ချိီဖွေမြို့အနီး မြေရှားတူးဖော်လာမှုအပေါ် ဒေသခံတွေကန့်ကွက်
ကချင်ပြည်နယ် ချီဖွေမြို့နဲ့ နီးကပ်စွာ မြေရှားသတ္တုတူးဖော်ဖို့ သတ္တုဆိုက်တွေ ဝင်ရောက်လာနေတာကြောင့် ကျေးရွာတချို့မှာ ဒေသခံတွေ ကန့်ကွက်နေကြပါတယ်။
ချီဖွေမြို့မှ ၄ မိုင်အကွာ ဂျိတ်လွယ်ကျေးရွာအနီး ရှီးဇော်မှာ မြေရှားသတ္တုတူးဖော်ဖို့ တရုတ်လုပ်ငန်းရှင်နဲ့ ဒေသခံ ၂ ဦးပူးပေါင်းပြီး ရွာခံတွေသဘောမတူပေမယ့် အတင်းအဓမ္မလက်မှတ်ရေးထိုးခိုင်းတာတွေ လုပ်ဆောင်နေတာကြောင့် သက်ဆိုင်ရာတာဝန်ရှိသူတွေ တားမြစ်ပေးဖို့ ဒေသခံတွေတောင်းဆိုနေကြပါတယ်။
“ဂျိတ်လွယ်ရွာခံတွေက ရွာအနီးမှာ မြေရှားတူးဖို့ သဘောမတူဘူး။ အဲဒါကို ဒေသခံထဲကပဲ လူ ၂ ဦးက တရုတ်ဆီကနေလည်း ကြေးတွေယူစားထားလိုက်ပြီ။ ဒါကြောင့် တရုတ်တွေနဲ့ပေါင်းပြီး ရွာခံတွေကို လက်မှတ်တွေအတင်းထိုးခိုင်းနေတာ။ KIO ကတော့ ရွာခံတွေရဲ့ သဘောတူထောက်ခံစာ လက်မှတ်တွေယူလာရင်တော့ သတ္တုတူးခိုင်းမယ်၊ ရွာခံတွေကနေ မရရင်တော့ မတူးရဘူးဆိုတာတော့ပြောတယ်။ ဆိုတော့ သူတို့က ရွာခံတွေကို မရရအောင် နည်းအမျိုးမျိုးနဲ့ ခြိမ်းခြောက်ပြောဆို၊ စည်းရုံးပြီး သတ္တုတူးဖို့ ပြင်ဆင်နေတာ” လို့ ဂျိတ်လွယ်ရွာဒေသခံတစ်ဦးက ပြောပါတယ်။
ဂျိတ်လွယ်ကျေးရွာမှ ၂ မိုင်အကွာရှိ ရှီးဇော်ရွာဟောင်းကို သတ္တုတူးဖော်လိုက်ဖို့ ပြင်ဆင်နေကြတာလို့ ဆိုပါတယ်။
တရုတ်လုပ်ငန်းရှင်တွေက ဒေသခံ ၂ ဦးနဲ့ပူးပေါင်းပြီး ပြီးခဲ့တဲ့ ၂ ခန့်လောက်မှစတင်ကာ ရွာခံတွေဆီကနေ ထောက်ခံမှုလက်မှတ်တွေ ရဖို့ အတင်းအဓမ္မလုပ်ဆောင်ခိုင်းနေပြီး သတ္တုတူးဖော်ဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

ဒေသခံတွေ စစ်ရှောင်သွားခဲ့ကာ ပြောင်းရွှေ့သွားကြပြီဖြစ်တဲ့ ရှီးဇော်ရွာဟောင်းကို သတ္တုတူးဖော်ဖို့ ပြင်ဆင်နေတဲ့အပေါ် သဘောတူတဲ့ ရွာခံတစ်ဦးတစ်လေမှ ၎င်းတို့မိသားစုဆွေမျိုးတွေအချင်းချင်း လိုက်လံစည်းရုံးကာ သဘောတူလက်မှတ်တွေရယူနေတဲ့ အနေအထားဖြစ်တယ်လို့ ဒေသခံတွေက ပြောဆိုပါတယ်။

လက်ရှိ ဒေသခံတွေဆီကနေ ထောက်ခံမှု လက်မှတ်တွေရဖို့ တရုတ်လုပ်ငန်းရှင်တွေ စေခိုင်းထားတဲ့ ဒေသခံ ၂ ဦးကတော့ ရှီးဇော်ရွာခံတစ်ဦးဖြစ်သူ ဦးဇောင်းဒိုင် နဲ့ ဦးတိန့်ယိန်း တို့ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
“အိမ်ခြေ ၃၂ အိမ်မှာ ၃၀ လောက်က သဘောမတူဘူးလေ။ အဲဒါကို ဘာမှမသိနားမလည်တဲ့ရွာခံတွေကို အမျိုးမျိုးပြောဆိုခြိမ်းခြောက်ပြီး လက်မှတ်တွေထိုးခိုင်းတာ။ သတ္တုတူးဖော်တာကို ရအောင်လုပ်မှာဖြစ်လို့ မင်းတို့ သဘောတူတူ၊မတူတူ ဒါကတော့ တူးဖော်တော့မှာပဲ၊ ထိုးလိုက်ရင်တောင် အကျိုးခံစားခွင့်ရှိအုံးမယ်၊ မထိုးလိုက်ရင်တော့ ဘာမှရမှာမဟုတ်ဘူး။ သတ္တုဆိုက်လုပ်တဲ့အခါလည်း လက်မှတ်မထိုးတဲ့ မိသားစုဝင်တွေက နေ့စားလည်း သွားလုပ်ခွင့်ရမှာမဟုတ်ဘူး။ ထိုးရမယ် အဲလိုမျိုးတွေ ပြောဆိုပြီး လက်မှတ်တွေထိုးခိုင်းနေတာ။ အခုက သတ္တုဆိုက်လုပ်ဖို့ တဲတွေတောင်ဆောက်ထားပြီ။ ရွာခံတွေအားလုံး သဘောတူတယ်ဆိုတာနဲ့ သူတို့က လုပ်ဖို့ အဆင်သင့်ပေါ့။” လို့ ဂျိတ်လွယ်ဒေသခံက ဆက်ပြောပါတယ်။
ဂျိတ်လွယ်ကျေးရွာဟာ နေရပ်ပြန်ထူးထောင်နေဆဲကျေးရွာတစ်ခုပြီး အိမ်ခြေ ၃၄ အိမ်သာရှိပါတယ်။ အဲဒီကျေးရွာအနီးပတ်ဝန်းကျင်မှာ မြေရှားသတ္တုတူးဖော်မှုတွေရောက်ရှိလာပါက ကျေးရွာအတွင်း သောက်သုံးရေအပြင်၊ စားကျက်မြေများ၊ စိုက်ပျိုးရေးမြေယာများ ထိခိုက်ဆုံးရှုံးကုန်မှာကို ဒေသခံတွေ စိုးရိမ်နေကြပါတယ်။
လက်ရှိထိ ချီဖွေမြို့အနီးပတ်ဝန်းကျင်မှကျေးရွာနေပြည်သူတွေဟာ တောင်ကျချောင်းရေတွေကိုသာ အဓိက သောက်သုံးနေကြရဆဲဖြစ်ပြီး စိုက်ပျိုးမွေးမြူရေးကိုပဲ အဓိက အားထားနေရဆဲဖြစ်ပါတယ်။
ဒါကြောင့် လူနေထိုင်တဲ့ကျေးရွာပတ်ဝန်းကျင်မှာ မြေရှားသတ္တုတူးဖော်မှုတွေကို တားမြစ်ပေးဖို့ သက်ဆိုင်ရာအာဏာပိုင် KIO အစိုးရဆီကို ဂျိတ်လွယ်ဒေသခံတွေက ပြီးခဲ့တဲ့ဧပြီလက စာနဲ့တင်လျှောက် တောင်းဆိုထားတယ်လို့ ဆက်လက်သိရပါတယ်။
ချီဖွေမြို့အနီးပတ်ဝန်းကျင်မှာ မြေရှားသတ္တုတူးဖော်ဖို့ လုပ်ဆောင်လာတဲ့ လုပ်ငန်းတွေနဲ့ပတ်သက်ပြီး ချီဖွေဒေသ တာဝန်ရှိသူ KIO အစိုးရတွေထံ KNG မှဆက်သွယ်မေးမြန်းခဲ့ရာမှာ ဒေသခံတွေကန့်ကွက်တဲ့နေရာတွေမှာ သတ္တုတူးဖော်ခွင့်မပြုကြောင်း တုံ့ပြန်ပြောဆိုထားပါတယ်။
“ဒေသခံတွေ ပြည်သူတွေရဲ့ သဘောတူညီချက်မရတဲ့ နေရာတွေမှာတော့ ကျနော်တို့အစိုးရအနေနဲ့လည်း မလုပ်ဆောင်ပါ။ မြေပြင်မှာ ဒေသခံတွေရဲ့ သဘောတူညီချက်ရတဲ့ နေရာတွေကိုမှ အစိုးရမှ အဆင့်အဆင့်လျှောက်ပြီး လုပ်ဆောင်ခိုင်းတာရှိတယ်။ တစ်ခါတည်း ဗဟိုကနေ လုပ်ရမယ်၊တူးရမယ်ဆိုတာမျိုးတွေ မလုပ်ပါဘူး။ ဒီချီဖွေမှာက ဒေသခံတွေ သဘောမတူပဲ အတင်းအဓမ္မလုပ်ဆောင်နေတာမျိုး မရှိပါဘူး။ ဒီမှာက KIO ဟာမြေပြင်ကို အရင်လေ့လာတယ်။ ဒေသခံတွေရဲ့ သဘောမတူပဲ ဒေသတွင်းပဋိပက္ခတွေရှိမရှိဆိုတာတွေကို အရင်စီစစ်ပြီးမှ ပြဿနာမရှိဘူးဆိုတဲ့ နေရာတွေကိုပဲ အဓိက ဖွင့်လှစ်ပေးတာတွေရှိတယ်။” လို့ ချီဖွေဒေသတာဝန်ရှိသူ KIO အရာရှိတစ်ဦးက KNG သတင်းဌာနကို ပြောပါတယ်။
လက်ရှိ ချီဖွေမြို့နဲ့ နီးကပ်စွာတည်ရှိနေသောနေရာ ဂျိတ်လွယ်ရွာအပြင် အခြားရွာတွေမှာလည်း မြေရှားသတ္တုတူးဖော်ရေးလုပ်ငန်းဆိုက်တွေ ဝင်ရောက်လာနေတာတွေရှိတယ်လို့ ဆက်လက်သိရပါတယ်။
ချီဖွေမြို့အနီး ရိတ်ဘန်းရွာ၊ နဘုတ်ရွာတွေမှာလည်း သတ္တုတူးဖော်ဖို့ ပြင်ဆင်နေပြီး မြေရှားသတ္တုတူးဖော်မှုတွေဟာ ပိုပိုပြီး မြို့နဲ့နီးကပ်လာနေတာဖြစ်တယ်လို့ဒေသခံတွေက ပြောပါတယ်။
ချီဖွေဒေသခံတွေဟာ အခုလိုမျိုး မြေရှားလုပ်ကွက်တွေ မြို့၊ရွာတွေနဲ့ နီးကပ်စွာ ကျယ်ပြန့်လာမှုတွေကို သဘောမတူပဲ ကန့်ကွက်လိုပေမယ့် ကန့်ကွက်အသံထွက်တဲ့သူတွေဟာ လုံခြုံရေးအတွက် စိုးရိမ်မှုတွေ များစွာရင်ဆိုင်ရတာကြောင့် ကန့်ကွက်နိုင်ဖို့လည်း ခက်ခဲကြတယ်လို့ ပြောဆိုကြပါတယ်။
ချီဖွေခရိုင်မှာ မြေရှားသတ္တုတူးဖော်ရေးလုပ်ငန်းဆိုက်တွေဟာ ပန်ဝါဒေသ တရုတ်နယ်စပ်နယ်မြေတစ်ကြောမှာ အများဆုံးဖြစ်ပြီး ချီဖွေမြို့ နဲ့ အလှမ်းဝေးတဲ့ တောင်းတန်းတွေမှာ တူးဖော်မှုတွေရှိခဲ့ရာကနေ လက်ရှိမှာတော့ ချီဖွေမြို့နဲ့ နီးကပ်လာနေတာလည်း ဖြစ်ပါတယ်။
By – ဂျာဘောက်ရာ




