ကချင်ဒေသက ကျောက်စိမ်းနဲ့ ရွှေမှော်ဒေသတွေကို စစ်ကောင်စီပစ်မှတ်ထားတိုက်ခိုက်လာတာဘာကြောင့်လဲ

ကချင်ပြည်နယ်မှာ စစ်ရှုံးနေတဲ့ စစ်ကောင်စီတပ်ဟာ ယခု ၂၀၂၅ နှစ်ဆန်းပိုင်းအတွင်းမှာပဲ ကချင်လွတ်လပ်ရေးတပ်မတော် KIA ရဲ့ အဓိက ဝင်ငွေစီးဆင်းနေတဲ့ ကျောက်စိမ်းမှော် နဲ့ ရွှေမှော်ဒေသတွေကို ပစ်မှတ်ထားပြီး လေကြောင်းပြင်းပြင်းထန်ထန် တိုက်ခိုက်လာတဲ့အတွက် အပြစ်မဲ့ပြည်သူတွေ အသက်သေဆုံးမှုတွေ ဆက်တိုက်ဖြစ်ပွားနေပါတယ်။
စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်ခံရတဲ့ ကျောက်စိမ်းမှော်နဲ့ ရွှေမှော်ဒေသတွေမှာ တိုက်ပွဲလုံးဝဖြစ်ပွားခြင်းမရှိဘဲ ဗုံးကြဲတိုက်ခိုက်ခံရတဲ့ ဖြစ်စဉ်မှာ အရပ်သားပြည်သူသေဆုံးသူ ၂၀ ခန့် အထိရှိလာပြီး ထိခိုက်ဒဏ်ရာ ရရှိသူ ခန့်မှန်းခြေ ၃၀ ဝန်းကျင်ခန့် ရှိလာပြီဖြစ်ပါတယ်။
ဒါဟာ စစ်ကောင်စီတပ်ရဲ့ ကချင်ပြည်နယ်ထဲမှာ နှစ်ဦးပိုင်းအစမှာတင် ကြီးမားတဲ့ အရပ်သားသတ်ဖြတ်မှု ဖြစ်စဉ်လို့ ဆိုရမှာပါ။
ဇန်နဝါရီ ၁၃ ရက်နေ့မှာ စစ်ကောင်စီတပ်က ဖားကန့် ကျောက်စိမ်းမှော်ဒေသဖြစ်တဲ့ ဆန်ခါနဲ့ မဇွပ်ယန်ကျေးရွာ နှစ်ခုမှာ လေယာဉ်ဗုံး ၆ ကြိမ်ခန့် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
အဲဒီကျေးရွာ နှစ်ခု ဗုံးကြဲတိုက်ခိုက်ခံရတဲ့ ဖြစ်စဉ်မှာ အရပ်သားပြည်သူ ၇ ဦးသေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ ၁၀ ဦးခန့်ရှိခဲ့တယ်လို့ ဖားကန့် ဒေသခံပြည်သူတွေ ပြောပါတယ်။
အလားတူ ဇန်နဝါရီလ ၁၁ ရက်နေ့မှာ တနိုင်းမြို့နယ် ရွှေမှော်ဒေသဖြစ်တဲ့ လပူမှော်ဒေသမှာ စစ်ကောင်စီရဲ့ ဗုံးကြဲတိုက်ခိုက်ခံရတာကြောင့် အရပ်သားပြည်သူ ၁၅ ဦးသေဆုံးပြီး ၁၀ ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်။
စစ်ကောင်စီတပ်ဟာ ယခုနှစ် ၂၀၂၅ ခုနှစ်ရဲ့ နှစ်ဦးပိုင်းစမှာတင် ကချင်ဒေသက အရပ်သားပြည်သူတွေကို ပစ်မှတ်ထား ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် နှစ်ရက်အတွင်းမှာပဲ အရပ်သားပြည်သူ ၂၀ ကျော်သေဆုံးပြီး ခန့်မှန်းခြေ ၃၀ ဝန်းကျင်ခန့် ထိခိုက်ဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်။
ကချင်ပြည်နယ်ထဲက ကျောက်စိမ်းမှော်နဲ့ ရွှေမှော်ဒေသတွေကို နှစ်ရက်ဆက်တိုက် စစ်ကောင်စီရဲ့ ကြီးမားတဲ့ လေကြောင်းတိုက်ခိုက်ခံရတာနဲ့ ပတ်သက်ပြီး ဘာကြောင့် အခုလို စစ်ကောင်စီဘက်ကနေ အရပ်သားပြည်သူတွေကို ပစ်မှတ်ထား လုပ်ဆောင်ခဲ့ပါသလဲ။
လက်ရှိ ကချင်ပြည်နယ်ရဲ့ စစ်ရေးအခြေအနေနဲ့ကော ဘယ်လောက်ထိ ဆက်စပ်မှုရှိနေပါသလဲ။ ကချင်နိုင်ငံရေးလေ့လာ သုံးသပ်သူတွေရဲ့ အမြင်ဘယ်လိုရှိနေပါသလဲ။
KIO နဲ့ နီးစပ်တဲ့ ကချင်နိုင်ငံရေးလေ့လာသုံးသပ်သူ အမျိုးသားတစ်ဦး
“အဓိကတော့ KIO/KIA ရဲ့ ဝင်ငွေစီးဆင်းနေတဲ့ နေရာတွေကို ဦးတည်ပြီး ပစ်မှတ်ထားတိုက်ခိုက်လာတယ်လို့ မြင်ပါတယ်။ KIO/KIA ရဲ့ ဝင်ငွေလမ်းကြောင်းတွေကို ပိတ်ဆို့ပေးဖို့ လုပ်လာတယ်လို့ပဲပြောရမယ်။ အခုဗုံးကြဲတိုက်ခိုက်နေတဲ့ နေရာတွေကလည်း ကျောက်စိမ်းမှော်၊ ရွှေမှော်ဒေသတွေက KIO/KIA ကိုယ်တိုင် ဝင်ငွေရရှိနေတဲ့ နေရာတွေဖြစ်တယ်။ တခြားနေရာတွေမှာက အဲလောက်ထိ ရရှိမှာမဟုတ်ဘူး။ ရှေ့ဆက်ပြီးတော့လည်း အဲလိုပဲ လုပ်လာမယ်လို့ ထင်တယ်”
ကချင်နိုင်ငံရေးလေ့လာ သုံးသပ်သူ တနိုင်းဒေသခံ အမျိုးသားတစ်ဦး
“စစ်တပ်အနေနဲ့တော့ သူတို့ရဲ့ စစ်ရေးဗျူဟာ လှည့်ကွက်တွေက အများကြီးရှိမယ်လို့ထင်ပါတယ်။ အဓိကတော့ တော်လှန်ရေးတပ်ဖွဲ့တွေ သိမ်းပိုက်ထားတဲ့ နေရာဒေသတွေမှာ ပြည်သူလူထုတွေကို မရှိစေချင်ဘူး။ ဘာလို့လဲဆိုတော့ ပြည်သူတွေရှိနေရင် အဲဒီပြည်သူတွေကပဲ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေကို အထောက်အကူဖြစ်စေတယ်။ (ဥပမာ – ငွေရေးကြေးရေးအရကော၊ လူအင်အားအရကော ပြောရမယ်)။ ပြီးရင် အဲဒီဒေသတွေမှာရှိတဲ့ ပြည်သူတွေလည်း လုံးခြုံမှုမရှိဘူး ဆိုတဲ့ အခြေအနေကို ပြချင်တာလည်းပါမယ်။ တိုက်ပွဲဖြစ်တဲ့နေရာမှာ ဗုံးပေါက်ကွဲတာတို့၊ လေယာဉ်လာပစ်တာတို့က အထူးအဆန်းမဟုတ်ဘူး။ အခုလို တိုက်ပွဲဖြစ်တဲ့နေရာလည်းမဟုတ်ဘူး။ လေကြောင်းအသုံးပြပြီးလာပစ်တာဆိုကတည်း အဲမှာရှိတဲ့ ပြည်သူတွေကို ကောင်းကောင်းမွန်မွန် လုပ်ကိုင်စားသောက်လို့ မရအောင်တမင်လုပ်ပေးနေတယ်လို့ မြင်ပါတယ်”
အမျိုးသမီးအခွင့်အရေး တက်ကြွလှုပ်ရှားသူ အမျိုးသမီးတစ်ဦး
“ကျောက်စိမ်းမှော်နဲ့ ရွှေမှော်ဒေသက ရရှိတဲ့ ဝင်ငွေတွေက တော်လှန်ရေးလုပ်ငန်းတွေမှာ အဓိက အသုံးပြုနေတယ်လို့ သဘောနဲ့ တိုက်ခိုက်နေတယ်လို့မြင်ပါတယ်။ ကျောက်စိမ်းတူးတာပဲဖြစ်ဖြစ်၊ ရွှေတူးတာပဲဖြစ်ဖြစ် ဝင်တွေက KIO/KIA တွေဆီမှာ တိုက်ရိုက်စီးဆင်းနေတယ်လို့ သဘောနဲ့ KIO/KIA ရဲ့ ဝင်ငွေလမ်းကြောင်းတွေကို ဖျက်ဆီးလာတယ်လို့ မြင်တယ်။ ဘာလို့လဲဆိုတော့ အခု ဗန်းမော်၊ မံစီတွေမှာ ဖြစ်တဲ့ တိုက်ပွဲတွေမှာ စစ်ကောင်စီဘက်ကနေ ထိခိုက်သေဆုံးမှုလည်း များတော့ သူတို့အနေနဲ့ တစ်ဖက်ကို KIO/KIA ရပ်တည်လာလို့မရအောင် ပိတ်ဆို့ပေးတဲ့ သဘောလို့မြင်ပါတယ် ”
By – နော်ထွယ့်(ဟူးကောင့်)