မြစ်ကြီးနား
-
Oct- 2024 -3 Octoberသတင်း
မြစ်ကြီးနား-မန္တလေးလမ်းပိုင်းမှာ နှစ်ဖက်တပ်တွေရဲ့အခွန်ကောက်ဂိတ်များလာ
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ကနေ မန္တလေးမြို့ကိုသွားတဲ့ လမ်းပိုင်းမှာနှစ်ဖက်လက်နက်ကိုင်တပ်တွေရဲ့ အခွန်ကောက်ခံတဲ့ဂိတ်တွေများလာတယ်လို့ ကားသမားတွေကပြောပါတယ်။ မြစ်ကြီးနား–မန္တလေး လမ်းပိုင်းတစ်ခုလုံးမှာဆိုရင် စစ်ကိုင်းတံတားစစ်ကောင်စီဂိတ်၊ နန့်စီးအောင် စစ်ကောင်စီဂိတ်တွေနဲ့ ကာကွယ်ရေးတပ်တွေကတော့ ဆားတောင်နယ်၊ရွှေဘိုနယ်တွေထဲမှာ အများဆုံး ဖြစ်ပြီး ကာကွယ်ရေးတပ်နှစ်ဖက်လက်နက်ကိုင်တပ်တွေအခွန်ကောက်တဲ့ ဂိတ်စုစုပေါင်း ၁၀ ခုထက် မနည်းရှိတယ်လို့ ပြောပါတယ်။ ဒါပေမဲ့ အဲ့ဒီထဲမှာ ကာကွယ်ရေးတပ်တွေရဲ့ဂိတ်တွေရဲ့ အခွန်ကောက်ခံတဲ့ဂိတ်ကပိုများတယ်လို့ ကားသမား တွေကပြောပါတယ်။ “ဂိတ်တွေကတော်တော်များတယ်။ ကာကွယ်ရေးဝန်ကြီးဌာနရဲ့လက်အောက်မှာရှိတဲ့ဂိတ်တွေရှိသလို သူတို့ဘာသာ ကောက်တဲ့ဂိတ်တွေလည်း အနည်းအကျဥ်းရှိတယ်။ ဂိတ်တွေကကောက်တာက လမ်းကြေးတင်ကို ၅ထောင် ၁သောင်း ကောက်တာပေါ့။ ဂိတ်ကြေးကမများပေမဲ့ ဂိတ်တွေက အများကြီးပေါ့လေ။ အဲ့တော့ အသွား တစ်ကြောင်းပဲကို ၂ သိန်းကျော်လောက်ကျတာပေါ့”လို့ပြောပါတယ်။ စစ်ကောင်စီတပ်ရဲ့ဂိတ်တွေဖြစ်တဲ့ မန္တလေးမြို့အထွက် စစ်ကိုင်းတံတားဂိတ်မှာဆိုရင် အန်စာတုံးကား အသေးတစ်စီးကို ၂ သိန်းကျော်အထိပေးရတယ်လို့ ကားသမားတွေကပြောပါတယ်။ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေရဲ့ ဂိတ်တွေကတော့ ကားအသေးတစ်စီးကို ၅၀၀၀ ကျပ်၊ ၁၀၀၀၀ ကျပ် ကောက်ခံပြီး တင်ဆောင်လာတဲ့ပစ္စည်းပေါ်မူတည်ပြီးတော့ အခွန်ထပ်ကောက်ခံတာလို့ သိရပါတယ်။ “ အခုလမ်းတွေကဂိတ်တွေကနေတောင်းလာကြတယ်။ KIA PDF ပဲဖြစ်ဖြစ် စစ်တပ်ဘက်ကပဲ ဖြစ်ဖြစ် ပေါ့။ အခွန်ရယ်လို့တစ်စီးကိုဘယ်လောက်သတ်မှတ်တာတော့မရှိသေးဘူး။ တင်လာတဲ့ပစ္စည်းပေါ် မူတည်ပြီး မင်းတို့ဘာတွေတင်လာတာလဲ အဲ့လိုမျိုးပေါ်မူတည်ပြီးပေးရတာ” လို့ပြောပါတယ်။ အခုလိုအခွန်ဂိတ်တွေများပြားလာတာ အခွန်ကောက်ခံတဲ့ငွေကြေးများပြားလာတာတွေကြောင့် မြစ်ကြီးနား မြို့ဒေသခံတွေပိုမိုခက်ခဲကြရပြီး လမ်းပိတ်ထားတဲ့ကာလမှာအခွန်ကောက်ခံတဲ့ဂိတ်များလာတာဟာ တက်လာတဲ့ကုန်ဈေးနှုန်းကိုမလျှော့ချနိုင်တော့ပဲ ဒေသခံတွေသာနစ်နာရတယ်လို့ ကားသမားတွေကပြောပါ တယ်။ “တကယ့်တကယ်ထိခိုက်တာကဒေသခံတွေပဲ သူတို့က လမ်းကြေး ၅၀၀၀ ဆိုရင် အဲ့အတွက် ကုန်သည်တွေ က အမြတ်ထပ်တင်၊ ကားသမားတွေကပါ ထပ်တင် ကြားထဲကနေပြည်သူတွေပဲ ကုန်ဈေးနှုန်း ဒဏ်ခံရတာ ပေါ့။ ကုန်ဈေးနှုန်းကမတက်ရင်လည်း သယ်ယူ စားရိတ်ကြောင့် ကုန်ဈေးနှုန်းတွေကတက်ကုန် ကြတာ” လို့ပြောပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ်လ ၁၆ ရက်နေ့လောက်ကစကချင်လွတ်လပ်ရေးတပ်မတော်KIA နဲ့ PDF ပူးပေါင်းအဖွဲ့တွေဟာ အင်းတော်မြို့အပါအဝင် ကချင်နဲ့စစ်ကိုင်းအစပ်ကမြို့တွေကိုသိမ်းပိုက်ဖို့အတွက် စစ်ဆင်ရေး လုပ်နေတာဖြစ်ပြီး အဲ့ဒီမြို့သိမ်းတိုက်ပွဲကြောင့် လမ်းတွေပိတ်ထားရတာဖြစ်ပါတယ်။ လက်ရှိတော့ တိုက်ပွဲဖြစ်နေတဲ့အင်းတော်မြို့လမ်းပိုင်းကိုရှောင်ပြီးတော့ အန်စာတုံးလို့ခေါ်တဲ့ ကားအသေး တွေ နဲ့ ခရီးသည်တစ်ချို့၊ကုန်ပစ္စည်းတစ်ချို့ကို သယ်ယူပြေးဆွဲနေတာ ပြီးခဲ့တဲ့စက်တင်ဘာလ ပထမအပတ် ကတည်းကဖြစ်ပါတယ်။ By – အမိုး
Read More » -
1 Octoberသတင်း
ဖားကန့်- မြစ်ကြီးနားကားခတစ်ဆမြင့်တက်
ကချင်ပြည််နယ် ဖားကန့် – မြစ်ကြီးနားလမ်း ကားခတစ်ဆမြင့်တက်နေတယ်လို့ ကားသမားတွေဆီကနေ သိရပါတယ်။ ဆိုင်းတောင်ကျေးရွာမှာ စက်တင်ဘာလ ၇ ရက်နေ့ကနေ ကချင်လွတ်လပ်ရေးတပ်မတော် KIA၊KPDF ပူးပေါင်းတပ်နဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲစပြင်းထန်လာတဲ့အတွက် ဖားကန်မြို့ပေါ်နဲ့ အနီးဝန်းကျင်နေထိုင်တဲဲ့ပြည်သူတွေ မြစ်ကြီးနားဘက်ကို ထွက်ပြေးတိမ်းရှောင်နေကြတဲ့အတွက် ကားခစျေးမြင့်တက်လာတာဖြစ်ပါတယ်။ “လွန်ခဲ့တဲ့နှစ်ပတ်လောက်ကတည်း ကနေ ဒီကနေ့အထိပဲအုံလိုက်ကျင်းလိုက်ကိုပြောင်းလာနေကြတာ ခရီးသည်ကများ ကားသမားတွေလည်းတိုက်ပွဲတွေကြားသွားလာရတာဆိုတော့ ကားသမားတိုင်းမသွားနိုင်ဘူးလေး အဲ့ကြောင့်ကားခပိုတောင်းရတာပေါ့ အခုလောလောဆယ် နှစ်သိန်းခွဲအထိရှိတယ်ဗျအမြင့်ဆုံးစျေး”လို့ အမည်မဖော်လိုတဲ့ကားသမားတစ်ဦးကပြောပါတယ်။ မြစ်ကြီးနား–ဖားကန့်ကြားမှာ ပုံမှန်အားဖြင့် ခရီးသည်တစ်ဦးကို ကားနောက်ခန်း ကျပ် ၁၃၀၀၀၀ (တစ်သိန်း သုံးသောင်း) ၊ ကားအရှေ့ခန်း ကျပ် ၁၅၀၀၀၀ ( တစ်သိန်း ငါးသောင်း)သာရှိပေမယ့် လက်ရှိ ခရီးသည်တစ်ဦးကို ကားအနောက်ခန်း ကျပ် ၂၀၀၀၀၀ (နှစ်သိန်း) ကားအရှေ့ခေါင်းခန်းဆိုလျှင် ကျပ် ၂၅၀၀၀၀ ( နှစ်သိန်းငါးသောင်း) အထိရှိတယ်လို့ သိရပါတယ်။ ဖားကန့်ဘက်က မြစ်ကြီးနားဘက်ကို စစ်ရှောင်လာတဲ့ပြည်သူတွေဟာ နေ့စဉ်ရာဂဏန်းနဲ့ဝင်ရောက်နေတာကြောင့် မြစ်ကြီးနားမြို့ပေါ် ဟိုတယ်နဲ့ တည်းခိုခန်းတွေမှာလည်း လူပြည့်လျှံနေပြီလို့ ဆိုင်ကယ်ကယ်ရီသမားတစ်ဦးက ပြောပါတယ်။ “ဘယ်ဟိုတယ် ဘယ်တည်းခိုခန်းမှမလွတ်ဘူး ရှိသမျှဟိုတယ်တွေတည်း ခိုခန်းတွေအကုန်ဖားကန့်ဘက်က စစ်ရှောင်လာတဲ့လူနဲ့ပဲပြည့်နေတာ လူသိတဲ့တဲ့ဂျောင်ကျတဲ့တည်းခန်းတွေလောက်ပဲရှိတော့တယ်။ မြို့ထဲတော့အပြည့်ပဲ ဟိုတယ်ခ တည်းခိုခန်းခတွေတော့ စျေးမတက်ဘူးပုံမှန်ပဲ”လို့ ပြောပါတယ်။ လက်ရှိမြစ်ကြီးနားဘက်ကိုတိမ်း ရှောင်လာကြသူတွေဟာဖားကန့်မြို့ပေါ်ကပြည်သူတွေနဲ့ လုံးခင်း၊ဆိုင်းတောင်ဘက်၊ မရှီကထောင် စစ်ရှောင်တွေများတယ်လို့သိရပါတယ်။ မြစ်ကြီးနားမြို့ပေါ်ကိုရောက်လာတဲ့ ဖားကန့်စစ်ဘေးရှောင်တွေထဲကအချို့ဟာ မြစ်ကြီးနားကနေတဆင့် မန္တလေး ၊ရန်ကုန်ဘက်ကိုထွက်ခွာသွားတဲ့များတာကြောင့်လက်ရှိ မြစ်ကြီးနား–မန္တလေး– လေယာဥ်လက်မှတ်တွေဝယ်ယူရခက်နေပြီး လက်မှတ်တစ်စောင်ကို ကျပ် ၁၀ သိန်းအထိပေါက်စျေးရှိတယ်လို့သိရပါတယ်။ ဖားကန့်မြို့နယ်ထဲမှာ စခန်းသိမ်းတိုက်ပွဲတွေ ဒီနှစ်ဆန်းပိုင်းကတည်းက ခပ်စိပ်စိပ်ဖြစ်လာနေပြီး လက်ရှိ ဆိုင်းတောင်၊ နန့်ယား၊တာမခံ၊ ဆယ်ဇင်း၊လမောင်ဗျူဟာကုန်း၊နန့်တိန်အပါအဝင် ရှေ့တန်းစခန်း ၉ ခုထက်မနည်းကို KIA၊KPDF ပူးပေါင်းတပ်တွေသိမ်းပိုက်ထားပြီဖြစ်ပါတယ်။ ဖားကန့်မြို့ဟာ ကမ္ဘာ့ကျောက်စိမ်းထွက်ရှိရာဒေသဖြစ်ပြီး ခေတ်အဆက်ဆက် အနယ်နယ်အရပ်ရပ်က ရွှေ့ပြောင်းအလုပ်လာရောက်လုပ်ကိုင်သူများတဲ့အတွက် လူဦးရေထူထပ်တဲ့နေရာဒေသတစ်ခုလည်းဖြစ်ပါတယ်။ By – Zaw Zaw
Read More » -
Sep- 2024 -26 Septemberသတင်း
မြစ်ကြီးနားမှာ Starlink Wifi စက်တပ်ဆင်သူများလာတာကြောင့် အင်တာနက်အသုံးပြုခစျေးနှုန်းလျော့ကျလာ
ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ Starlink Wifi စက်တပ်ဆင်တဲ့ဆိုင်တွေများလာတာကြောင့် Wifi အသုံးပြုခ တစ်နာရီကျပ် ၃၀၀၀၀( သုံးသောင်း) ကနေ ကျပ် ၁၅၀၀၀ (တစ်သောင်းခွဲ) အထိစျေးလျာ့ကျလာတယ်လို့သိရပါတယ်။ ဇူလိုင်လ ၂၁ ရက်နေ့စ ဖုန်းအင်တာနက်လိုင်းနဲ့ Fiber wifiအင်တာနက်လိုင်း ဖြတ်တောက်ခံထားရတဲ့အတွက် မြစ်ကြီးနားမြို့မှာ IP Star နဲ့ Starlink Wifi ရတဲ့ဆိုင်တွေမှာ တစ်နာရီအင်တာနက်အသုံးပြုခ ကျပ် ၃၀၀၀၀ ရှိခဲ့ပေမယ့် လက်ရှိ Starlink wifi တပ်ဆင်သူတွေများလာတာကြောင့် တစ်နာရီ ကျပ် ၁၅၀၀၀ အထိစျေးကျလာပြီလို့ မြို့ကြီးနားမြို့ခံအမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။ “လိုင်းစဖြတ်ခံရတဲ့ချိန်ဆိုရင် IP Star ရှိထားတဲ့နေရာတွေမှာပဲရတာ တစ်နာရီကို ၃၀၀၀၀၀ ပေးရတယ်။ ခုနောက်ပိုင်း Starlink Wifi စက်တွေတပ်လာကြတော့ တဖြေးဖြေးစျေးကျလာတော့ တစ်နာရီ ၁၅၀၀၀ ဖြစ်သွားပြီ”လို့ မြစ်ကြီးနားမြို့ တပ်ကုန်းရပ်ကွက်နေအမျိုးသားတစ်ဦးက ပြောပါတယ်။ အင်တာနက်စတင်ဖြတ်တောက်ထားခံချိန်က IP Star တပ်ဆင်ထားတဲ့ ဖုန်းဆိုင်နဲ့ဟိုတယ်အနည်းအကျဉ်းသာရှိခဲ့ပေမယ့် ဒီနောက်ပိုင်းမှာတော့ Starlink တပ်ဆင်လာတဲ့ဖုန်းဆိုင်၊ ဟိုတယ်တွေနဲ့ Starlink Wifi အသုံးပြုလို့ရတဲ့ သီးသန့်ဆိုင်တွေဟာ တပ်ကုန်းရပ်ကွက်၊စီတာပူရပ်ကွက်တွေမှာ တဖြေးဖြေးများလာတာကြောင့် အင်တာနက်အသုံးပြုခ လျော့ကျလာတာဖြစ်တယ်လို့သိရပါတယ်။ “တပ်ကုန်းမှာလည်းအစက Starlink ရတဲ့ဆိုင် တစ်ဆိုင်ပဲရှိတယ် အခုကဆိုင်သစ်တွေပေါလာပြီ နှစ်ဆိုင်သုံးဆိုင်ဖြစ်သွားပြီအသစ်ဖွင့်တဲ့ဆိုင်တွေက နဂိုရှိတဲ့ဆိုင်တွေထက်စျေးသက်သာအောင်လုပ်ပေးတော့ စျေးကပိုပိုကျလာတာ စျေးကျလာတော့သုံးတဲ့သူတွေအဆင်ပြေလာတာပေါ့”လို့ မြစ်ကြီးနားမြို့ခံအမျိုးသားတစ်ဦးကပြောပါတယ်။ Starlink Wifi သီးသန့်တပ်ဆင်ထားတဲ့ဆိုင်တွေမှာတစ်နာရီကျပ် ၁၅၀၀၀ ( တစ်သောင်းခွဲ) ပေးရပေမယ့် ဟိုတယ်တွေမှာတော့ တစ်ညကို ကျပ် ၁၃၀၀၀၀ (တစ်သိန်း သုံးသောင်း) အထိပေးရတယ်လို့ အွန်လိုင်းစျေးသည်အမျိုးသမီးတစ်ဦးက အခုလိုပြောပါတယ်။ “ဟိုတယ်တစ်ခုနဲ့တစ်ခုတော့မတူဘူးတစ်ချို့ဟိုတယ်တွေက လူနှစ်ယောက် ဖုန်းနှစ်လုံးကိုတစ်ညတစ်သိန်းရတဲ့ဟိုတယ်ရှိတယ်။ တစ်ချို့ဟိုတယ်တွေကျတော့ တစ်သိန်းသုံးသောင်းထိပေးရတယ် လူနှစ်ယောက် ဖုန်းနှစ်လုံးရတာချင်းတော့တူတူပဲ”လို့ အထက်ဖော်ပြပါ တပ်ကုန်းရပ်ကွက်က နေအမျိုးသမီးတစ်ဦးကပြောပါတယ်။ သြဂုတ်လအထိတော့ စစ်ကောင်စီတပ်က Starlink wifi ရတဲ့ဆိုင်တွေမှာ ငွေလွှဲငွေထုတ်လုပ်သူတွေကိုဖမ်းဆီးတာ၊ ဟိုတယ်နဲ့ဖုန်းဆိုင်တွေ အင်တာနက်ဆိုင်တွေမှာ အသုံးပြုသူတွေကိုရှောင်တခင်ဝင်ရောက်စစ်ဆေးဖမ်းဆီးတာမျိုးရှိခဲ့ပေမယ့် စက်တင်ဘာလဆန်းပိုင်းကနေတော့ငွေလွှဲငွေထုတ်တွေကိုပြန်လည်ခွင့်ပြုလာပြီလို့သိရပါတယ်။ ဖုန်းအင်တာနက်လိုင်းနဲ့ Fiber…
Read More » -
25 Septemberသတင်း
ပူတာအို- မြစ်ကြီးနားလမ်းပိုင်းအခွန်အကောက်များလို့ ပူတာအိုမှာ ဆီစျေးမကျနိုင်သေး
ကချင်ပြည်နယ် ပူတာအိုဒေသထဲကို စက်သုံးဆီကားပုံမှန်ဝင်နေပေမယ့် ဆီစျေးတွေမကျပဲ ဆက်မြင့်တက်နေတယ်လို့ ကားသမားတွေဆီကနေ သိရပါတယ်။ မြန်မာ–တရုတ်နယ်စပ် ကန်ပိုက်တည်ဂိတ်ကနေဝင်လာတဲ့ စက်သုံးဆီတွေဟာ ပူတာအိုဒေသထဲ အလုံအလောက်ဝင်နေပေမယ့် ပူတာအို – မြစ်ကြီးနားကားလမ်းပိုင်း အကောက်အခွန်များနေတာကြောင့် ဆီစျေးမကျပဲ ဆက်မြင့်တက်နေတယ်လို့ ပူတာအိုမြို့လေယာဥ်ကွင်းရပ်ကွက်နေအမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။ “လောလောဆယ်ဝင်နေတဲ့ဆီတွေက တရုတ်ဆီတွေပဲဟုတ်တယ် ကန်ပိုက်တည်မှာ ယူစျေးကတစ်ပေပါမှ ၁၂သိန်းလောက်ပဲရှိတယ်။ မြစ်ကြီးနားမှာလည်း ဒီဆီပဲ မြစ်ကြီးနားမှာကတစ်လီတာမှ ၆၀၀၀ ပဲရှိတယ်။ ဒီမှာက တစ်လီတာကို ၁၃၀၀၀ တဲ့ လမ်းမှာအကောက်အခွန်အရမ်းများလို့စျေးတက်နေတာ”လို့ အသက် ၄၀ ကျော်အရွယ်အထက်ပါအမျိူးသားကပြောပါတယ်။ လတ်တလော မြစ်ကြီးနား–ပူတာအိုကားလမ်းပိုင်းမှာ စစ်ကောင်စီတပ်ရဲ့အကောက်အခွန်ဂိတ် ၆ ခုထက်မနည်းရှိပြီး ဆွမ်ပရာဘွမ်မြို့နယ်ထဲမှာ တော်လှန်ရေးအင်အားစုတွေဘက်က ဂိတ် ၂ ခုရှိတယ်လို့ ကားသမားတွေကဆိုပါတယ်။ “မြို့ကြီးနားမြို့အထွက်မှာလေး နှစ်နေရာပေးရတယ် ပြီးတော့ ပူတာအိုဘက်ရောက်ရင်လည်း မူလာရှီးဒီဂိတ်တို့ လုံရှာယန်ရွာထဲကဂိတ်တွေမှာပေးရတယ်။ တခြားနေရာတွေလည်းရှိသေးတယ်ပေးရတာ”လို့မြစ်ကြီးနား ပူတာအိုလမ်းပိုင်းမှာမောင်းနေတဲ့ယာဥ်မောင်းတစ်ဦးကပြောပါတယ်။ စစ်ရေးအခြေနေကြောင့် မြစ်ကြီးနား–မန္တလေးကုန်သွယ်ရေးလမ်းမကြီး အကန့်သတ်နဲ့သာသွားလာခွင့်ရနေတဲ့အတွက် တရုတ်နယ်စပ် ကန်ပိုက်တည်လမ်းကြောင်းကနေ စက်သုံးဆီတွေဝင်ရောက်နေတာဖြစ်ပါတယ်။ လက်ရှိ မြစ်ကြီးနားမှာ 92 တစ်လီတာ ကျပ် ၆၀၀၀ ၊ 95တစ်လီတာ ကျပ် ၆၅၀၀ ရှိပေမယ့် ပူတာအိုမြို့ မြို့တွင်းဆီပန့်ဆိုင်တွေမှာ 92 တစ်လီတာ ကျပ် ၁၂၀၀၀ 95 တစ်လီတာ ကျပ် ၁၃၀၀၀ အထိစျေးတက်နေတာလို့သိရပါတယ်။ “ဂိတ်ကြေးပေးရတဲ့နေရာတွေက တစ်ဂိတ်တစ်ဂိတ်ကို လေးသောင်း၊ငါးသောင်းအထိပေးရတယ်။ တစ်ချို့ဂိတ်တွေက ဒီဇယ်၊ဓာတ်ဆီတွေပေးရတာရှိတယ် ဆီတစ်ပေပါကို ပူတာအိုအရောက် ငါးသိန်းခြောက်းသိန်းလောက်ကုန်တယ် အဲ့ကြောင့်မကျတာလေးဆီစျေးကပူတာအိုမှာ”လို့ မြစ်ကြီးနား–ပူတာအိုကြားဆီကားမောင်းနေတဲ့ ယာဥ်မောင်းတစ်ဦးကပြောပါတယ်။ ကားလမ်းပိုင်းအကောက်အခွန်များနေတာကြောင့် ပူတာအိုဒေသမှာ စက်သုံးဆီနဲ့အလားတူအခြားကုန်စျေးနှုန်းတွေလည်းမြင့်တက်နေတယ်လို့သိရပါတယ်။ ဇွန်လကုန်ပိုင်းက မိုးရွာသွန်းမှုကြောင့် ကားလမ်းမြေပြိုပြီး တစ်လကျော်ကြာ ပိတ်သွားတဲ့ပူတာအို– မြစ်ကြီးနားကားလမ်းပိုင်း ပြန်ဖွင့်လာတာ နှစ်ပတ်ဝန်းကျင်ရှိသေးတာဖြစ်ပါတယ်။ ပူတာအိုမြို့ဟာ မြန်မာနိုင်ငံရဲ့ မြောက်ဘက်အစွန်းမှာရှိပြီး မြစ်ကြီးနားနဲ့ (၂၁၈)မိုင် အကွာမှာရှိပါတယ်။ By – Zaw Zaw
Read More » -
24 Septemberသတင်း
မြစ်ကြီးနားမြို့ပေါ် ရပ်ကွက် နယ်မြေမှူးတစ်ချို့ကို စစ်တပ်က စစ်သင်တန်းပေးနေ
ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ စစ်ကောင်စီတပ်က နယ်မြေမှူးတွေကို ခေါ်ယူပြီးစစ်သင်တန်းပေးတာတွေလုပ်နေတယ်လို့ ဒေသခံတွေဆီကနေသိရပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ်လကစပြီး မြစ်ကြီးနားမြို့ပေါ် ရက်ကွက်တစ်ချို့ နယ်မြေမှူးတွေကို စစ်သင်တန်းပေးဖို့ စတင်အကောင်အထည်ဖော်လာတာဖြစ်ပြီး လက်ရှိ စစ်သင်တန်းတက်နေတဲ့ နယ်မြေမှူးတွေလည်းရှိနေပြီဖြစ်တယ်လို့ မြစ်ကြီးနားမြို့ခံတွေက ပြောပါတယ်။ “ရပ်ကွက်နယ်မြေမှူးတွေကို စစ်သင်တန်းပေးနေတယ်။ သူတို့ရဲ့ခေါင်းစဉ်ကတော့ ရပ်ကွက်လုံခြုံရေးဆိုပြီး ပြောတယ် ရဲတွေမရောက်နိုင်တာကြောင့် ရပ်ကွက်နယ်မြေမှူးတွေ ပါဝင်လုပ်ဆောင်ရမယ်လို့ ပြောတယ်။မကြာခင် တစ်သုတ် စစ်သင်တန်း ဆင်းတော့မယ်။ စစ်သင်တန်းတက်ထားပြီဖြစ်တဲ့အတွက် ရှေ့တန်းသွားရရင်လည်း သွားရမယ်ဆိုတဲ့ဟာတွေလည်း ရှိလာနိုင်တာပေါ့။ ဒါတော့မသိနိုင်ဘူးလောနော်။” လို့ မြစ်ကြီးနား တပ်ကုန်းရက်ကွက်ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။ စစ်ကောင်စီဘက်က မြစ်ကြီးနားမြို့ပေါ် ရပ်ကွက်၊ကျေးရွာလုံခြုံရေးအတွက်ဆိုတဲ့ ခေါင်းစဉ်တပ်ကာ နယ်မြေမှူးတွေကို မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှာ စစ်ရေးလေ့ကျင့်ပေးနေပြီး ဒီပတ်အတွင်း စစ်သင်တန်းဆင်းမယ့် နယ်မြေမှူးတွေလည်းရှိနေပြီလို့ သူက ဆက်ပြောပါတယ်။ ဒါ့အပြင် စစ်ကောင်စီဘက်က မြစ်ကြီးနားမြို့ပေါ်မှာ တပ်သားစုဆောင်းတာတွေလည်း ဆက်တိုက်လုပ်ဆောင်နေပြီး ပြီးခဲ့တဲ့အပတ်မှာ မြစ်ကြီးနားမြို့ HAPPY KTV အတွင်း လူငယ်အများအပြားကို ဖမ်းဆီးသွားတဲ့ဖြစ်စဉ်တွေလည်း ရှိနေပါတယ်။ ခုလို တပ်သားသစ်စုဆောင်းတာအပြင် မြို့ပြင်ရပ်ကွက်နေရာတစ်ချို့ဂိတ်တွေမှာ လုံခြုံရေးတိုးမြင့်ကာ စစ်ဆေးရေးတင်းတင်းကြပ်ကြပ်လုပ်နေတဲ့အပြင် အခွန်ကောက်ခံတာတွေလည်း လုပ်နေတယ်လို့ မြစ်ကြီးနားဒေသခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လ ၂၁ ရက်နေ့ကစ ကချင်တစ်ပြည်နယ်လုံးမှာ ဖုန်း၊ အင်တာနက်လိုင်းအားလုံး ဖြတ်တောက်ခံရတဲ့နောက် မြစ်ကြီးနားမြို့ကို ကချင်လွတ်လပ်ရေးတပ်မတော်-KIA ပူးပေါင်းတပ်က တိုက်ခိုက်တော့မယ်ဆိုတဲ့ ကောလာဟလသတင်းပျံ့နှံလာတာနဲ့အမျှ စစ်ကောင်စီတပ်က မြို့ပြင် ရွှေစက်၊ နောင်နန်း၊ ပလနနဲ့ နမ်ကျင်ကျေးရွာ၊ မော်ဖောင်းကျေးရွာ စတဲ့ ကျေးရွာတွေမှာ လှုပ်ရှားသွားလာနေတဲ့အပြင် များသောအားဖြင့် မြစ်ကြီးနား – ဆွမ်ပရာဘွမ်လမ်းတစ်ကြော လှုပ်ရှားသွားလာကာ မြစ်ဆုံဒေသ တန်ဖရဲစစ်ကောင်စီတပ်စခန်းမှာ အင်အားဖြည့်၊ လုံခြုံရေးတိုးမြင့်ကာ စစ်ရေးလှုပ်ရှားနေတာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ “မြစ်ဆုံ တန်ဖရဲဘက်ကို စစ်ကားတွေ ပုံမှန် တက်လိုက် ဆင်းလိုက် လုပ်နေတယ်။ ပြီးရင် ပလန ကဝါးခဂိတ်မှာလည်း ပိုပြီးတင်းတင်းကျပ်ကျပ် စစ်ဆေးတယ်။ သူတို့ကို ကြည့်ရတာတော့စစ်ရေးလှုပ်ရှားနေတယ်၊ ပြင်ဆင်နေတယ်လို့ ပြောနေတယ်။ လက်နက်တွေ၊ အင်အားတွေတင်ပြီး ကားက တက်လိုက် ဆင်းလိုက် လုပ်နေပုံထောက်ရင်တော့ စစ်ရေးလှုပ်ရှားနေတယ်လို့ မြင်တယ်။ ပြီးရင် ပလနဘုန်းကြီးကျောင်းမှာလည်း သူတို့က နေ့ခင်းဆို အရပ်သားဝတ်စုံနဲ့ပဲနေပြီး ညဆိုရင် စစ်ဝတ်စုံအပြည့်နဲ့ လမ်းသွားလမ်းလာတွေကို စစ်တယ်။” ဟု နောင်နန်းဒေသခံတစ်ဦးက ပြောပါတယ်။ ဒါ့အပြင် စစ်ကောင်စီတပ်ဟာ ညဘက်မှာ မြစ်ကြီးနားမြို့ပေါ် ဒရုန်းတွေနဲ့ကင်းထောက်ပြီးမသင်္ကာတဲ့နေရာတွေကို ဝင်ရောက်စစ်ဆေးတာတွေ၊ လက်နက်ကြီးရမ်းသန်းပစ်ခတ်တာတွေလုပ်ဆောင်နေသလို ဒီရက်ပိုင်းအတွင်း ဝိုင်းမော်ဘက်ခြမ်းမှာလည်း စစ်ရေးအခြေအနေပြန်လည်တင်းမာလာပြီးမြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကနေ ဝိုင်းမော်၊ စန်းကားနဲ့ ရွှေညောင်ပင်ဘက်တစ်ကြောကို လက်နက်ကြီးနဲ့ ပုံမှန် ပစ်ခတ်နေတာတွေပြုလုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
Read More » -
18 Septemberသတင်း
မြစ်ကြီးနားမြို့အနီးတဝိုက် စစ်တပ်က စစ်ရေးလှုပ်ရှားနေပြီး မြို့တွင်းဂိတ်တစ်ချို့မှာ ဘီးခွန် စတင်ကောက်ခံ
မြစ်ကြီးနားမြို့ အနီးတဝိုက် ကျေးရွာတွေထဲ မသင်္ကာတဲ့နေအိမ်တွေကို စစ်ကောင်စီတပ်က ဝင်စစ်ဆေးနေတဲ့အပြင် မြို့တွင်းမှာ ဂိတ်ဆောက်လုပ်ပြီး အခွန်ကောက်ခံနေတယ်လို့ သိရပါတယ်။ ဇူလိုင်လ ၂၁ ရက်နေ့ ဖုန်း၊ အင်တာနက်လိုင်း ဖြတ်တောက်ခံရပြီးနောက် မြစ်ကြီးနားမြို့ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်က တိုက်ခိုက်တော့မယ်ဆိုတဲ့ သတင်းပျံ့နှံလာတာနဲ့အမျှ စစ်ကောင်စီတပ်က မြို့ပြင်…
Read More » -
6 Septemberသတင်း
တိုက်ပွဲကြောင့်ပိတ်ထားရတဲ့ မြစ်ကြီးနား-မန္တလေးလမ်းပိုင်း ကားအသေးများဖြင့်ပြေးဆွဲနေ
စစ်ကိုင်းနဲ့ကချင်အစပ်မှာ မြို့သိမ်းတိုက်ပွဲတွေပြင်းထန်နေတဲ့အတွက် ပိတ်ထားရတဲ့ မြစ်ကြီးနား– မန္တလေး လမ်းပိုင်း ကားအသေးများဖြင့်ပြေးဆွဲနေတယ်လို့ မြစ်ကြီးနား–မန္တလေးကားပြေးဆွဲနေသူတွေဆီက သိရ ပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ်လ ၁၆ ရက်နေ့က စပြီးတိုက်ပွဲကြောင့်ပိတ်နေတဲ့ မြစ်ကြီးနား–မန္တလေး လမ်းပိုင်းမှာ စက်တင်ဘာလ လဆန်းပိုင်းကစ အန်စာတုံးကားအသေးတွေနဲ့ တောလမ်းတွေကိုသုံးပြီး ခရီးသည်တစ်ယောက်ကို ကျပ်တစ်သိန်းခွဲ နှုန်းပြေးဆွဲနေရတယ်လို့ ကားသမားတစ်ယောက်ကပြောပါတယ်။ “တောလမ်းတွေကိုကွင်းပြီးသွားရတာပေါ့ အဲ့လမ်းတွေကနေ အန်စာတုံးကားလေးတွေတော့သွားလို့ရနေ တယ်။ လမ်းကတော့နည်းနည်းဆိုးတာပေါ့ မြေလမ်းဆိုတော့။ ခရီးလည်း ကြန့်ကြာသွားတာပေါ့ ခရီးသည် ယာဥ်အကြီး Express ကားတွေမရဘူး။ ကုန်ကားတွေတော့မရဘူးပေါ့”လို့ပြောပါတယ်။ အဲ့ဒီအန်စာတုံးကားအသေးတွေနဲ့ တင်နိုင်တဲ့ကုန်ပစ္စည်းတစ်ချို့တော့သယ်ဆောင်လို့ရပေမဲ့ ပစ္စည်းအများအပြားတော့သယ်လို့မရဘူးလို့ ကားသမားတွေကပြောပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ်လ ၁၆ ရက်နေ့ မြစ်ကြီးနား–မန္တလေးလမ်းပိုင်း တိုက်ပွဲတွေကြောင့်သွားလာလို့မရတော့တဲ့ နောက် ကချင်ပြည်နယ်အတွင်း အခြေခံကုန်ပစ္စည်းအဝင်မရှိတော့သလို ခရီးသွားလာတဲ့သူတွေ လျော့နည်း သွားတာတော့မရှိဘူးလို့ ကားသမားတစ်ယောက်ကဆက်ပြောပါတယ်။ “အသွားအလာကတော့ မြစ်ကြီးနားဘက်က ပုံမှန်လောက်တော့သွားကြတယ်။ အရင်လောက်တော့မသွား တော့ဘူးပေါ့လေ”လို့ပြောပါတယ်။ ကားလမ်းအသုံးပြုပြီးသွားလာသူအများစုဟာလည်း လေယာဥ်လက်မှတ်မရလို့ မဖြစ်မနေသွားလာရသူတွေ သာများတယ်လို့ဆိုပါတယ်။ လက်တလော ကချင်ပြည်နယ်ဘက်မှာဆိုရင် မော်လူးဒေသကစလို့ လမ်းတွေပိတ်ထားပြီး မန္တလေးကနေ မြစ်ကြီးနားကိုလာရင်တော့ ထီးချိုင့်မြို့နယ် ကျောင်းကုန်းလမ်းဆုံဒေသကစလို့ လမ်းတွေပိတ်ထားတယ်လို့ သိရပါတယ်။ တစ်ဖက်မှာ စစ်ကိုင်းနဲ့ကချင်အစပ်ဒေသက တိုက်ပွဲတွေကြောင့် ပိတ်ထားရတဲ့ မြစ်ကြီးနား–မန္တလေး လမ်းပိုင်းပြန်ဖွင့်ဖို့ ကြာမြှင့်အုံးမယ်လို့ ကားသမားတွေဆီ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကအသိပေးလာပြီး ဒီနေ့အထိလည်း ကားလမ်းပိုင်းကပြန်မဖွင့်သေးပါဘူး။ ပြီးခဲ့တဲ့ ဩဂုတ်လ ၁၆ ရက်နေ့လောက်ကစကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ PDF ပူးပေါင်းအဖွဲ့တွေဟာ အင်းတော်မြို့အပါအဝင် ကချင်နဲ့စစ်ကိုင်းအစပ်ကမြို့တွေကိုသိမ်းပိုက်ဖို့အတွက် စစ်ဆင်ရေး လုပ်နေတာဖြစ်ပြီး အဲ့ဒီမြို့သိမ်းတိုက်ပွဲကြောင့် လမ်းတွေပိတ်ထားရတာဖြစ်ပါတယ်။ ဒီကနေ့ စက်တင်ဘာလ ၆ ရက်နေ့ဆိုရင် မြစ်ကြီးနား–မန္တလေးကားလမ်းပိုင်း တိုက်ပွဲတွေကြောင့်ပိတ်ထားရ တာ ရက်ပေါင်း ၂၁ အထိရှိလာပြီဖြစ်ပါတယ်။ By – အမိုး
Read More » -
4 Septemberသတင်း
KIO ထိန်းချုပ်နယ်မြေတစ်ချို့မှာ ဘတ်စ်ကားလိုင်း စတင်ပြေးဆွဲနေ
မြစ်ကြီးနား–ဗန်းမော်ကားလမ်းတစ်လျှောက် KIO ထိန်းချုပ်နယ်မြေမှာ ဘတ်စ်ကားလိုင်း စပြေးဆွဲနေပြီဖြစ်တယ်လို့ KIO သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက KNG ကိုပြောပါတယ်။ ခုလိုဘတ်စ်ကားပြေးဆွဲရတာဟာ KIO အစိုးရကနေပြီးတော့ သွားရေး၊လာရေး အခက်ကြုံနေကြတဲ့ အရပ်သားပြည်သူတွေ၊စစ်ရှောင်ပြည်သူတွေအတွက် ရည်ရွယ်တာဖြစ်တယ်လို့ ကေအိုင်အိုသတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ခုလိုပြောပါတယ်။ “ပြည်သူတွေအနေနဲ့ ကိုယ်ရဲ့နေရာဒေသတွေဆီ မပြန်နိုင်သေးဘူးပေါ့ ဒါပေမယ့်လည်း လယ်ယာစိုက်ခင်းတွေကိုတော့ ကိုယ့်ဒေသမှာဘဲလုပ်ကြနေကြတာဆိုတော့ သွားလာရေးအတွက် ကျွန်တော်တို့ KIO အစိုးရကနေပြီးတော့ တက်နိုင်သလောက်ထောက်ပံ့ပေးမယ်ဆိုတဲ့ ရည်ရွယ်ချက်လုပ် ဘတ်စ်ကားတွေကို စီစဉ်ပေးတာပါ”လို့ ပြောပါတယ်။ ဘတ်စ်ကားလိုင်းပြေးဆွဲတာကိုတော့ မနေ့က(စက်တင်ဘာ၂ရက်နေ့)ကနေ စတင်လုပ်ဆောင်နေတာဖြစ်ပြီး လိုင်ဇာ– မြစ်ကြီးနားသွားလမ်းတစ်လျှောက်မှာရှိတဲ့ ဂန်ဒေါင်ယန်ထိ နှစ်ထောင့်ငါးကျပ် (၂၅၀၀) နဲ့ ဂါးရာယန်ထိ ကျပ် ငါးထောင်ကျပ်(၅၀၀၀)အပြင် လိုင်ဇာကနေ ဗန်းမော်သွားလမ်းတစ်လျှောက်မှာရှိတဲ့ ဒေါ့ဖုန်းယန်ထိ ကျပ် နှစ်ထောင့်ငါးရာ(၂၅၀၀)နဲ့ မြို့သစ်ကုန်းလောထိ ကျပ် ငါးထောင်(၅၀၀၀)ထိအသီးသီးကျသင့်မှာဖြစ်တယ်လို့ ဩဂုတ်လ ၃၀ ရက်နေ့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ ဒါ့အပြင် ဘတ်စ်ကားခက ဈေးသက်သာတဲ့အတွက် အရပ်သားပြည်သူတွေသာမက KIO အစိုးရအောက်က ဝန်ထမ်းတွေအားလုံးလည်း ကားခပေးဆောင်ရမှာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။ အလားတူဘဲ ဆန်၊စပါး၊ပဲအမျိုးမျိုး၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊နန်း၊ ဂျင်း၊ အားလူးစတဲ့ ပစ္စည်းတစ်အိတ်ကို ကျပ် နှစ်ထောင် (၂၀၀၀) ကျသင့်မှာ ဖြစ်ပြီး စားဆီ၂၅လီတာတစ်ဗူးကို တစ်ထောင်ကျပ်နဲ့ ဟင်းသီးဟင်းရွက်တစ်အိတ်ကို ၅၀၀ ထိကျသင့်မှာ ဖြစ်တယ်လို့ သိရပါတယ်။ ခုလိုဈေးနှုန်းချိုသာစွာနဲ့ ဘတ်စ်ကားပြေးဆွဲပေးတာကြောင့် ပြည်သူတွေရဲ့ သွားလာရေးအတွက် အကုန်အကျသက်သာပြီး ပိုမိုအဆင်ပြေလာတယ်လို့ လိုင်ဇာဒေသခံအမျိုးသမီးတစ်ဦးက ခုလိုပြောပါတယ်။ “လမ်းစရိတ်တွေလည်း အရမ်းဈေးကြီးနေတယ် အခုအချိန်က ကိုယ်က ဆိုင်ကယ်မရှိ ကားမရှိဆိုတော့ သွားလာလို့မရ ငှားရအောင်လည်း မလွယ်တော့ အခုလို ဘတ်စ်ကားတွေ စီစဉ်လုပ်ပေးတော့ အကုန်လုံးက အရမ်းဝမ်းသာနေကြတယ်”လို့ ဆိုပါတယ်။ ပုံမှန်အားဖြင့် လိုင်ဇာမြို့ကနေ မြစ်ကြီးနားအသွားအပြန်ကို ၆ သိန်းဝန်းကျင်လောက် ကုန်ကျတာဖြစ်ပေမယ့်လည်း ခုလို လိုင်ဇာ–မြစ်ကြီးနားသွားလမ်းတစ်လျှောက် ဘတ်စ်ကားပြေးဆွဲပေးတဲ့အတွက် အရပ်သားပြည်သူတွေအတွက် သွားလာရေးစရိတ်ပိုမို ချွေတာလာနိုင်တာဘဲ ဖြစ်ပါတယ်။ လက်ရှိကားလမ်းပြေးဆွဲတဲ့ အချိန်တွေကိုတော့ မနက် ၇ နာရီခွဲအချိန် ဂါးရာယန်၊ ညနေပိုင်း ၁ နာရီမှာတော့ မြို့သစ်ကုန်းလော သတ်မှတ်ထားတာဖြစ်ပြီး လုံခြုံမှုရှိတဲ့နေရာတွေမှာသာ ပြေးဆွဲနေတယ်လို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။ ကချင်လွတ်လပ်ရေးအဖွဲ့ KIA ပူးပေါင်းတပ်တွေဟာ အာဏာသိမ်း ၃ နှစ်ကျော်ကာလအတွင်း နယ်စပ်ကုန်သွယ်မြို့ဖြစ်တဲ့ လွယ်ဂျယ်မြို့အပြင် မြို့ ၉ မြို့ကို သိမ်းပိုက်ထားပြီး စစ်တပ်စခန်း ၂၀၀ ကျော်သိမ်းပိုက်ထားနိုင်ပြီဖြစ်ပါတယ်။ ဒါ့အပြင် သိမ်းပိုက်ထားတဲ့ မြို့ရွာတွေမှာလည်း အုပ်ချုပ်ရေးယန္တရားစပြီးလည်ပတ်နေပြီဖြစ်ပါတယ်။ By – Hope
Read More » -
2 Septemberသတင်း
ကချင်ဒေသမှာ အခြေခံစားသောက်ကုန်အများပိုင်းစတင်ပြတ်လပ်
ကချင်ပြည်နယ် မြစ်ကြီးနား–မန္တလေးလမ်းပိတ်ဆို့မှုကြောင့် ကချင်ပြည်နယ်အတွင်း အခြေခံစားသောက်ကုန်တွေပြတ်လပ်လာပြီး မြစ်ကြီးနားဒေသခံတွေကပြောပါတယ်။ ဩဂုတ်လ ၁၆ ရက်နေ့ မြစ်ကြီးနား–မန္တလေးကားလမ်းတစ်လျှောက် KIA ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲစတင်ဖြစ်လာကတည်းက ကားလမ်းပိုင်းသွားလာခွင့်မရတာ ခုဆိုရင် ၂ ပတ်ကျော်ကြာလာပြီဖြစ်ပါတယ်။ ခုလိုအခြေအနေတွေကြောင့် မြစ်ကြီးနားကိုတက်လာတဲ့ ကုန်တင်ကားတွေ လမ်းခရီးတွေမှာ အများအပြားပိတ်မိနေပြီး ကုန်ကားအဝင်မရှိတော့တဲ့အတွက် မြစ်ကြီးနားမြို့အပါအဝင် ကချင်ပြည်နယ်က မြို့နယ်အားလုံးမှာ ကုန်ဈေးနှုန်းအဆမတန်မြင့်တက်နေတာဘဲ ဖြစ်ပါတယ်။ “စျေးက မနက်နဲ့ ညတောင်မတူတော့ဘူး။ မနက်တစ်မျိုး ညနေတစ်မျိုး မနက်ဒီစျေးဆို ညနေဒီစျေးမရတော့ဘူး။ တချို့ဆို ဆိုင်တွေပိတ်သိမ်းထားတယ်။ တစ်နေ့ထဲဝယ်တစ်နေ့ထဲရောင်းတာတောင် အရင်းပြုတ်တယ်ပြောတယ် အရမ်းငြီးနေကြတယ်။ ကျမတို့တောင်စျေးမှာပြောနေကြတယ် ရှေ့ဆက်ပြီး ဒီလိုပဲဖြစ်မယ်ဆိုရင်တော့ စားဝတ်နေရေးမလွယ်တော့ဘူး အရင်းပဲပြုတ်နေတာ။ စားဖို့သောက်ဖို့တောင်မလွယ်တော့ဘူး။ စိတ်ညစ်စရာကြီး တွေးတောင်မတွေးဝံ့ဘူး” လို့မြစ်ကြီးနား စျေးသည်ဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။ တိုက်ပွဲတွေကြောင့် မြစ်ကြီးနား–မန္တလေး လမ်းပိုင်းပိတ်ထားတာ ရက်ကြာမြှင့်လာတာနဲ့အတူ မြစ်ကြီးနားမြို့မှာ ကြက်ဥတစ်လုံးကို ၁၃၀၀၊ ခရမ်းချဉ်သီး ၂ လုံး ၃ ထောင်၊ တစ်ပိဿာကို တစ်သောင်းခွဲ၊ စားသုံးဆီ တစ်ပိဿာ နှစ်သောင်း ၊ ကြက်သွန်ဖြူ၊ကြက်သွန်နီ တစ်ပိဿာ နှစ်သောင်းခွဲထိ မြှင့်တက်နေတဲ့အပြင် ကုန်တွေပြတ်လပ်လာတာကြောင့် ပိတ်ထားတဲ့ဆိုင်တွေလည်းရှိလာတယ်လို့သိရပါတယ်။ ဒါ့အပြင် ဖုန်း၊အင်တာနက်လိုင်းပါပြတ်တောက်နေတဲ့အတွက် စစ်ရှောင်တွေကို လစဉ်လတိုင်း ဆန်နဲ့ ငွေကြေးကူညီထောက်ပံ့ပေးနေတဲ့ World Food Program WFP ကလည်း ဇူလိုင်လကတည်းကတည်းကနေ မရောက်ရှိနိုင်တော့တာဖြစ်တယ်လို့ စစ်ရှောင်တွေလည်း ပိုပြီးဒုက္ခရောက်နေကြတယ်လို့ သိရပါတယ်။ ဒါကြောင့် စစ်ရှောင်ပြည်သူတွေအတွက် စားနပ်ရိက္ခာပြတ်လပ်နေပြီး ကူညီထောက်ပံ့မှုတွေလည်း လိုအပ်နေတယ်လို့ ခါနန်စစ်ရှောင်စခန်းတာဝန်ခံက ခုလိုပြောပါတယ်။ “အဓိကခက်တယ်ဆိုတာက ဆန်ပဲ။ ဆန်သာရှိနေရင် ကျန်တာက ဘာနဲ့ပဲဖြစ်ဖြစ်ရှာဖွေစားပြီး ဆက်နေလို့ရသေးတယ်။ ဟင်းသီးဟင်းရွက်တွေ တောထဲကရှာကြံပြီး စားလို့ရတယ်။ တချို့ စားဖို့ဆန်မရှိတော့ပဲ အရမ်းခက်လာတဲ့သူတွေကိုတော့ အသင်းတော်ကနေမှ ဆယ်ဘို့တစ်ဘို့ဆန်ထားထားတဲ့ထဲကခွဲဝေမျှစား တချို့ကူညီမှုပြန်ရရင် ပြန်မျှစားအဲလိုနဲ့ လည်ပတ်နေတယ်။ ရေရှည်ဆိုရင်တော့ တော်တော်ခက်ခဲလာပြီ။ ဝိုင်းမော်တဝိုက် စစ်ရေးအခြေအနေ တည်ငြိမ်သွားရင်တော့ သူ့ဟာနဲ့သူအနည်းငယ်တော့ ခံသာသွားမယ်ထင်တယ်”လို့ဆိုပါတယ်။ လက်ရှိ မြစ်ကြီးနားမှာ ကုန်ပစ္စည်းအများပိိုင်းပြတ်လပ်လာတာနဲ့အမျှ ကုန်စျေးနှုန်တွေလည်း ဆက်တိုက်မြှင့်တက်နေချိန် မြစ်ကြီးနားကနေတစ်ဆင့် ကုန်တွေသယ်ယူရတဲ့ ပူတာအို ၊ တနိုင်း၊ဖားကန့် စတဲ့ မြို့နယ်က ပြည်သူတွေနဲ့စစ်ဘေးရှောင်ပြည်သူတွေ ပိုပြီးကြပ်တည်းလာနေတယ်လို့ ဒေသခံတွေကပြောပါတယ်။ လက်ရှိအချိန်ထိလည်း မြစ်ကြီးနား–မန္တလေးလမ်းအခြေအနေကြောင့် လမ်းတွေပိတ်ဆို့ထားဆဲဖြစ်ပြီး ဒီကားလမ်းပိုင်းဟာလအနည်းငယ်ကြာအုံးမယ်လို့ ကားသမားတွေနဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေကတော့ KNG ကိုပြောပါတယ်။ “မြစ်ကြီးနား လမ်းပိုင်းအခြေအနေက လောလောဆယ်က လမ်းကပိတ်တုန်းပဲ။ ကျနော်တို့ ကားတွေတောင်မှ ၁၀ ရက်လောက်စောင့်ပြီး အခုပြန်လှည့်လာတယ်။ အခုမန္တလေးကိုရောက်ပြီ။ ဖွင့်ဖို့အခြေအနေကမရှိဘူး။ ကြာအုံးမှာလို့ပြောတယ်။ ခရီးသည်တွေက အခုပိတ်ထားတဲ့နေရာမှာ ဆိုင်ကယ်နဲ့ ၂ သိန်းတော့ပေးရပြီး အဲလိုဖြတ်နေကြတယ်။ ပိတ်မိနေတဲ့ကားတွေပေါ့။ သူတို့က မြစ်ကြီးနားကနေလာတယ်။ ပြီးတော့ မှော်လူး–မှော်ဟန်တွေမှာ ပိတ်မိနေကြတာပေါ့”လို့ မြစ်ကြီးနား–မန္တလေးလမ်းပြေးဆွဲနေတဲ့ ကားဆရာတစ်ဦးက ပြောပါတယ်။ ဩဂုတ်လ ၁၆ ရက်နေ့စပြီး ကချင် – စစ်ကိုင်းအစပ်ဒေသ ကသာခရိုင်တွေဖြစ်တဲ့ ထီးချိုင့်၊ပင်လည်ဘူး၊အင်းတော်ဒေသတစ်လျှောက် စစ်တပ်နဲ့ KIA ပူးပေါင်းတပ်တို့တိုက်ပွဲပြင်းထန်နေတာလည်းဖြစ်ပါတယ်။ ကချင်ဒေသမှာ ခုလို စစ်ရေးအခြေနေကြောင့် မြစ်ကြီးနား– မန္တလေးကားလမ်းပိုင်းသွားလာခွင့်ပိတ်ခံထားရချိန် ကချင်ပြည်နယ်ထဲ ကုန်စည်စီးဆင်းတဲ့တစ်ခုတည်းသော နေရာဟာ ကံပိုက်တည်တရုတ်နယ်စပ်ကုန်သွယ်ရေးစခန်းဖြစ်ပါတယ်။ သို့သော် လက်ရှိ မြန်မာငွေစျေးကျဆင်းမှုကြောင့် တရုတ်ပြည်ကတင်သွင်းတဲ့ကုန်တွေကလည်း စျေးတွေမြင့်တက်နေတဲ့အပြင် တရုတ်ဘက်ကလည်း အခြေခံစားသောက်ကုန်တွေကို အကန့်အသတ်နဲ့သာ သယ်ယူခွင့်ပြုနေတယ်လို့ ပြည်သူတွေဟာ အဖက်ဖက်ကနေ ပိုပြီးခက်ခဲလာနေကြတာလည်းဖြစ်ပါတယ်။ ကချင်ပြည်နယ်ဟာ မြန်မာပြည်ရဲ့အထက်ပိုင်းဒေသမှာရှိပြီး လူဦးရေ ၁ သန်းကျော်ရှိသလို၊ ခရိုင် ၄ ခု၊မြို့နယ် ၁၈ မြို့နယ်နဲ့ဖွဲ့စည်းထားတဲ့ ပြည်နယ်ဖြစ်ပါတယ်။ By…
Read More » -
2 Septemberသတင်း
မြစ်ကြီးနားမြို့မှာ ၂ ရက်အတွင်း လက်နက်ကြီး ၃ ကြိမ်ကျပေါက်ကွဲ
ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ပြိီးခဲ့တဲ့ ၂ ရက်တာအတွင်း လက်နက်ကြီး ၃ ကြိမ်ကျရောက်ပေါက်ကွဲခဲ့တယ်လို့ မြစ်ကြီးနားမြို့ခံတွေဆီကနေ သိရပါတယ်။ ဩဂုတ်လ ၂၈ ရက်နဲ့ ၃၁ ရက်နေ့မှာ မြစ်ကြီးနားမြို့ ရွှေညောင်ပင်ရပ်ကွက်နဲ့ ကြက်ပေါင်ခြံရပ်ကွက်နေရာ ၃ ခုမှာ လက်နက်ကြီးကျပေါက်ကွဲတာဖြစ်တယ်လို့ မြစ်ကြီးနားမြို့ခံအမျိုးသမီးတစ်ဦးက KNG ခုလိုပြောပါတယ်။ “၂၈ ရက်နေ့က ရွှေညောင်ပင်ရပ်ကွက် တရုတ်စာသင်ကျောင်းရဲ့အောက်ချိုင့်ဘက်မှာတစ်လုံးကျတယ် ပြီးတော့ ကြက်ပေါင်ခြံရပ်ကွက် မြစ်ကမ်းနံဘေးမှာတစ်လုံးကျတယ်။ ၃၁ ရက်နေ့က ဂေါ်ရခါးနှစ်ခြင်းအသင်းတော်ဘုရားကျောင်းနားမှာတစ်လုံးကျတယ်”လို့ ပြောပါတယ်။ ရွှေညောင်ပင်ရပ်ကွက် တရုတ်စာသင်ကျောင်းရဲ့နောက်ဘက်ကျပေါက်ကွဲတဲ့လက်နက်ကြီးကြောင့် နေအိမ်တစ်လုံး အိမ်ဝင်းတံခါးအားလုံးကြေမွသွားတယ်လို့ ပြောပေမယ့် လူမရှိတဲ့အိမ်ဖြစ်တာကြောင့် ထိခိုက်မှုမရှိခဲ့ဘူးလို့ သိရပါတယ်။ အလားတူဘဲ ကြက်ပေါင်ခြံရပ်ကွက်အတွင်း ဂေါ်ရခါးဘုရားကျောင်းနီးကျပေါက်ကွဲတဲ့လက်နက်ကြီးနဲ့ မြစ်ကမ်းနံဘေးမှာ ကျပေါက်ကွဲတဲ့လက်နက်ကြီးတွေလည်း လူထိခိုက်မှုမရှိဘူးလို့ သိရပါတယ်။ ကြက်ပေါင်ခြံရပ်ကွက်မှာ ပြည်ခိုင်ဖြိုးပါတီရုံးရှိပြီး စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ မေလ ဝန်းကျင်ကစပြီး လက်နက်ကြီးအထိုင်ချထားတဲ့နေရာဖြစ်သလို မကြာခနဆိုသလို လက်နက်ကြီးပစ်ခတ်နေတာလည်းဖြစ်ပါတယ်။ ခုလို လက်နက်ကြီးကျရောက်ပေါက်ကွဲတာကြောင့် တရုတ်ကျောင်းတက်နေတဲ့ကလေးမိဘတွေ စိုးရိမ်နေရပြီး အနီးပတ်ဝန်းကျင်ကပြည်သူတွေလည်း လက်နက်ကြီးကျပေါက်ကွဲမှာကို စိုးရိမ်ထိတ်လန့်စွာနဲ့နေနေကြရတယ်လို့ သိရပါတယ်။ “လူနေတဲ့ရပ်ကွက်ဘက်တွေကို ခုလိုမပစ်ကြရင်ကောင်းမယ် ကလေးတွေကျောင်းလွတ်ဖို့တောင် စိုးရိမ်တယ်။ပြီးတော့ ဒီနားတစ်ဝိုက်ဆို စစ်ရှောင်တွေလည်း များတယ်“လို့ နောက်ထပ် အမျိုးသမီးတစ်ဦးက ဆက်ပြောပါတယ်။ စစ်ကောင်စီတပ်ဟာ ဇူလိုင်လ ၂၁ ရက်နေ့ကစပြီး ကချင်ပြည်နယ်တစ်ပြည်နယ်လုံး ဖုန်း၊အင်တာနက်လိုင်းဖြတ်တောက်ထားပြီးနောက် မြစ်ကြီးနားမြို့တွင်းကနေ လက်နက်ကြီး ပစ်ခတ်တာအပြင် ကင်းပတ်ဒရုန်းနဲ့ညတိုင်း ကင်းလှည့်တာတွေလုပ်နေတယ်လို့လည်း မြစ်ကြီးနားမြို့ ကာကွယ်ရေးတပ်က ပြောပါတယ်။ “နေ့လည်ကျတော့လင်းနေတော့မမြင်ရဘူး ညဆို တစ်ညလုံးလုံးကင်းပတ်တာ ပြီးတော့ ဒီရက်ပိုင်းဆို လက်နက်ကြီးတွေလည်း ခပ်စိပ်စိပ်ပြန်ပစ်လာပြီ မြို့တွင်းနေရာတစ်ချို့မှာလည်း အရပ်ဝတ်နဲ့ကင်းပတ်တာတွေရှိနေတယ်”လို့ပြောပါတယ်။ လက်နက်ကြီးကျပေါက်ကွဲတဲဲ့ ကြက်ပေါင်ခြံရပ်ကွက်ဟာ ဧရာဝတီမြစ်ကမ်းနံဘေးမှာရှိပြီး ရွှေညောင်ပင်ရဲ့နောက်ကျောရပ်ကွက်တစ်ဆက်တည်းရှိတဲ့ ရပ်ကွက်တွေဖြစ်ပါတယ်။ မြစ်ကြီးနားမြို့သည် ကချင်ပြည်နယ်ရဲ့ မြို့တော်ဖြစ်ပြီး ရန်ကုန်မြို့နဲ့ ၉၁၉ မိုင်၊ မန္တလေးမြို့နဲ့ ၄၈၇ မိုင် ကွာဝေးတဲ့မြို့ဖြစ်ပါတယ်။ By – Zami
Read More »








