မန္တလေးလမ်း
-
Nov- 2024 -6 Novemberသတင်း
အင်းတော်မြို့ပတ်လမ်း စစ်တပ်ကပြန်ပိတ်
မြစ်ကြီးနား – မန္တလေးလမ်းပိုင်းရှိ အင်းတော်မြို့မိန်းကားလမ်းမကြီး စစ်ရေးအခြေနေကြောင့်ပိတ်လိုက်တဲ့နောက် ခရီးသွားပြည်သူတွေဟာ အဓိကအသုံးပြုနေတဲ့မြို့ပတ်လမ်းကို စစ်တပ်ဘက်က နိုဝင်ဘာလ ၄ ရက်နေ့ကစပြီး ထပ်ပိတ်လိုက်တယ်လို့ အင်းတော်မြို့ဒေသခံတွေပြောပါတယ်။ “နိုဝင်ဘာ ၄ ရက်နေ့ ပြန်ပိတ်လိုက်တာ တပ်ဘက်ကပိတ်တာဗျ။ ဘာကြောင့်ဆိုဒီတိုင်းပဲရုတ်တရက်ပိတ်ချလိုက်တာ လောလောဆယ်နားစွင့်ရသလောက်အဲ့ဘက်မှာတိုက်ပွဲလည်းပြန်ဖြစ်လာတယ်”လို့ မြစ်ကြီးနား– မန္တလေးလမ်းပိုင်း ကားလိုင်းပြေးဆွဲနေတဲ့ အသက် ၄၀ ဝန်းကျင် ကားသမားတစ်ဦး ပြောပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ်လစပြီး စစ်တပ်နဲ့ ကာကွယ်ရေးတပ်တို့အကြား တိုက်ပွဲပြင်းထန်လာတာကြောင့် အင်းတော်မြို့နယ်ထဲရှိ မိန်းကားလမ်းမကြီးကို နှစ်ဖက်လက်နက်ကိုင်တပ်တွေ အသွားအလာပိတ်လိုက်တဲ့နောက် မြို့ပတ်လမ်းကိုအသုံးပြုနေတာ ခုဆိုရင် ၄ လဝန်းကျင်ကြာမြင့်လာပြီဖြစ်ပါတယ်။ ဒီလမ်းပိုင်းဟာ အညာဒေသဘက်ကနေ ကချင်ပြည်နယ်ဘက်ကို အခြေခံစားသောက်ကုန်၊လူသုံးကုန်တွေကို အဓိက သယ်ယူနေတဲ့ လမ်းကြောင်းဖြစ်ပါတယ်။ ဒါ့အပြင် စစ်တပ်ဘက်က ကားလမ်းပိုင်းပိတ်လိုက်ရတဲ့အကြောင်းအရင်းအသေးစိတ်မသိရပေမယ့် မြို့ပတ်လမ်းပိုင်းကို နိုဝင်ဘာ ၄ ရက်နေ့ကနေ နိုဝင်ဘာ ၁၈ ရက်နေ့ထိ (၁၅)ကြာပိတ်ထားမယ်လို့ သိရပါတယ်။ မြစ်ကြီးနား–မန္တလေးကားလမ်းပိုင်း အင်းတော်မြို့ရှောင်လမ်းကို စစ်ရေးအရ တစ်ရက်(သို့မဟုတ်) နှစ်ရက်ကြာပိတ်ထားတာမျိုးတော့မကြာခနရှိပေမယ့် အခုလိုရက်ရှည်ပိတ်တာမျိုးတော့မရှိဘူးလို့ မြစ်ကြီးနားမြို့ မြစ်ဖျားဧရာအဝေးပြေးကားဂိတ်မှတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ “ပိတ်တာတော့ပိတ်တယ်ပိတ်ပေမယ့် ကားတော့ဒီမနက်ထိထွက်သွားကြတယ် ခါတိုင်းလို တစ်ရက် နှစ်ရက်လောက်ပဲပိတ်မယ်ထင်တာပေါ့ လမ်းရောက်မှ ကြာမယ်လို့သိရတော့အခုလမ်းမှာပိတ်မိနေကြတယ်။ စောင့်နိုင်တဲ့လူကလမ်းမှာစောင့်တချို့လှည့်ပြန်တဲ့လူလည်းရှိမှာပဲ”လို့ သူကပြောပါတယ်။ မြစ်ကြီးနား–မန္တလေးမိန်းလမ်းမကြီးပိတ်ထားတာကြောင့် လက်ရှိ ကချင်ပြည်နယ်ထဲကို ကုန်စည်အဝင်မရှိတဲ့အပြင် ကားလမ်းပိတ်ထားတာအချိန်ကြာမြင့်သွားရင် ကုန်စည်ပြတ်လပ်မှုတွေဖြစ်လာမှာကို ဒေသခံတွေစိုးရိမ်နေကြတယ်လို့သိရပါတယ်။ မန္တလေး–မြစ်ကြီးနားကားလမ်းမကြီးကိုတော့ သြဂုတ်လကတည်းက အင်းတော်မြို့နယ်အတွင်းတိုက်ပွဲတွေကြောင့် နှစ်ဖက်အဖွဲ့အစည်းတွေကပိတ်လိုက်တာဖြစ်ပြီး ဒီကနေ့အထိစစ်ရေးတင်းမာနေဆဲ ဖြစ်တာကြောင့်ပြန်မဖွင့်နိုင်သေးတာဖြစ်ပါတယ်။ ခရိုင်လေးခု၊မြို့နယ် ၁၈ မြို့နယ်၊လူဦးရေး တစ်သန်းကျော်နေထိုင်တဲ့ ကချင်ပြည်နယ်ဘက်ကို အညာဒေသနဲ့ တရုတ်နိုင်ငံဘက်ကနေ အခြေခံစားသောက်ကုန်နဲ့လူသုံးကုန်အဓိက ဝင်ရောက်တာလည်းဖြစ်ပါတယ်။ သို့သော် လတ်တလော တရုတ်နယ်စပ်ဂိတ်အားလုံးကိုလည်း တရုတ်ဘက်က ပိတ်လိုက်တဲ့အပြင် မြစ်ကြီးနား– မန္တလေးကားလမ်းပိုင်း အင်းတော်မြို့နယ်ထဲက တစ်ခုတည်းသွာလာလို့ရနေတဲ့ မြို့ပတ်လမ်းကိုလည်းပိတ်လိုက်တာကြောင့် အဖက်ဖက်ကနေ ခက်ခဲကြပ်တည်းလာနေတယ်လို့ မြစ်ကြီးနား ဒေသခံတွေပြောပါတယ်။ By – Zaw Zaw
Read More » -
Oct- 2024 -21 Octoberသတင်း
ဆေးဝါးသယ်ယူဖို့ ခွင့်ပြုချက်ပါပေမဲ့ နှစ်ဖက်တပ်ဆီအခွန်ဆောင်နေရဆဲ
မန္တလေးကနေ ကချင်ပြည်နယ် မြစ်ကြီးနားမြို့ကို ဆေးဝါသယ်ယူဖို့ ခွင့်ပြုချက်ထောက်ခံစာပါပေမဲ့ နှစ်ဖက်လက်နက်ကိုင်တပ်တွေကို အခွန်ပေးဆောင်နေရဆဲဖြစ်တယ်လို့ မြစ်ကြီးနား–မန္တလေး ကားသမား တွေကပြောပါတယ်။ မြစ်ကြီးနား–မန္တလေး ဗျူဟာလမ်းမကြီးက အင်းတော်မြို့နယ်အတွင်းတိုက်ပွဲတွေကြောင့် မြို့ရှောင်လမ်းကနေ ကားအသေးနဲ့ပဲ ပြေးဆွဲနေရတဲ့ ဒီလမ်းပိုင်းမှာ နှစ်ဖက်လက်နက်ကိုင်ဂိတ် ၁၀ ခုထက်မနည်းရှိပြီး ဆေးဝါးသယ်ယူခွင့် ထောက်ခံစာပါပေမဲ့ ပေးဆောင်ရတဲ့အခွန်ကများနေဆဲဖြစ်တယ်လို့ ကားသမားတစ်ယောက်က ပြောပါတယ်။ “အဆိုးဆုံးကတော့လူသုံးဆေးဝါးတွေပေါ့ဗျာ။ ကျနော်တို့မှာ လိုင်စင်တွေအကုန်ပါတယ်။ လိုင်စင်ဆိုတာ က မြစ်ကြီးနားမှာဖွင့်ထားတဲ့ ဆိုင်လိုင်စင်ရှိမယ်။ မန္တလေးကနေတင်ပေးပါတယ်ဆိုတဲ့ ထောက်ခံစာရှိမယ်။ ကချင်ပြည်နယ်က ခွင့်ပြုပါတယ်ဆိုတာလည်းပါတယ်။ အဲ့တာကို နှစ်ဖက်လုံးက မရဘူးလို့ပြောတာ”လို့ပြောပါတယ်။ အခွန်ဆောင်ရတဲ့ငွေကြေးပမာဏဟာ ပုံမှန်မရှိပေမဲ့ ကျပ် ၂ သိန်းကနေ ၃ သိန်းဝန်းကျင်အထိ ပေးဆောင်နေရတယ်လို့ ကားသမားတွေကပြောပါတယ်။ တစ်ဖက်မှာ ဆေးဝါးအပြင် ကားအပိုပစ္စည်းသယ်ယူရင်လည်း အခွန်ဆောင်နေရပြီး အခုလို နှစ်ဖက် လက်နက်ကိုင်တပ်တွေရဲ့ အခွန်ကောက်ခံတာများပြားတဲ့အတွက် ဆေးဝါးဈေးနှုန်းတွေက ပိုပြီးမြှင့်တက်လာ တာလို့ ကားသမားတွေကသုံးသပ်ကြပါတယ်။ “နှစ်ဖက်တပ်လုံးကဒီလိုလုပ်တော့ မြစ်ကြီးနားမှာဆေးဝါးတွေကဈေးတက်ကုန်တာ။ နောက်ထပ်ဆေးဝါး အပြင် ကန့်သတ်ချက်များတာက ကားအပိုပစ္စည်းတစ်ချို့ပေါ့။ ကားအပိုပစ္စည်းကတော့ ဘာလို့လည်းမသိ ဘူး သေချာလည်းနားမလည်ဘူး။”လို့ကသမားတစ်ယောက်ကပြောပါတယ်။ ဒါ့အပြင် စစ်ကောင်စီတပ်ဟာ အရေးကြီးကုန်စည်လို့သတ်မှတ်ထားတဲ့ ဆေးဝါးတွေကို ပြီးခဲ့တဲ့ စက်တင်ဘာလကစပြီးတော့ ပို့ကုန်ရငွေပြနိုင်မှ တင်သွင်းခွင့်ပြုမယ်လို့ မူဝါဒချမှတ်ခဲ့ပါတယ်။ အဲ့ဒီလို အခြေနေတွေကြောင့် ဆေးဝါးပိုရှားပါးတာ၊ ဈေးမြှင့်တက်တာတွေဖြစ်လာနိုင်တယ်လို့ ဆေးဝါးလုပ်ငန်းရှင်တွေကသုံးသပ်ခဲ့ကြပြီး ပြည်တွင်းဆေးဝါးသယ်ယူရာမှာလည်း အခုလို နှစ်ဖက်လက်နက်ကိုင်တပ်တွေရဲ့ အခွန်ကောက်ခံမှုတွေကြောင့် ဆေးဝါးဈေးနှုန်းပိုမိုမြှင့်တက် လာတာလို့ကားသမားတွေကပြောပါတယ်။ မြစ်ကြီးနား–မန္တလေး လမ်းပိုင်းတစ်ခုလုံးမှာဆိုရင် စစ်ကိုင်းတံတားစစ်ကောင်စီဂိတ်၊ နန့်စီးအောင် စစ်ကောင်စီဂိတ်တွေနဲ့ ကာကွယ်ရေးတပ်တွေကတော့ ဆားတောင်နယ်၊ရွှေဘိုနယ်တွေထဲမှာ အများဆုံး ဖြစ်ပြီး ကာကွယ်ရေးတပ်နှစ်ဖက်လက်နက်ကိုင်တပ်တွေအခွန်ကောက်တဲ့ ဂိတ်စုစုပေါင်း ၁၀ ခုထက် မနည်းရှိတယ်လို့ ပြောပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ်လ ၁၆ ရက်နေ့လောက်ကစကချင်လွတ်လပ်ရေးတပ်မတော်KIA နဲ့ PDF ပူးပေါင်းအဖွဲ့တွေဟာ အင်းတော်မြို့အပါအဝင် ကချင်နဲ့စစ်ကိုင်းအစပ်ကမြို့တွေကိုသိမ်းပိုက်ဖို့အတွက် စစ်ဆင်ရေး လုပ်နေတာဖြစ်ပြီး အဲ့ဒီမြို့သိမ်းတိုက်ပွဲကြောင့် လမ်းပိုင်းနေရာတစ်ချို့ဖြတ်သန်းသွားလာလို့ မရတဲ့ အခြေနေရှိနေတာဖြစ်ပါတယ်။ လက်ရှိတော့ တိုက်ပွဲဖြစ်နေတဲ့အင်းတော်မြို့လမ်းပိုင်းကိုရှောင်ပြီးတော့ အန်စာတုံးလို့ခေါ်တဲ့ ကားအသေးတွေ နဲ့ ခရီးသည်တစ်ချို့၊ကုန်ပစ္စည်းတစ်ချို့ကို သယ်ယူပြေးဆွဲနေတာ ပြီးခဲ့တဲ့စက်တင်ဘာလ ပထမအပတ်ကတည်းကဖြစ်ပါတယ်။ By – အမိုး
Read More » -
Aug- 2024 -29 Augustသတင်း
တိုက်ပွဲကြောင့်ပိတ်ထားတဲ့ မြစ်ကြီးနား-မန္တလေးလမ်းဖွင့်ဖို့ကျန့်ကြာနိုင်သေးလိို့ဆို
စစ်ကိုင်းနဲ့ကချင်အစပ်ဒေသက တိုက်ပွဲတွေကြောင့်ပိတ်ထားရတဲ့ မြစ်ကြီးနား–မန္တလေးလမ်းပိုင်းပြန်ဖွင့်ဖို့ ရက်ကြာမြင့်အုံးမယ်လို့ ကားသမားတွေနဲ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကပြောပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ်လ ၁၆ ရက်နေ့လောက်ကစပြီးတော့ ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ PDF ပူးပေါင်း အဖွဲ့တွေဟာ အင်းတော်မြို့အပါအဝင် ကချင်နဲ့စစ်ကိုင်းအစပ်ကမြို့တွေကိုသိမ်းပိုက်ဖို့အတွက် စစ်ဆင်ရေး လုပ်နေတာဖြစ်ပြီး အဲ့ဒီမြို့သိမ်းတိုက်ပွဲကြောင့် လမ်းတွေပိတ်ထားရတာဖြစ်ပါတယ်။ အဲ့ဒီလမ်းပိုင်းစပိတ်တဲ့နေ့က ပိတ်မိနေတဲ့ ခရီးသည်ယာဥ်လိုင်းတစ်ခုရဲ့ပိုင်ရှင်ကတော့ လမ်းပိုင်းဖွင်ဖို့ကြာ အုံးမယ်လို့ ကာကွယ်ရေးတပ်တွေဘက်ကပြောလာတဲ့အတွက် ပြန်လှည့်ခဲ့ရတဲ့အကြောင်းအခုလို ပြောပြ ပါတယ်။ “မြစ်ကြီးနားလမ်းပိုင်းအခြေနေက လမ်းကပိတ်တုန်းပဲ ကျနော့ကားတွေတောင် ၁၀ ရက်လောက်စောင့် သေးတယ် ဒါပေမဲ့အခုတော့ပြန်လှည့်လာရပြီ မန္တလေးတောင်ပြန်ရောက်ပြီ ဖွင့်ဖို့အခြေနေကမရှိဘူး ကြာအုံးမယ်လို့ပြောတယ်။” ဒီနေ့အထိ အင်းတော်မြို့နယ်မှာ တိုက်ပွဲတွေကဆက်လက်ပြင်းထန်နေသလို အင်းတော်မြို့တွင်းကိုတော့ တော်လှန်ရေးအင်အားစု တွေဘက်က ထိန်းချုပ်ထားနိုင်ပြီဖြစ်တယ်လို့ ကာကွယ်ရေးတပ်တွေဘက်က ပြောပါတယ်။ လက်ရှိတော့ အင်းတော်မြို့နားမှာရှိတဲ့ တပ်မ ၇၇ အထိုင်ချထားတဲ့ ဂျပန်လှိုဏ်ဂူအမည်ရှိတဲ့ တပ်စခန်းကြီး တစ်ခုသာကျန်ရှိတော့ပြီး မြစ်ကြီးနား–မန္တလေးလမ်းပိုင်းဖွင့်ဖို့ ကြာနိုင်သေးတယ်လို့ ရှေ့တန်းရောက် ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကပြောပါတယ်။ “လမ်းကကြာအုံးမယ်ထင်တယ်။ အခုအင်းတော်က အကုန်လုံးရထားပြီတစ်မြို့လုံးပေါ့ ဗျူဟာကုန်းနဲ့ ဂျပန်လှိုဏ်ဂူနဲ့ဆက်နေတာ အဲ့နေရာပဲကျန်တာ အဲ့မှာကအင်အားတော်တော်များတယ်။ ဒီတစ်လမဟုတ် ရင်တောင် လဝက်လောက်ကြာအုံးမယ်ထင်တယ်။” လို့ပြောပါတယ်။ တိုက်ပွဲတွေကြောင့် မြစ်ကြီးနား–မန္တလေး လမ်းပိုင်းပိတ်ထားတာ ရက်ကြာမြှင့်လာတာနဲ့အတူ ကချင်ပြည် နယ် တစ်ဝှမ်း အခြေခံစားသောက်ကုန်ဈေးနှုန်းတွေဆက်တိုက်မြှင့်တက်နေပြီး မြစ်ကြီးနားမြို့နယ်မှာ ကြက်ဥတစ်လုံးကို ၁၃၀၀ အထိပေးဝယ်နေရပြီလို့ မြစ်ကြီးနားမြို့ဒေသခံတွေကပြောပါတယ်။ လက်ရှိ တပ်မ ၇၇ အထိုင်ချထားတဲ့ ဂျပန်ခေတ်ကတည်းက ဆောက်လုပ်ထားတဲ့ စစ်ဆေးရုံနဲ့ ဒေသအခေါ် ဂျပန်လှိုဏ်ဂူတို့မှာ အထိုင်ချထားတာဖြစ်ပြီးအင်းတော်မြို့ပေါ်နဲ့လည်းကပ်လျက်မှာပဲ တည်ရှိတာလို့ ကာကွယ်ရေးတပ်တွေဘက်ကပြောပါတယ်။ ဒါ့အပြင် ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ PDF ပူးပေါင်းအဖွဲ့တွေဟာ ပြီးခဲ့တဲ့ ဩဂုတ်လ ၁၅ ရက်နေ့ ကစလို့ မြို့သိမ်းတိုက်ပွဲတွေအဖြစ်စစ်ဆင်ရေးတွေလုပ်နေပြီး အင်းတော်မြို့နယ်အပါအဝင် ပင်လည်ဘူး၊ ထီးချိုင့်နဲ့ ကန့်ဘလူမြို့တို့မှာလည်း မြို့သိမ်းတိုက်ပွဲအဖြစ် တိုက်ပွဲတွေပြင်းထန်နေတယ်လို့ သိရပါတယ်။ By – အမိုး
Read More »