ရေဘေးအန္တရာယ်
-
Jul- 2024 -16 Julyသတင်း
ကသာမှာ ရွာပေါင်း ၃၀ လောက်မှာ ရေဝပ်နေတဲ့အတွက် ရေဘေးကြုံခဲ့ရ
စစ်ကိုင်းနဲ့ကချင်အစပ်က ကသာမြို့နယ်မှာ ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် ရွာပေါင်း ၃၀ လောက် ရေဘေးအန္တရာယ်ကြုံတွေခဲ့ရတယ်လို့ ဒေသခံတွေကပြောပါတယ်။ ဇူလိုင်လ ၁၄ ရက်နေ့ကနေ ဧရာဝတီမြစ်ရေဟာ ကသာမြို့နယ်မှာ စိုးရိမ်ရေအမှတ်အောက်ကို ရောက်ရှိသွားပြီ မြစ်ကမ်းနဘေးက ကျေးရွာတွေနဲ့ မြေနိမ့်ပိုင်းကျေးရွာတွေ ရေဝပ်နေဆဲဖြစ်ပါတယ်။ လက်ရှိ ရေဘေးကြုံခဲ့ရတဲ့ဒေသခံတွေအတွက် အစား အသောက်၊ ဆေးဝါးနဲ့ အကူညီတွေလိုအပ်နေပြီး ကသာဒေသခံတွေဟာဖုန်း နဲ့ အင်တာနက်လိုင်းပြတ်တောက်မှုတွေကြောင့် ရေဘေးအတွက်ကြိုတင် ပြင်ဆင်ချိန်လည်းမရလိုက်ဘူး လို့ဒေသခံတွေကပြောပါတယ်။ “ကျနော်တို့လူထုတွေကလည်း မိုးလေဝသသတင်းအချက်လက်တွေက သတင်းနားထောင်တာတွေလည်း နည်းသလို အင်တာနက်မရတော့လည်းသတင်းတွေကမသိရဘူးလေ။ မသိရတော့ ကြိုကြေညာထားလည်း ရွှေ့ပြောင်းတာမလုပ်ဘူး ရေရောက်လာမှပဲ လုပ်ကြတဲ့အခါ ပြင်ဆင်ချိန်အားနည်းတာပေါ့ ဆေးဝါးနဲ့ စား နပ်ရိက္ခာပါပဲ အဓိကပဲ”လို့ဒေသခံတစ်ယောက်ကပြောပါတယ်။ ရေဘေးကြုံခဲ့ရတဲ့ ကျေးရွာတွေက ကျော်ပင်၊ သံပုရာကျွန်း၊ ညောင်ခြေထောက်၊ ကျောက်ပုံ၊ ကလုံ ဆယ်ကြီး နဲ့ ဒေါင့်ကြီးစတဲ့ကျေးရွာတွေအပါအဝင် မြေနိမ့်ပိုင်းကျေးရွာပေါင်း ၃၀ လောက်ရေဘေးကြုံတွေ့ ခဲ့ကြရတာဖြစ်ပါတယ်။ ဧရာဝတီမြစ်ရေဟာ ကသာမြို့နယ်မှာ ပြီးခဲ့တဲ့ ဇူလိုင်လ ၃ ရက်နေ့ကစပြီး တဖြည်းဖြည်းမြင့်တက်လာရာ ကနေ ဇူလိုင်လ ၁၃ ရက်နေ့အထိ အမြင့်ဆုံးစိုးရိမ်ရေအမှတ်အထက် ပေဝက်ခန့်ကျော်လွန်ရောက်ရှိခဲ့ ကြောင်း မိုးဇလရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။ ဒါ့အပြင် တစ်ဖက်မှာတော့ တိရစ္ဆာန်သေဆုံးမှုနဲ့ စပါးခင်းပျက်စီးမှုတွေများပြားသလို လူပျောက်ဆုံးနေတာ တွေပါရှိတယ်လို့ ဒေသခံတွေကပြောပါတယ်။ “အရင်နှစ်တွေနဲ့မတူပဲ ရေကတစ်အားတိုးလိုက်တယ်။ ရေကနေ့ချင်းညချင်းတိုးပြီးဖြစ်သွားလိုက်တာ။ ပျောက်ဆုံးတာတွေလည်းရှိတယ်။ ပျောက်သွားတာတွေလည်းအခုချိန်ထိဆက်သွယ်လို့မရသေးဘူး။ “လို့ပြောပါတယ်။ ရေနစ်ပြီးတဲ့နောက်ပိုင်းပျောက်ဆုံးသူတွေရှိပေမဲ့လည်း အတိအကျအတည်ပြုဖို့ခက်သလို ပျောက်ဆုံးသူ တွေရှိတာတော့သေချာကြောင်းဒေသခံတွေကဆိုပါတယ်။ ဒါ့အပြင် ကသာမြို့နယ်အတွင်း စက်သုံးဆီပြတ်လက်မှုနဲ့ စက်သုံးဆီဈေးနှုန်းမြှင့်တက်မှုတွေကြောင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေလုပ်ဆောင်ရာမှာအခက်အခဲတွေရှိနေတယ်လို့ပြောပါတယ်။ လက်ရှိတော့ ရေဘေးသင့်ခဲ့တဲ့ ကျေးရွာတွေအတွက် ဆေးဝါးနဲ့အစားအသောက်အကူညီတွေများစွာလိုအပ် နေပြီး ပြန်လည်ထူထောင်ရေးအတွက်လည်းအကူညီတွေလိုအပ်နေတယ်လို့ပြောပါတယ်။…
Read More » -
3 Julyသတင်း
မိုးကောင်းမြို့မှာ စိုးရိမ်ရေအမှတ်ကျော်လွန်တဲ့အထိ ရေမြင့်တက်နေပြီး ရပ်ကွက်အားလုံး ရေဘေးအန္တရာယ်ကြုံတွေ့နေရ
ကချင်ပြည်နယ် မိုးကောင်းမြို့ပေါ်မှာ ရေကြီးရေလျှံဖြစ်နေပြီး စိုးရိမ်ရေအမှတ်ကျော်လွန်တဲ့အထိ ရေမြင့်တက်နေတာကြောင့် မြို့တွင်းရပ်ကွက်အားလုံးနီးပါ ရေဘေးအန္တရာယ်ကြုံတွေ့နေရပြီလို့ သိရပါတယ်။ ဇူလိုင်လ ၂ ရက်နေ့ ညနေပိုင်း ၄ နာရီအချိန်မှစတင်ပြီး မိုးကောင်းမြို့ထဲ ရေစတင်ဝင်ရောက်လာပြီး ဒီကနေ့မှာတော့ မြို့တွင်းကားလမ်းမကြီးသာကျန်ရှိပြီးတော့ လမ်းမကြီးရဲ့ တစ်ဖက်ခြမ်းစီရှိတဲ့ လူနေအိမ်ရပ်ကွက် အားလုံး ရေနစ်မြုပ်လာတယ်လို့ မိုးကောင်းဒေသခံ အမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။ “မြို့တစ်ခုလုံးကြီးနေပါတယ် ကယ်ဆယ်ရေးတွေလည်း အခုလုပ်ဖို့ စီစဉ်နေကြတယ်။ ရေကြီးတဲ့ အခြေအနေက ကားလမ်းဘဲကျန်တော့တယ်။ မြို့ရဲ့ ဒီဘက် ဟိုဘက်ခြမ်း ရပ်ကွက်အကုန်လုံးမှာ ရေပြည့်သွားပြီ။ စတင်များလာတာက ညနေပိုင်း ၄ နာရီလောက်မှ ရေစတင်များလာတာဟုတ်။ မိုးကောင်းမှာက ကားလမ်းမကြီးက ကုန်းလိုဖြစ်နေတော့ ကားလမ်းပဲပေါ်တော့တာဟုတ်တယ်”လို့ပြောပါတယ်။ လက်ရှိ မြို့တွင်းရပ်ကွက်တွေဖြစ်တဲ့ မြို့ဦး၊ စျေးကုန်း၊ ကိုးတန်း၊ ကျွန်းတော၊ ဖိုးချစ်ကုန်း၊ ဘူတာဇွပ်နဲ့ နောင်ကိုင်တော စတဲ့ ရပ်ကွက်နေရာတွေမှာ ရေကြီးရေလျှံဖြစ်နေပြီး ပြည်သူတွေက သွားလို့မရဘဲ နေအိမ်အတွင်းမှာပဲ ရေဘေးအန္တရာယ်ကြုံတွေ့နေရတယ်လို့ ပြောပါတယ်။ မိုးကောင်းမြို့မှာ ဒီကနေ့ အစောပိုင်းမှ ရေစိုးရိမ်အမှတ်ကျော်လွန်ပြီး မြင့်တက်လာသလို နောက်ထပ် ရေစိုးရိမ်အမှတ်ထက် ၄ ပေဝန်းကျင်အထိ မြင့်တက်လာနိုင်တယ်လို့ မိုးလေဝသနှင့်ဇလဗေဒက ခန့်မှန်းထားတာကြောင့် အုပ်ချုပ်ရေးအဖွဲ့တွေက ဒေသခံပြည်သူတွေကို ယာယီရွှေ့ပြောင်းနေထိုင်ကြဖို့ လိုက်လံပြောဆိုနေတယ်လို့လည်း သိရပါတယ်။ အခုလို မိုးကောင်းမြို့တစ်ခုလုံး ရေကြီးရေလျှံဖြစ်ပြီး ရေဘေးအန္တရာယ်ကြုံတွေ့နေရတဲ့ ဒေသခံပြည်သူတွေကို အဓိကအနေနဲ့ သောက်ရေသန့်နဲ့ အစားအသောက်တွေ ကူညီပေးဖို့ လိုအပ်နေတယ်လို့ မိုးကောင်းဒေသခံတစ်ဦးက ဆက်ပြောပါတယ်။ “ပြည်သူတွေက လောလောဆယ်က တစ်ချို့နေရာတွေမှာ ရွှေ့ပြောင်းနေထိုင်ကြတယ်လို့တော့သိရတယ်။ အများပိုင်းက နှစ်တိုင်းလိုလိုရွှေ့ပြောင်းတာမျိုးတော့ မရှိဘူး။ အားလုံးက မိမိအိမ်မှာပဲ ကြီးရင်လည်း ကြီးသလို ရှိတယ်။ ပြီးရင် ရွှေ့ပြောင်းမယ့် နေရာလည်းမရှိဘူးလေ။ ဒါကြောင့် ပြည်သူတွေအတွက် လိုအပ်တာက သောက်ရေသန့်နဲ့ အစားအသောက်တွေက ကူညီပေးဖို့ လိုအပ်နေပါတယ်”လို့ပြောပါတယ်။ မိုးကောင်းဒေသခံပြည်သူတွေရဲ့ ပြောဆိုချက်အရ ရေက ဆက်လက်မြင့်တက်နေသေးတာကြောင့် လက်ရှိအချိန်ထက် ပိုမိုကြီးလာနိုင်သလို ချောင်ရေကြီးတဲ့ အထက်ပိုင်းတွေမှာ မိုးတိတ်သွားပါက နေ့ချင်းတွင်းမှာပဲ ရေပြန်ကျသွားနိုင်တယ်လို့ ပြောပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်မှာ စိုးရိမ်ရေအမှတ်ကျော်လွန်ပြီး ၄ ပေအထိ မြင့်တက်ခဲ့တာကြောင့် မိုးကောင်းမြို့တစ်ခုလုံး အကြီးမားဆုံး ရေဘေးအန္တရာယ်ကြုံတွေ့ခဲ့ရတာဖြစ်ပြီး ယခုနှစ်မှာလည်း စိုးရိမ်အမှတ် ၄ ပေအထိ ရောက်ရှိနိုင်တယ်လို့ ခန့်မှန်းထားတာကြောင့် ကြီးမားတဲ့ ရေဘေးအန္တရာယ်ကြုံတွေ့ရမှာကို မိုးကောင်းပြည်သူတွေက စိုးရိမ်နေကြပါတယ်။ မိုးကောင်းမြို့ဟာ မြေနိမ့်ရာဒေသတစ်ခုဖြစ်တဲ့အပြင် ချောင်းရေ ၃ နေရာဆုံတဲ့ ရေလမ်းကြောင်းမှာ တည်ရှိတဲ့ မြို့နယ်တစ်ခုဖြစ်တာကြောင့် နှစ်စဉ် ရေဘေးန္တရာယ်ကို ၃ ကြိမ်အထက် မိုးကုန်တဲ့အထိ ကြုံတွေ့နေရမြဲဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။ နှစ်စဉ် ရေဘေးအန္တရာယ်ကို ကြုံတွေ့နေရတဲ့ အဓိကအကြောင်းအရင်းမှာ တနိုင်းဘက်ကနေ စီးဆင်းလာတဲ့ မိုးကောင်းချောင်း၊ မိုးညှင်းဘက်ကနေ စီးဆင်းလာတဲ့ နန့်ရင်းချောင်း၊ အင်းတော်ဘက်ကနေ စီးဆင်းလာတဲ့ လိုင်နောင်ချောင်း စတဲ့ ချောင်းရေ ၃ ခုက ဆုံစည်းတဲ့ နေရာဖြစ်တာကြောင့်လည်း မိုးကောင်းမြို့ဟာ ကချင်ပြည်နယ်ထဲက ရေဘေးအန္တရာယ်ကို နှစ်စဉ် ကြုံတွေ့နေရတာလည်းဖြစ်ပါတယ်။ By – နော်ထွယ့်(ဟူးကောင့်)
Read More »