သတင်း

ဝိုင်းမော်မြို့နယ် ကျေးရွာတစ်ချို့ လုံခြုံရေးတင်းကြပ်ပြီး အချိန်အကန့်သတ်နဲ့သာဖြတ်သန်းခွင့်ပြု

ကချင်ပြည်နယ် ဝိုင်းမော်မြို့အထွက်အပါအဝင် ကျေးရွာတစ်ချို့မှာ စစ်တပ်က လုံခြုံရေးတင်းကြပ်ထားပြီး လမ်းသွားလမ်းလာပြည်သူတွေကို အချိန်အကန့်သတ်နဲ့သာ ဖြတ်သန်းခွင့်ပြုနေတယ်လို့ ဝိုင်းမော်ဒေသခံတွေပြောပါတယ်။

၂၀၂၄ ခုနှစ် ဒီဇင်ဘာလကုန်ပိုင်းကစပြီး ဝိုင်းမော်မြို့အထွက် မုတ်လွှဲလမ်းဆုံအနီး အထိုင်ချထားတဲ့ဂိတ်မှာ မနက်ပိုင်း ၆ နာရီကနေ ၉ နာရီအထိ၊ ညနေပိုင်း ၃ နာရီကနေ ၅ နာရီဝန်းကျင်သာ ဖြတ်သန်းခွင့်ပြုနေတယ်လို့ ဒေသခံတွေဆိုပါတယ်။

ခု အဲဘက်တွေသွားလို့မလွယ်တော့ဘူး မုတ်လွှဲမရောက်ခင် ညောင်ပင်ရှိတဲ့နားက ဂိတ်မှာက မနက်ပိုင်းတစ်ချိန် ညနေပိုင်းတစ်ချိန်ပဲ ဖွင့်ပေးတယ်။ ပြီးတော့ ရွာအဝင်တွေမှာလည်း ဂိတ်တွေ ရွာတိုင်းလိုလိုရှိတယ်လို့ ပြောပါတယ်။

အလားတူ မုတ်လွှဲ၊ခတ်ချို၊ မခန္တီး၊ နောင်ဟီး၊ စန်းကားကျေးရွာအပါအဝင် ရွာ‌ပေါင်း ၅ ရွာအဝင်မှာလည်း စစ်ကောင်စီတပ်က ဘန်ကာအခိုင်အမာတည်ဆောက်ထားပြီး လုံခြုံရေးတင်းကြပ်ကာ စစ်ဆေးမေးမြန်းတာတွေ လုပ်‌နေတယ်လို့ ဝိုင်းမော်ဒေသခံအမျိုးသားတစ်ဦး KNG ကို ခုလိုပြောပါတယ်။

စစ်တပ်ဘက်က လုံခြုံရေးတင်းကြပ်ထားတဲ့ အထက်ဖော်ပြပါ ကျေးရွာတွေဟာ မြစ်ကြီးနားမြို့၊မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်၊ နမ့်ပေါင်လေတပ်စခန်းရဲ့ဧရာဝတီမြစ်တစ်ဖက်ကမ်း မျက်နှာချင်းဆိုင်မှာ ရှိတဲ့ရွာတွေဖြစ်ပါတယ်။

အဲဒီထဲက ခတ်ချိုကျေးရွာ၊ မခန္တီး၊အာလူးဘာရီကျေးရွာကလွှဲပြီး ကျန်တဲ့ကျေးရွာနေ ပြည်သူအားလုံးနီးပါးဟာ ၂၀၂၄ ခုနှစ် မတ်လ ဝန်းကျင် ဝိုင်းမော်မြို့နယ်တစ်ကြော စစ်တပ်နဲ့ KIA ပူးပေါင်းတပ်အကြား တိုက်ပွဲကြောင့် ဘေးလွှတ်ရာတိမ်းရှောင်ကြပြီး အိမ်စောင့်အနည်းအကျဉ်းသာကျန်ရှိတာဖြစ်ပါတယ်။

ခုလို စစ်ရှောင်ကာလကြာမြင့်လာတာနဲ့အမျှစစားနပ်ရိက္ခာခက်ခဲလာတဲ့ ဒေသခံ‌တစ်ချို့ ရွာကို နေ့ချင်းပြန်ပြီး ဟင်းသီး၊ဟင်းရွက်၊ ရိက္ခာများ သွားရောက်သယ်ယူ‌ကြပေမယ့် ခုလို ဂိတ်ကိုအချိန်ကန့်သတ်ချက်နဲ့ဖြတ်သန်းခွင့်ပြုတာ၊ လမ်းသွားလမ်းလာ စစ်ဆေးမေးမြန်းတာတွေကြောင့် စိုးရိမ်မှုတွေရှိနေတယ်လို့ ဆိုပါတယ်။

တစ်ခါတစ်လ ပိုစစ်တယ် မှတ်ပုံတင်တွေကအစ စစ်တယ်။ အိမ်ခနတစ်ဖြုတ်ပြန်တဲ့သူတွေဆို အခြေနေနားထောင်ပြီးသွားလာနေရတယ်လို့ နောက်ထပ် ဒေသခံ အမျိုးသမီးတစ်ဦး ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌ဆက်ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် မေလ ၇ ရက်နေ့ KIA ပူး ပေါင်းတပ်စစ်ဆင်ရေးစတင်လာချိန်ကစလို့ စစ်ကောင်စီတပ်ဟာ ဧရာဝတီမြစ်ကမ်းဘေးတစ်လျှောက်ကျေးရွာတွေမှာ လုံခြုံရေးတင်းကြပ်လာတဲ့အပြင် မြစ်ကြီးနားဘက်ကူးတဲ့ ခတ်ချိုစက်လှေဆိပ်၊ နောင်ဟီးစက်လှေဆိပ်အားလုံးကိုလည်း ပိတ်ပေးလိုက်တာကြောင့်  အထက်ဖော်ပြပါ‌‌ကျေးရွာနေ ပြည်သူတွေဟာ  ကုန်းလမ်းတစ်ခုတည်းသာ အသုံးပြုနေကြတာဖြစ်ပါတယ်။

သို့သော် ကုန်းလမ်းမှာလည်း ခုလိုဖြတ်သန်းသွားလာခွင့် ပိုတင်းကြပ်လာတဲ့အတွက် လမ်းသွားလမ်းလာပိုခက်ခဲလာတယ်လို့ ဒေသခံတွေ ဆိုပါတယ်။

မြစ်ကြီးနားမြို့ရဲ့တစ်ဖက်ကမ်းရှိတဲ့ ဝိုင်းမော်မြို့နယ်ဟာ တရုတ်နယ်စပ်တည်ရှိရာ ဝိုင်းမော်ချီ‌ဖွေဆဒုံးကံပိုက်တည်ဘက်သွားတဲ့ လမ်းမကြီး၊ ဝိုင်းမော်လိုင်ဇာဗန်းမော်သွားလမ်းမကြီးရှိပြီး ဝိုင်းမော်မြို့ပေါ် ဧရိယာကလွှဲပြီး ကျန်တဲ့နေရာအများပိုင်း KIA ထိန်းချုပ်ထားနိုင်ပြီ ဖြစ်ပါတယ်။

By – Zami

Show More

Related Articles

Back to top button