ခေါင်လန်ဖူး-ပူတာအိုလမ်းပိုင်းမှာ ဂိတ် ၅ ခုထိရှိလာ

ကချင်ပြည်််နယ် ပူတာအိုခရိုင်ထဲက နောင်မွန်ခေါင်လန်ဖူး ကားလမ်းပိုင်းမှာ စစ်တပ်နဲ့ ဌာနေပြည်သူ့စစ်တပ်ဖွဲ့တွေရဲ့ အကောက်အခွန် ဂိတ်တွေ ၅ ခုအထိရှိလာတဲ့အတွက် ခေါင်လန်ဖူးဒေသဘက် ကုန်စျေးနှုန်းအဆမတန်မြင့်တက်နေတယ်လို့သိရပါတယ်။

စစ်တပ်အာဏာမသိမ်းမှီ ပူတာအိုခေါင်လန်ဖူးလမ်းပိုင်းမှာ အကောက်အခွန်ဂိတ်တွေမရှိခဲ့ပေမယ့် စစ်အာဏာသိမ်းနောက်ပိုင်း အကောက်အခွန်ဂိတ်တွေတစ်ခုပြီးတစ်ခုတိုးလာရာ လက်ရှိမှာ ၅ ခုအထိရှိလာနေပြီလို့ ဒေသခံတစ်ဦး  KNG ကိုပြောပါတယ်။

အရင်က ဒီလမ်းပိုင်းမှာ ဘာဂိတ်မှမရှိဘူး တစ်ပြားတကျပ်မှမကုန်ပဲနဲ့ခေါင်လန်ဖူးရောက်တယ် အခုအာဏာသိမ်းလိုက်တဲ့နောက်ပိုင်း ဒီ ၅ နှစ်ထဲမှာမှဂိတ်တစ်ခုပြီးတစ်ခုတိုးလာတာ အခုဆို၅ ဂိတ်တောင်ရှိလာပြီ ဂိတ်တိုင်းမှ ကားအစ ၊ဆိုင်ကယ်ကအစအခွန်ဆောင်ရတယ်”လို့ သူကပြောပါတယ်။

ဒေသခံတွေပြောပြချက်အရ နောင်မွန်ခေါင်လန်ဖူးလမ်းပိုင်းဟာ စစ်တပ်အာဏာမသိမ်းမှီ အကောက်အခွန်ဂိတ်ထိုင်ထားတာမရှိခဲ့ပေမယ့် ယခုနောက်ပိုင်း ပူတာအိုမြို့အထွက်က ဦးတန်ဂူးတန်ဦးဆောင်တဲ့ပြည်သူ့စစ်ဂိတ်၊ ပူတာအိုမြို့နဲ့ ၅၄ မိုင်အကွာမှာရှိတဲ့ စစ်ကောင်စီတပ်ရဲ့ မဂွေဇဂိတ်၊ မေခမြစ်ကူးတံတားအနီးက ခေါင်လန်ဖူးဌာနေပြည်သူ့စစ်နဲ့ စစ်ကောင်စီတပ်တွေပူးပေါင်းထိုင်ထားတဲ့ ရီဒမ်းဂိတ်နဲ့ ခေါင်လန်ဖူးမြို့အဝင်နားက စစ်ကောင်စီဂိတ်တစ်ခုနဲ့ ပြည်သူ့စစ်ဂိတ်တစ်ခုအပါစုစုပေါင်းဂိတ် ၅ ခုအထိထိုင်ထားကြောင်းသိရပါတယ်။

ပူတာအိုမြို့အထွက်ထဲက ဂျူဗလီရပ်ကွက်မှာထိုင်ထားတဲ့တန်ဂူးတန် ဂိတ်မှာလည်းကောက်တယ် အဲ့မှာကကားကော ဆိုင်ကယ်ကယ်ရီသမားတွေကိုကောကောက်တယ်၊နောက်ပြီး မဂွေဇ၊ရီဒမ်းအကုန်ကောက်တယ် ဆိုင်ကယ်တစ်စီး တစ်သောင်းခွဲ ကောက်တယ် ကားကတော့အခုကုန်ကားကြီးတွေမသွားဘူး ဟိုတလောအထိဖောဝီး (Four Wheel)တွေဆွဲတယ် ဖောဝီတစ်စီးက ကုန်တင်ထားရင် ခေါင်လန်ဖူးအရောက် လေး၊ငါး၊ရှစ်သိန်းလောက်ကုန်တယ် ဆန်နဲ့ဆီ(စက်သုံးဆီ)တင်ထားရင် အရမ်းတောင်းတယ်လို့ နောက်ထပ် ဒေသခံအမျိုးသားတစ်ဦး ပြောပါတယ်။

ခေါင်လန်ဖူးပူတာအိုကားလမ်းပိုင်းမှာ အခုလို အကောက်အခွန်ဂိတ်တွေများလာတဲ့အတွက် ခေါင်လန်ဖူးဘက်မှာတော့ ဆန်စျေး၊စက်သုံးဆီစျေးနဲ့အခြေခံစားသောက်ကုန်စျေးတွေဟာ တစ်နှစ်ထက်တစ်နှစ်ပိုမိုမြင့်တက်လာနေတယ်လို့သိရပါတယ်။

လမ်းမှာအကောက်အခွန်များတော့ ဒီရောက်ရင်ပူတာအိုမှာ လက်ကားစျေး တစ်သိန်းသုံးသောင်းနဲ့ယူတဲ့ဟာက ဒီရောက်ရင်တော့ နှစ်သိန်းရှစ်သောင်း၊ သုံးသိန်းထိပေးဝယ်ရတယ် ဆန်တစ်အိတ်က အစိုးရဝန်ထမ်းတစ်ယောက်ရဲ့တစ်လစာပဲရှိတယ် ဆန်တစ်အိတ်ကို တချို့ဂိတ်မှာ ငါးထောင်၊တစ်ချို့ဂိတ်မှာတစ်သောင်းယူတယ်တဲ့ ဒီအရောက်တန်ဆာခနဲ့ဆိုတော့အဲ့လောက်တော့ရောင်းကြမှာပဲလို့ဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။

ဒါ့အပြင် ခေါင်လန်ဖူးဌာနပြည်သူ့စစ်တပ်ဖွဲ့ဟာ ခေါင်လန်ဖူးမှာကားဂိတ်ဖွင့်ထားပြီး ပူတာအို၊မြစ်ကြီးနားဘက်ကနေ ဝင်လာတဲ့ကုန်စည်တွေထိန်းချုပ်ထားတယ်လို့သိရပါတယ်။

PSA

ခေါင်လန်ဖူးမှာက တခြားမြို့မှာလို့ လုပ်ငန်းရှင်တွေဖွင့်ထားတဲ့ကားဂိတ်မရှိဘူး ပြည်သူ့စစ်က ဖွဲ့ထားတဲ့ကားဂိတ်ပဲရှိတယ် ကားတွေက သူတို့ဂိတ်မှာဝင်ရတယ်လို့ ကုန်ရောင်းဝယ်လုပ်တဲ့ပြည်သူတစ်ဦး ပြောပါတယ်။

အထက်မှာဖော်ပြခဲ့တဲ့ဂိတ်တွေထဲက မဂွေဇ၊ရီဒမ်းနဲ့ ခေါင်လန်ဖူးမြို့အဝင်က အကောက်အခွန်ဂိတ်တွေဟာ ပြီးခဲ့တဲ့ ၂၀၂၃ ၊၂၀၂၄ ခုနှစ်ကတည်းက ထိုင်ထားတာလို့သိရပြီး ပူတာအိုမြို့အထွက်က ပြည်သူ့စစ်ဂိတ်မှာ ကတော့ ၂၀၂၅ ခုနှစ် နှစ်ဆန်းပိုင်းမှထိုင်ထားတာလို့သိရပါတယ်။

အလားတူ ပူတာအိုမြစ်ကြီးနားကားလမ်းပိုင်းမှာလည်း စစ်ကောင်စီတပ်နဲ့ တန်ဂူးတန်ပြည်သူ့စစ်ဂိတ်တွေ ၈ ခုထက်မနည်းထိုင်ထားပြီး ဂိတ်တွေအားလုံးကို အခွန်ဆောင်နေရကြောင်းသိရပါတယ်။

အိမ်ခြေ ၃၀၀ ကျော်ရှိတဲ့ ခေါင်လန်ဖူးမြို့ဟာမြန်မာနိုင်ငံထဲက ဝေလံခေါင်ဖျားမြို့တစ်မြို့ဖြစ်ပြီး လမ်းပမ်းဆက်သွယ်ရေး အင်မတန်ခက်ခဲတဲ့မြိုတစ်ခုဖြစ်ပါတယ်။

By – Zaw Zaw

Show More

Leave a Reply

Back to top button