ဗုံးကြဲတိုက်ခိုက်ခံရတဲ့ ဆန်ခါကျေးရွာမှာ လေယာဉ်ဗုံးတစ်လုံးမပေါက်ကွဲဘဲ ကျန်ရှိနေ

ဖားကန့်မြို့နယ် ဆန်ခါကျေးရွာမှာ စစ်ကောင်စီတပ် လာရောက်ဗုံးကြဲသွားတဲ့ လေယာဉ်ဗုံးတွေထဲကနေ တစ်လုံး ပေါက်ကွဲမှုမရှိသေးဘဲ ကျန်ရှိနေသေးတဲ့အတွက် ဒေသခံတွေ စိုးရိမ်နေကြတယ်လို့ သိရပါတယ်။
ဆန်ခါကျေးရွာထဲက အရပ်သားပြည်သူတစ်ဦးရဲ့ နေအိမ်ဝင်းက အိမ်သာကျင်းဟောင်းတစ်ခုမှာ ပေါင် ၅၀၀ လောက်ရှိတဲ့ လေယာဉ်ဗုံးတစ်လုံး မြေမြှုပ်ကျန်ရစ်နေပြီး အဲဒီလေယာဉ်ဗုံးကြောင့် အနီးပတ်ပတ်လည်ရှိ ပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေကြတယ်လို့ ဆန်ခါဒေသခံတစ်ဦးက KNG ကိုပြောပါတယ်။
“မနေ့ညနေနဲ့ ဒီကနေ့ ကမနက်အထိတော့ တာဝန်ရှိတဲ့ KIA တွေလာကြည့်ကြတယ်။ မြေကြီးထဲမှာ အရမ်းကြီးနက်ဝင်နေတဲ့အတွက် ထုတ်လို့မရသေးဘူးလို့ပြောတယ်။ အဲဒီလေယာဉ်ဗုံးမှာ မီးလိုင်း ၃ ခုပါတယ်တဲ့။ အပေါ်ထပ်က မီးလိုင်းတစ်ခုကိုတော့ ဖြတ်ထားတယ်လို့ပြောတယ်။ ဒါပေမယ့် အရမ်းစိုးရိမ်ရသေးတယ်လို့ ပြောတယ်။ အခုချိန်အထိလည်း ထုတ်လို့မရသေးဘူး”လို့ပြောပါတယ်။
ပေါက်ကွဲမှုမရှိသေးတဲ့ဗုံးမှာ မြေအောက်ထဲကို စိုက်ဝင်နေပြီး ပန်ကာကပ်တဲ့ အပေါ်ပိုင်းအနည်းသာပေါ်နေတဲ့အတွက် အမြန်ဆုံးပယ်ရှားဖို့ ခက်ခဲနေသေးတယ်လို့ သိရပါတယ်။
လက်ရှိမှာ အဲဒီလေယာဉ်ဗုံးကြောင့် ရပ်ကွက်တစ်ခုလုံး နီးပါး တိမ်းရှောင်ထားကြတယ်လို့ သိရပါတယ်။
အဲဒီလေယာဉ်ဗုံးဟာ ဇန်နဝါရီလ ၁၃ ရက်နေ့ မနက်ပိုင်း ၁၁ နာရီလောက်မှာ စစ်ကောင်စီတပ်တွေ မန္တလေးတံတာဦးကနေ ဖားကန့် ဆန်ခါနဲ့ မဇွပ်ယန်ကျေးရွာ နှစ်ခုမှာ ၆ ကြိမ်ထက်မနည်း လာရောက်ဗုံးကြဲတိုက်ခိုက်သွားတာဖြစ်ပါတယ်။
ဆန်ခါနဲ့ မဇွပ်ယန်ကျေးရွာရှိ ကျောက်စိမ်းလုပ်ကွက်နဲ့ လမ်းမကြီးပေါ်တွေမှာ ကျမှန်ပေါက်ကွဲခဲ့ပြီးတော့ အရပ်သားပြည်သူ ၉ ဦးခန့် သေဆုံးမှုရှိခဲ့ပြီး အဲဒီထဲမှာ တစ်ဦးက နှလုံးရောဂါကြောင့် နှလုံးရပ်သေဆုံးသွားတယ်လို့ ဖားကန့်ဒေသခံတွေပြောပါတယ်။
စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်ခံရမှုမှာ အရပ်သား ၉ ဦးသေဆုံးတဲ့အပြင် ၂၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့လည်း ဆက်သိရပါတယ်။
စစ်ကောင်စီတပ်တွေဟာ တစ်ရက်ခြားအတွင်းမှာပဲ ကချင်ပြည်နယ်ရဲ့ ကျောက်စိမ်းနဲ့ ရွှေမှော်ဒေသ နှစ်နေရာကို အကြောင်းမဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားပြည်သူ ၂၃ ဦးခန့်သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူ ၃၀ ဝန်းကျင်ခန့်ရှိပါတယ်။
By – နော်ထွယ့်(ဟူးကောင့်)