းတောင်တံတားထိပ်မှာ လူငယ် ၁၅ ဦး၊အလားတူ စက်တင်ဘာလမှာ အသက် ၃၀ အရွယ်အမျိုးသားတစ်ဦး ပစ်သတ်ခံရပြီး မြို့ခံ လူငယ် ၄၀ ခန့်ကို စစ်တပ်က ဖမ်းဆီးသွားတဲ့ဖြစ်စဉ်ရှိခဲ့ပါတယ်။ ဒါ့အပြင် ဖားကန့်မြို့မှာ လတ်တလော စစ်တပ်က ရွှေးကောက်ပွဲအပိုင်း (၃) ကျင်းပဖို့အတွက် မြို့ပေါ် ရပ်ကွက် (၅)ခုမှာ မဲရုံထောင်ဖို့ပြင်ဆင်နေပြီး လတ်တလော မြို့တွင်း စာသင်ကျောင်းတွေမှာလုံခြုံရေအပြည့် ချထားသလို မြို့တွင်းအဝင်ထွက် လည်း စစ်ဆေးတာတွေရှိနေတယ်လို့ ဖားကန့်ပြည်သူတွေပြောပါတယ်။ ကျောက်စိမ်းထွက်ရှိရာ ဖားကန့်ဒေသဟာ လူဦးရေပေါများသလို မကြာခဏဆိုသလို ပိုင်ရပစ်သတ်ခံရတဲ့ဖြစ်စဉ်တွေရှိပေမယ့် ၂၀၂၆ ခုနှစ်မှာတော့ ဒီဖြစ်စဉ်ဟာ ပထမဆုံး ဖြစ်စဉ်လို့ သိရပါတယ်။ By – Zami

    Read More »
  • Dec- 2025 -
    12 December
    သတင်း

    ရှမ်းနီပြည်သူ့စစ်ဂိတ် ၃ ခု အခွန်အဆမတန်ကောက်နေလို့ ဆိုင်ကယ်ကယ်ရီသမားမျာအခက်တွေ့

    ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်ထဲက ရှမ်းနီပြည်သူ့စစ်ဂိတ် ၃ ခုမှာ အခွန်အဆမတန်ကောက်နေတဲ့အတွက် ဆိုင်ကယ်နဲ့စျေးရောင်းပြီးလုပ်ကိုင်စားသောက်နေတဲ့ ဆိုင်ကယ်၊ ကယ်ရီသမားတွေ ပိုခက်ခဲလာတယ်လို့ ဒေသခံတွေပြောပါတယ်။ မိုးညှင်းမြို့ကနေ တနိုင်းရွေမှော်ဒေသဘက် လက်နက်ကိုင်တပ်တွေဂိတ် စုစုပေါင်း ၂၂ ခုထက်မနည်းရှိတဲ့ထဲက မိုးညှင်းခရိုင်ထဲက ပြည်သူ့စစ်ဂိတ် ၃ ခုအဆိုးဆုံးဖြစ်တယ်လို့ ဆိုင်ကယ် ကယ်ရီသမားတွေ ပြောပါတယ်။ “ကျန်တဲ့ဂိတ်တွေကညှိလို့ရတယ် တစ်ချို့ဂိတ်ဆိုရင် စေတနာရှိသလောက်ပဲပေးဆိုတဲ့ဂိတ်ရှိတယ်။ ခုပြောတဲ့ ရှမ်းနီဂိတ်တွေကဘယ်လိုမှညှိမရဘူး။အရင်က ဆိုင်ကယ်တစ်စီးကို ၅၀၀၀ တောင်းရင် ခု အဲဒီ ၅၀၀၀ ပေးရတဲ့ဂိတ်က ၂၀၀၀၀ လောက်ဖြစ်နေပြီ။ ၅၀၀၀ ပေးရတဲ့ဂိတ်မရှိတော့ဘူး”လို့ ပြောပါတယ်။ လမ်းပိုင်းဖြတ်သန်းသွားလာခွင့် အခွန်အများဆုံးတောင်းတဲ့ ဂိတ်တွေဟာ ဆားမှော်ကျေးရွာအနီး ပြွန်သုံးလုံးရွာအနီးကဂိတ်၊ ပင်းဘောဂိတ်၊ မိုးကောင်းမြို့အနီးဂိတ်တွေက အဆိုးဆုံးဖြစ်တယ်လို့ သိရပါတယ်။ ဒီဂိတ်တွေမှာ ယခင်က ကြက်တင်ထားတဲ့ ဆိုင်ကယ်တစ်စီးကို ၂၀၀၀၀ (နှစ်သောင်း)၊ယခု ၃၀၀၀၀ (သုံးသောင်း)၊ စက်သုံးဆီတင်ထားတဲ့ဆိုင်ကယ် ယခင် ၄၀၀၀၀ (လေးသောင်း) ယခု ၅၀၀၀၀ (ငါးသောင်း)တောင်းနေတဲ့တွက် အရင်းပြုတ်သွားတဲ့သူတွေလည်းရှိနေတယ်လို့ သိရပါတယ်။ စစ်တပ်အာဏာသိမ်းပြီးနောက် တနိုင်ငံလုံးအတိုင်းတာနဲ့ ငွေကြေးဖောင်းပွမှုနဲ့အတူ ကုန်စျေးနှုန်းမြင့်တက်မှုကြုံနေရပေမယ့် ကချင်ဒေသမှာတော့ ကုန်စျေးနှုန်းမြင့်တက်မှုတွေက ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်ဆို ဥပမာ– ကြက်ဥတစ်လုံး တစ်ထောင်ကျပ်အထိ စံချိန်တင်မြင့်တက်ခဲ့ပါတယ်။ ဒါ့အပြင် စစ်ရေး၊နိုင်ငံရေးကြောင့် ကချင်ဒေသမှာ ၂၀၂၅ နှစ်ဆန်းပိုင်းအထိ  စစ်ရှောင်အရေအတွက် ၈ သောင်းကျော် ထပ်တိုးလာတယ်လို့ ကုလသမ္မဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး(UNHCR )ကထုတ်ပြန်ထားပါတယ်။  စစ်ရှောင်ကာလကြာမြင့်လာတာနဲ့အမျှ အဖက်ဖက်ကနေခက်ခဲကြပ်တည်းလာတဲ့ပြည်သူတွေဟာ မိမိတတ်နိုင်တဲ့နည်းလမ်းနဲ့ဝမ်းရေးအတွက်ဖြေရှင်းကြရင်း ၂၀၂၂ ခုနှစ်နောက်ပိုင်း အခြေခံစားသောက်ကုန်အပြင် စက်သုံးဆီတွေကို  ဆိုင်ကယ်နဲ့တင်ပို့ရောင်းချပြီး မိသားစုဝမ်းရေးအတွက်လုပ်ကိုင်ကြတဲ့ ဆိုင်ကယ်သမားတွေအင်မတန်များလာတယ်လို့လည်း မိုးညှင်းမြို့ခံတစ်ဦး ခုလိုပြောပါတယ်။ “အရင်ကတော့ ကားတွေလွှတ်လွှတ်လပ်လပ်သွားလို့ရတယ်လေ။ ခုက လုံခြုံရေးကြောင့်လည်း ပါတယ်။ အဲတော့ ပြည်သူတွေကဘာလုပ်လာသလဲဆိုရင်တပိုင်တနိုင်ပုံစံနဲ့ ဆိုင်ကယ်လေးနဲ့ စားသောက်ကုန်တွေရွှေမှော်ဘက်သွားရောင်းတဲ့သူတွေများလာတယ်။ အဓိကတော့ စားဝတ်နေရေးဖြေရှင်းဖို့နည်းလမ်းရှာလာဲကြရင်း ခုနောက်ပိုင်းကယ်ရီခေတ်လိုဖြစ်လာနေတာ။ ဒါကိုအခွင့်ကောင်းယူပြီး ဂိတ်တွေကမညှာမတာကောက်နေကြတယ် မြင်မကောင်းဘူး”လို့ ပြောပါတယ်။ ဆိုက်ကယ် ကယ်ရီးသမားတွေဟာ အဓိကအားဖြင့် စက်သုံးဆီ၊ စားသုံးဆီအပြင် ဝက်၊ကြက်အခြေခံစားသောက်ကုန်တွေကို မြို့ထဲကနေ ရွှေမှော်ဒေသဘက်သွားရောင်းကာ မိသားစုစားဝတ်နေရေးဖြေရှင်းနေရပေမယ့် ခုနောက်ပိုင်း ရှမ်းနီးပြည်သူ့စစ်ဂိတ်တွေရဲ့ အခွန်မတရားကောက်ခံမှုတွေကြောင့် ရပ်နားလိုက်ရသူတွေလည်းရှိတယ်လို့ နောက်ထပ်ကယ်ရီသမားတစ်ဦး KNG ကို ပြောပါတယ်။ “ခုလိုပြောရတာ တကယ်တမ်းဆိုရင်မပြောချင်ဘူး ဒါပေမယ့် ကျနော်တို့ခံစားရတာကြာပြီ  လူတိုင်းကစီးပွားရေးကြီးလုပ်ချင်တာမဟုတ်ဘူး နိုင်ငံရေးကမကောင်းတဲ့ချိန်မှာ စားဝတ်နေရေးဖြေရှင်းဖို့လုပ်နေကြတာ။ ကျနော်တို့လည်း ဘာမှမကျန်ပါဘူး မလုပ်မနေရမို့သာလုပ်နေတာပါ”လို့် ဆိုင်ကယ်ကယ်ရိီသမားတစ်ဦးကပြောပါတယ်။ ဒါကြောင့် သက်ဆိုင်တဲ့ လက်နက်ကိုင်တပ်တွေ အထူးသဖြင့် ရှမ်းနီပြည်သူ့စစ်တပ်တွေအနေနဲ့ ဆိုင်ကယ် ကယ်ရီသမားတွေကို အခွန်လျော့ကောက်ပေးဖို့ တောင်းဆိုနေကြပါတယ်။ ခရိုင် ၄ ခု၊မြို့နယ် ၁၈ မြို့နယ်နဲ့ဖွဲ့စည်းထားတဲ့ ကချင်ပြည်နယ်ဟာ လူဦးရေ တစ်သန်းကျော်ရှိပြီး အာဏာသိမ်းပြီးနောက် နေ့စဉ်စစ်ရှောင်ထပ်တိုးလာတဲ့ပြည်နယ်တစ်ခုလည်းဖြစ်ပါတယ်။ By – Zami

    Read More »
Back to top button