စနစ်တကျထိန်းကျောင်းနိုင်ခြင်းမရှိတဲ့ ကျွှဲ၊ နွားတွေကို ပစ်သတ် အရေးယူနေတဲ့အပေါ် ဝေဖန်ပြောဆိုနေ

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် ဝါးရှောင်ကျေးရွာတဝိုက်မှာ စနစ်တကျထိန်းကျောင်းခြင်းမရှိတဲ့ ကျွှဲနွားတွေကို ပစ်သတ်လိုက်တဲ့ ဖြစ်စဉ်တွေကြောင့်  ဒေသခံပြည်သူတွေကြား ဝေဖန်ပြောဆိုမှုတွေရှိနေကြောင်းသိရပါတယ်။

ကချင်လွတ်လပ်ရေးအဖွဲ့ KIO ရဲ့ အုပ်ချုပ်ရေးအောက်မှာသွားနေတဲ့ ဝါးရှောင်နဲ့ မံဝိန်းကျေးရွာတွေမှာ အိမ်မွေတိရစ္ဆာန်ဖြစ်တဲ့ ကျွှဲ၊ နွားတွေကို စနစ်တကျထိန်းကျောင်းဖို့ KIO မြို့နယ်အဆင့် အုပ်ချုပ်ရေးအဖွဲ့က သတိပေးထားတယ်လို့သိရပါတယ်။

အခုလို သတိပေးပြီးနောက် မေလနဲ့ ဇွန်လတွေထဲမှာ ထိန်းကျောင်းခြင်းမရှိပဲ ကျေးရွာအတွင်း အုပ်လိုက်လမ်းမကြီးပေါ်တွေမှာ ပိတ်ဆို့သွားလာနေတဲ့ ကျွဲ၊ နွားတွေကို တိုက်နယ်က ဖမ်းဆီးအရေးယူတဲ့အပြင် ပစ်သတ်လိုက်တဲ့ဖြစ်စဉ်တွေ ခပ်စိပ်စိပ်ဖြစ်နေတယ်လို့ ဒေသခံတွေပြောပါတယ်။

ဝါးရှောင်ကျေးရွာမှာက တခြားကျေးရွာတွေနဲ့ မတူဘူး ကျွှဲ၊နွားတွေတအားများတယ်။ ဒီတိုင်းလွတ်ထားကြတော့ လမ်းမပေါ်တွေမှာ အုပ်လိုက်လိုက်သွားလာနေတာဟုတ်တယ်။ မောင်းထုတ်ရင်လည်း မသွားဘူး တစ်ခါတစ်လေကျရင် သွားရလာရအခက်အခဲတွေဖြစ်တယ်။ ဒါကြောင့် အုပ်ချုပ်ရေးအဖွဲ့က မိမိရဲ့ ကျွဲ၊နွားတွေကို ထိန်းသိမ်းစောင့်ရှောက်ဖို့ဆိုပြီး ပြောဆိုထားပါတယ်။ ဒါပေမယ့် သေချာထိန်းသိမ်းသူကမရှိဘူး။ ဒါကြောင့်လည်း တိုက်နယ်ကနေ တဲဆောက်ပြီး ကျွဲ၊နွားတွေကိုဖမ်းဆီးပြီး ဒဏ်ရိုက်တာတွေလုပ်တယ်။ ဒါပေမယ့်တစ်ချို့က ပိုင်ရှင်မပေါ်ဘူး။ အဲ့ဒါကြောင့် နောက်ဆုံးပစ်သတ်လိုက်တဲ့အထိလုပ်လာတယ်လို့ကြားပါတယ်လို့ဝါးရှောင်ဒေသခံအမျိုးသားတစ်ဦးကပြောပါတယ်။

KIO အုပ်ချုပ်ရေးအဖွဲ့က သတိပေးထားတဲ့အပေါ် လိုက်နာခြင်းမရှိတဲ့အတွက် အရေးယူမှုတွေလုပ်နေတာဖြစ်တယ်လို့ ပြောဆိုတာဖြစ်ပါတယ်။

PSA

ဝါးရှောင်ကျေးရွာဟာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်မှာ KIA က ထိန်းချုပ်လိုက်တဲ့ကျေးရွာတစ်ခုဖြစ်ပြီး KIO အုပ်ချုပ်ရေးယန္တရားလည်ပတ်နေတဲ့ကျေးရွာတစ်ခုဖြစ်ပါတယ်။

ဝါးရှောင်ကျေးရွာထဲမှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိပေမယ် ထိစပ်ကျေးရွာတွေဖြစ်တဲ့ လမြန်၊ မုတ်ကျိတ်၊ ဝူယာန် စတဲ့ကျေးရွာတွေမှာ ထိတွေ့တိုက်ပွဲတွေမကြာခဏဖြစ်ပွားနေတာကြောင့် လုံခြုံရေးအရ စိုးရိမ်ရတဲ့ကျေးရွာတစ်ခုလည်းဖြစ်ပါတယ်။

ဒါကြောင့် ဝါးရှောင်ဒေသခံပြည်သူအများပိုင်းဟာ လက်ရှိ စစ်ရေးအရ စိုးရိမ်နေရတဲ့အခြေအနေမှာ မိမိရဲ့ အိမ်မွေးတိရစ္ဆာန်တွေကို စနစ်တကျထိန်းကျောင်းဖို့ အခက်အခဲဖြစ်နေပြီး ကျွဲ၊ နွားတွေကို ပစ်သတ်ပေးလိုက်တဲ့အခြေအနေအထိ အရေးယူဆောင်ရွက်နေတဲ့အပေါ်မှာ ဝေဖန်ပြောဆိုမှုများရှိနေတာဖြစ်ပါတယ်။

KIO ရဲ့ သတိပေးထားတဲ့အပေါ် လိုက်နာမှုမရှိဘူးဆိုပြီး နွားပစ်သတ်ခံလိုက်ရတဲ့ဝါးရှောင်ဒေသခံ အမျိုးသားတစ်ဦးက ကျနော်တို့ရဲ့ နွားတွေကို ပစ်သတ်လာတဲ့အပေါ်မှာ ရုံးထိသွားပြီး KIO ရဲ့ သတိပေးစာဖတ်ခိုင်းတယ်။ စာထဲမှာက အထက်အမိန့်ဆိုပြီးမှတော့ပြောတယ်။ ဒါပေမယ့် ပစ်သတ်မယ်ဆိုပြီးတော့ မပါဘူး။ ပြီးရင် ကျနော်တို့ဒေသက စစ်ရေးဖြစ်နေတဲ့ဒေသဖြစ်သလို တစ်ချို့က တိမ်းရှောင်နေကြတဲ့ကာလဖြစ်တယ်။ တစ်ချို့ကအိမ်မှာတောင်မရှိကြဘူး။ အခုချိန်မှာ ပြည်သူတွေက ခက်ခဲနေတဲ့အချိန်ဖြစ်တယ်။ ဒီချိန်မှာ သူတို့ဒီလိုမလုပ်သင့်ဘူး။ ဒီချိန်မှာ သူတို့လုပ်ရမှာက အချင်းချင်းစည်းလုံးမှုရှိလာအောင်ပိုလုပ်သင့်တဲ့အချိန်ဖြစ်တယ်လို့ပြောပါတယ်။

ဝါးရှောင်ဒေသခံပြည်သူတွေက ပြည်သူပိုင် ကျွဲ၊ နွားတွေကို တဲဆောက်ပြီး ဖမ်းဆီးအရေးယူဒဏ်ရိုက်တဲ့အပေါ်မှာ လက်ခံနိုင်ပေမယ့် ပစ်သတ်လိုက်တဲ့အထိတော့ လက်မခံနိုင်ကြောင်း ကန့်ကွက်ပြောဆိုတာဖြစ်ပါတယ်။

ဝိုင်းမော်မြို့နယ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်နဲ့ KIA တပ်တွေကြားတိုက်ပွဲပုံမှန်ဖြစ်ပွားနေတဲ့ ဒေသတစ်ခုဖြစ်ပြီး ပြည်သူတွေဟာ  မွေးမြူရေးနဲ့ စိုက်ပျိုးရေးလုပ်ငန်းတွေကို လုပ်ကိုင်လို့မရတော့ဘဲ စစ်ဘေးဒဏ်ကြုံတွေ့နေကြရတာဖြစ်ပါတယ်။

စစ်ရေးဖြစ်နေတဲ့ ကာလအတွင်း ပြည်သူတွေနေ့စဉ်လွတ်လပ်စွာ သွားလာဖို့ခက်ခဲနေတဲ့အချိန်မှာ မိမိရဲ့ အိမ်မွေးတိရစ္ဆာန်တွေကို စနစ်တကျထိန်းကျောင်းနိုင်ခြင်းမရှိဘဲ ယခုလိုကြုံတွေ့လာရခြင်းဖြစ်တယ်လို့ ဝိုင်းမော်ဒေသခံတွေပြောဆိုနေပါတယ်။

By – နော်ထွယ့်(ဟူးကောင့်)

Show More

Leave a Reply

Back to top button