ဖားကန့်ဘက်ရောက်နေတဲ့ ဟုမ္မလင်းနယ်ထဲက စစ်ဘေးရှောင်တွေ အကူအညီလိုအပ်နေ

ကချင်ပြည်နယ် ဖားကန့်မြို့နယ်ထဲကို ရောက်နေတဲ့ စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့နယ်ထဲက စစ်ဘေးရှောင်တွေအတွက် အကူအညီ လိုအပ်နေတယ်လို့ သိရပါတယ်။
ဖားကန့်နဲ့ ဟုမ္မလင်းမြို့နယ်ထဲအစပ် ပါဟုတ်ကြီးကျေးရွာ၊ လာရာတီးကျေးရွာနဲ့ ရေပေါ်မီးကျေးထဲမှာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၄ ရက်နေ့ကတည်းက SNA စစ်ကောင်စီ ပူးပေါင်းတပ်တွေနဲ့ KIA၊ PDF ပူးပေါင်းတပ်တွေကြား တိုက်ပွဲ ပြင်းထန်နေပြီး တိုက်ပွဲကြောင့် ဖားကန့်မြို့နယ်ဘက်ကို တိမ်းရှောင်လာတဲ့ စစ်ဘေးရှောင်တွေအတွက် အကူအညီလိုအပ်နေတယ်လို့ ဖားကန့် ဆယ်ဇင်းကျေးရွာက အမျိုးသမီးတစ်ဦးက ပြောပါတယ်။
“လောလောဆယ် ဆယ်ဇင်းမှာလည်းရှိတယ် ပြီးတော့ နမ့်ပုတ်ကျေးရွာမှာလည်းရှိတယ် အကူအညီကတော့အစစအရာအရာပါ့ လိုအပ်နေတာ အစားအသောက်ကအစ နေဖို့ထိုင်ဖို့လည်းအဆင်မပြေကြဘူး ဆယ်ဇင်းဆို ပိုဆိုးနေရာထိုင်ခင်း အတော်ခက်ခဲနေကြတယ်” လို့ အသက် ၄၀ ကျော်အရွယ် အမျိုးသမီးတစ်ဦးက ပြောပါတယ်။
လက်ရှိတိုက်ပွဲကြောင့် ဆယ်ဇင်းနဲ့ နမ့်ပုတ်ကျေးရွာထဲရောက်နေတဲ့ စစ်ဘေးရှောင်ပြည်သူတွေဟာ ဟုမ္မလင်းနယ်ထဲက ပါဟုတ်ကြီး၊ လာရာတီး ရေပေါ်မီး၊ နန့်သာ၊ စုံတွဲမှော်စတဲ့ ကျေးရွာတွေနဲ့ အနီးဝန်းကျင်ကျေးရွာထဲက ပြည်သူတွေပါဝင်ပြီး စုစုပေါင်း လူဦးရေ ၅၀၀ ကျော်ခန့် ရှိတယ်လို့ သိရပါတယ်။
“အဓိက အစားအသောက်တွေ လိုအပ်နေတယ်။ ဆယ်ဇင်းတို့လည်း ပြီးခဲ့တဲ့လပိုင်းလေးကမှ စစ်ရှောင်ပြီးပြန်လာကြတာဆိုတော့ သူတို့တောင်အနိုင်နိုင်ပါ့ ရှားစားနေကြတာ အခုနှစ်နပ်တောင်မနည်းကျွေးနေရတယ်တဲ့ ပြီးတော့ ခြုံစောင်တွေလည်းမရှိကြဘူး အေးကအေးတာနဲ့ဆိုတော့ အရမ်းခက်ခဲနေကြတယ်”လို့ အထက်ပါ အမျိုးသမီးက ဆက်ပြောပါတယ်။
လက်ရှိ ဆယ်ဇင်းကျေးရွာမှာ စစ်ရှောင်လူဦးရေ ၃၀၀ ဝန်းကျင် နဲ့ နမ့်ပုတ်ကျေးရွာထဲမှာ ၂၀၀ ကျော်ခန့်ရှိနေပြီး ဆယ်ဇင်းကျေးရွာရောက် စစ်ဘေးရှောင်တွေကတော့ အစားအသောက်နဲ့ အဝတ်အထည်နဲ့ နေရာထိုင်ခင်း အဓိက လိုအပ်နေတာလို့ သိရပါတယ်။
ဆယ်ဇင်းကျေးရွာဟာ ၂၀၂၂ ခုနှစ် နှစ်ကုန်ပိုင်းက စစ်ကောင်စီတပ်ရဲ့ မီးရှို့မှုကြောင့် နေအိမ် ၄၀၀ ခန့် မီးလောင်သွားပြီး ၂၀၂၄ ခုနှစ် စစ်ကောင်စီ ကင်းစင်ပြီးနောက် ဒေသခံတချို့ နေရပ်ပြန်လည်ထူထောင်ရေး စလုပ်လာတဲ့ကျေးရွာ ဖြစ်ပါတယ်။
ဒေသခံတွေပြောပြချက်အရ ဇန်နဝါရီလ ၁၂ ညအထိ ပါဟုတ်ကြီး၊ ရေပေါ်မီးကျေးရွာတွေမှာ နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေဆဲ ဖြစ်ပြီး စစ်ကောင်စီတပ်က လေယာဥ်ဗုံးကျဲတာတွေလည်းရှိနေတယ်လို့ သိရပါတယ်။
လက်ရှိတိုက်ပွဲ ဖြစ်နေတဲ့ ကျေးရွာတွေထဲက ပါဟုတ်ကြီးနဲ့လာရာတီးစတဲ့ကျေးရွာဟာ KIA နဲ့ ဟုမ္မလင်းPDF ပူးပေါင်းတပ်တွေက ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလကတည်းက သိမ်းပိုက်ထားတဲ့ကျေးရွာတွေဖြစ်ပြီး အဲ့ဒီကျေးရွာတွေကို ပြန်သိမ်းယူဖို့ SAN နဲ့ စစ်ကောင်စီပူးပေါင်းတပ်တွေ ထိုးစစ်ပြန်ဆင်လာရာကနေ နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေတာဖြစ်ပါတယ်။
By – Zaw Zaw