ဖားကန့် မြို့ပေါ် (၅) ရပ်ကွက်နဲ့ ဆယ်ဇင်းကျေးရွာတစ်ခုလုံးရေဘေးဒဏ်ကြုံတွေ့နေရ

ဖားကန့် ဥရုချောင်းရေကြီးနေတာကြောင့် မြို့ပေါ်ရပ်ကွက် ()ခုစလုံးမှာ ရေဝင်ရောက်ခဲ့ပြီး ပြည်သူတွေအများပိုင်းရေဘေးကြုံတွေ့နေရသလို နေအိမ်မြေပြိုကျပြီး ပျောက်ဆုံးနေတဲ့ပြည်သူတွေလည်းရှိနေတယ်လို့ သိရပါတယ်။

အေးမြသာယာ၊ ငှက်ပျောတော၊ မြို့မကျောက်ဝိုင်း၊ မှော်ဝမ်းနဲ့ မရှီကထောင် စတဲ့ မြို့ပေါ်ရပ်ကွက်တွေမှာ ဇွန်လ ၂၁ ရက်နေ့ မနက်အစောပိုင်းကနေ ရေစတင်ဝင်ရောက်ခဲ့ပြီး ပြည်သူတွေ ဒီကနေ့အထိ ရေဘေးကြုံတွေ့နေရပါတယ်။

ဖားကန့်မြို့ပေါ်ရပ်ကွက်ထဲ ရေကြီးရေလျှံဖြစ်တဲ့ဖြစ်စဉ်မှာ အေးမြသာယာရပ်ကွက်ထဲ မြေပြိုကျမှုဖြစ်ပြီး နေအိမ်တစ်လုံးမြေပိကာ အမျိုးသားတစ်ဦးပျောက်ဆုံးနေဆဲဖြစ်တယ်လို့ ဖားကန့်ဒေသခံအမျိုးသားတစ်ဦး KNG ကိုပြောပါတယ်။

မနေ့က အေးမြသာယာရပ်ကွက်ထဲမှာ ရေကြီးလာတော့ အနောက်ကတောင်ကုန်းပြိုပြီး နေအိမ်တစ်လုံးဝင်ပိသွားတယ်။ အဲ့ဒီအိမ်မှာနေတဲ့ အသက် ၅၀ အရွယ်အမျိုးသားတစ်ဦး ပျောက်ဆုံးနေတယ်။ အနောက်ဖက်ကိုသွားရင် မြေပြိုတဲ့အထဲကိုပါသွားသလားဆိုပြီး ရှာဖွေရေးတွေတော့လုပ်နေကြတယ်။ လောလောဆယ်က မြေဖော်ဖို့ဆိုရင်လည်း အခက်အခဲဖြစ်နေတယ်လို့ပြောပါတယ်။

လက်ရှိမှာ မြို့ပေါ် လူနေထူထပ်တဲ့ ရပ်ကွက်()ခုစလုံးမှာ ပေအမြင့် ရေဝင်ရောက်နေတဲ့အတွက် ရပ်ကွက်တစ်ခုနဲ့ တစ်ခုသွားလာဖို့တောင် အခက်ခဲဖြစ်နေကြတယ်လို့ သိရပါတယ်။

ရေကြီးမှုကြောင့် ရေဘေးဒဏ်ကို ကြုံတွေ့နေရတဲ့ ပြည်သူအများပိုင်းက ရေလွတ်တဲ့ ကုန်းပိုင်းနေရာက ဘာသာရေးကျောင်း၊ ဘုန်းကြီးကျောင်းနေရာတွေမှာ ယာယီတိမ်းရှောင်နေကြပြီး အရေးပေါ်အကူအညီတွေလည်း လိုအပ်နေတယ်လို့ ဆိုပါတယ်။

ဖားကန့်ဒေသထဲမှာ မိုးဆက်လက်ရွာသွန်းနေပြီး ဥချောင်းရေမြင့်တက်မှုဟာ ဆက်ပြီး မြင့်မားလာနိုင်တဲ့အတွက် ပြည်သူတွေဟာ စားဝတ်နေရေးခက်ခဲလာနိုင်တဲ့အခြေအနေမှာရှိနေတယ်လို့ ဖားကန့်ပြည်သူတွေပြောပါတယ်။

ရေဘေးကြုံတွေ့နေရတဲ့ပြည်သူတွေကို လက်ရှိမှာ လူမှုကူညီရေးအသင်းအဖွဲ့တွေက တစ်နေရာမှာချက်ပြုတ်ပြီး ရပ်ကွက်နေရာအလိုက် ထမင်းထုပ်တွေလိုက် လိုက်ဝေပေးခြင်းဖြင့် ပြည်သူတွေရဲ့ အခက်အခဲကို ရင်ဆိုင်ဖြေရှင်းပေးနေတယ်လို့ ဆက်သိရပါတယ်။

ယခုနှစ်မှာ ဥရုချေင်းရှင်းလင်းရေးလုပ်ဆောင်မှုအလွန်အားနည်းသွားတဲ့အတွက် ယခင်နှစ်တွေမှာ တစ်ခါမှ ရေဝင်ရောက်မှုမရှိခဲ့တဲ့ မြို့ပေါ်ရပ်ကွက်တစ်ချို့တွေမှာ ကျော်လွန်ပြီး ရေဝင်ရောက်မှုရှိခဲ့တယ်လို့ ဖားကန့်ပြည်သူတွေထောက်ပြပါတယ်။

PSA

ဒီနှစ်မှာ ဥရုချောင်းရှင်းလင်းရေးဆိုပြီး တစ်လလောက်တော့ လုပ်ကြပါတယ်။ ဒါပေမယ့် တိုက်ပွဲတွေဖြစ်တော့ မထိရောက်သလိုတော့ဖြစ်သွားတယ်။ ဥရုချောင်းရဲ့ အောက်ပိုင်း အဖျားပိုင်းလောက်ပဲ ရှင်းလင်းရေးလုပ်နိုင်တယ်။ အထက်ပိုင်းမှာတော့ လုံးဝမလုပ်နိုင်ခဲ့ဘူးတွေ့ရတယ်။ ကောင်းကောင်းမလုပ်နိုင်တဲ့ရလဒ်လို့ပဲမြင်ပါတယ်။ ပုံမှန်နှစ်တိုင်းရေဝင်နေကြဆိုပေမယ့် ဒီနှစ်က နည်းနည်းကြမ်းတယ် ပိုတိုးလာတဲ့အနေအထားပေါ့လို့အထက်ပါ အမျိုးသားကဆက်ဆိုထားပါတယ်။

ဥရုချောင်းရေကြီးပြီး နှစ်စဉ် မြို့ပေါ်ရပ်ကွက်တွေမှာ ရေဝင်ရောက်ပြီး ရေကြီးရေလျှံဖြစ်ခဲ့ပေမယ့် ယခုတစ်ခေါက် ရေဝင်ရောက်မှုမှာ ရေစီးပိုပြီး ကြမ်းတမ်းတာမြင်တွေ့ရတာဖြစ်တယ်လို့ ဆိုပါတယ်။

အခုလိုဖြစ်လာရတဲ့အခြေအနေမှာ ရေတိမ်ကောလာတဲ့ ဥရုချောင်းကို ချောင်းရှင်းလင်းရေး ထိထိရောက်ရောက် မလုပ်ဆောင်နိုင်တဲ့အတွက် ရေလမ်းကြောင်းတွေဟာ မြို့ပေါ်ရပ်ကွက်တွေဘက်ကို ပိုပြီးအားသာလာတာဖြစ်တယ်လို့ပြောပါတယ်။

ပြီးခဲ့တဲ့ မတ်လထဲမှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA က ဥရုချောင်းရှင်းလင်းရေးကော်မတီဖွဲ့စည်းပြီး ချောင်းရှင်းလင်းရေးတစ်လခန့်အကြာလုပ်ဆောင်ခဲ့ပါတယ်။

ဖားကန့်ဒေသမှာ နောက်ထပ် ကချင်လွတ်လပ်ရေးတပ်မတော် KIA သိမ်းပိုက်နယ်မြေဖြစ်တဲ့ ဆယ်ဇင်ကျေးရွာတစ်ခုလုံးလည်း ရေဘေးအန္တရာယ်ကြုံတွေနေတာ ၂ ပတ်ခန့်ကြာမြင့်လာပြီလို့ သိရပါတယ်။

ဆယ်ဇင်းကျေးရွာရှိ စျေးတန်းယားရပ်ကွက်တွေမှာ ပြီးခဲ့တဲ့ ဇွန်လ ၁၀ ရက်ကျော်ကတည်းက မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပြည်သူတွေဟာ အစားအသောက်ဝယ်ယူစားသောက်ဖို့ခက်ခဲနေကြတာဖြစ်ပါတယ်။

အခုက တစ်ရွာလုံးနီးပါးလောက် ရေဘေးကြုံနေကြတာ။ ရက်ပိုင်းအတွင်းမှာပဲ သွားလာလို့ရတဲ့နေရာတွေက အခုလုံးဝင်မရတော့ဘူး ရေပြည့်သွားပြီ။ ဆယ်ဇင်းရွာက ချောင်းဘေးမှာရှိတဲ့ ရွာဖြစ်တဲ့အတွက် တောင်ကုန်းမြင့်တဲ့နေရာတွေမှာဆိုရင် ရွှေတူးဖော်လိုက်ကြပြီ။ တစ်ချို့က မြေစာပုံတွေမှာပဲ အိမ်ဆောက်ပြီးနေကြတာရှိတယ်။ အဲ့တော့ အိမ်တွေတော်တော်များများက ရေဝပ်သွားတယ်။ တောင်ကုန်းမှာ ဆောက်ထားတဲ့ အိမ်တွေအနည်းအကျဉ်းလောက်ပဲလွတ်တယ်။ ပြောရရင် တစ်ရွာလုံးရေဘေးကြုံနေရတယ်လို့ ပြောလို့ရပါတယ်နောက်ထပ် ဆယ်ဇင်းဒေသခံအမျိုးသားတစ်ဦးကဆက်ဆိုပါတယ်။

လက်ရှိ ရေဘေးကြုံတွေ့နေရတဲ့ ပြည်သူတွေများပိုင်းက တောင်ကုန်းပေါ်နေရာနဲ့ ဘာသာရေးကျောင်းတွေမှာ ယာယီရွှေ့ပြောင်းနေထိုင်ကြပြီး တစ်နေ့ပြီးတစ်နေ့ ရေကျလာမှာကို စောင့်ဆိုင်းပြီး အခက်အခဲကို ကျော်ဖြတ်နေကြတယ်လို့ ဆိုပါတယ်။

ဆယ်ဇင်းကျေးရွာတစ်ခုလုံး ရေကြီးရေလျှံဖြစ်နေတဲ့အခြေအနေမှာ ဥရုချောင်း၊ မန်စိန်းနဲ့ နန့်ပုတ် စတဲ့ မြစ်ချောင်းကြီး ၃ခုစလုံးရဲ့ ဆုံစည်းတဲ့ ချောင်းရေတွေ ကျေးရွာထဲချောင်းရေဝင်ရောက်ပြီး ပြည်သူတွေ ရေဘေးအန္တရာယ်ကြုံတွေ့နေကြရတာဖြစ်ပါတယ်။

By – နော်ထွယ့်(ဟူးကောင့်)

Show More

Leave a Reply

Back to top button