သစ်ထုတ်လုပ်မှု

  • May- 2024 -
    20 May
    သတင်း

    မြစ်ဆုံအထက် တယန်ဇွပ်တစ်ဝိုက်မှာ စစ်ကောင်စီတပ်နဲ့ KIO ရဲ့ ခွင့်ပြုချက်နဲ့ လုပ်ငန်းရှင်တချို့ မရပ်မနားသစ်ထုတ်လုပ်

    မြစ်ကြီးနား – ဆွမ်ပရာဘွမ်လမ်း မြစ်ဆုံအထက် တယန်ဇွပ်တစ်ဝိုက်မှာ စစ်ကောင်စီတပ်နဲ့ KIO ရဲ့ ခွင့်ပြုချက်နဲ့ လုပ်ငန်းရှင်တချို့ မရပ်မနားသစ်ထုတ်လုပ်နေပြီး ကားလမ်းပိတ်ထားပေမယ့် သစ်ကားကြီးတွေက ညတိုင်သွားလာနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ “တန်ဖရဲရွာကနေကျော်တက်သွားပြီး အခုတော့ ဟိုး..အထက်ဘက် ဆက်ထုတ်နေတယ်။ ဆွမ်ပရာဘွမ်လမ်းဘက် ထုတ်နေတယ်။ မရပ်မနား ဆက်တိုက်ပါပဲ။ ညပဲဖြတ်တယ်။ အဲဒီသစ်ကားကြီးတွေက အရှိန်နဲ့ အရမ်းမြန်မောင်းတယ်လေ။ သူတို့သစ်ကားဖြတ်ပြီဆို လူကိုလည်း တိုက်ပစ်လိုက်တယ်၊ ကျွဲ၊နွားတွေကိုလည်း တိုက်ပစ်လိုက်တယ်။ တစ်ညတည်းမှာ နွား ၂ ကောင်ကို ကားနဲ့တိုက်သွားတာရှိတယ်။ သူတို့ အဲလိုကားနဲ့တိုက်တာကြောင့် ရွာက နွားတွေတောင် တော်တော်သေတယ်။ ညပဲသွားတယ်။ နေ့ဆို လုံး၀ မတွေ့ဘူး။ ည ၁၀ နာရီဆိုတာနဲ့သွားပြီ။ တစ်ညမှာ ကားအစီး ၂၀ ကျော်လောက်ဖြတ်တယ်”လို့ တယန်ဇွပ်ဒေသခံတစ်ဦးက ပြောပါတယ်။ မြစ်ကြီးနား – ဆွမ်ပရာဘွမ်လမ်းပိတ်ထားတာ ၂ လကျော်ကြာလာပြီဖြစ်ပြီး တခြားခရီးသွားကားနဲ့ ကုန်တင်ကားတွေ ဖြတ်သန်းသွားလာခွင့်မရပေမဲ့လည်း သစ်ကားကြီးတွေတော့ မှောင်ခိုပုံစံနဲ့ ညအချိန်မှာသာ သယ်ထုတ်နေပြီး သစ်ကားတိုက်မှုကြောင့် ကျွဲ၊ နွားသေဆုံးတဲ့အပြင် လူထိခိုက်တာတွေပါ ရှိနေတယ်လို့ သူက ဆက်ပြောပါတယ်။  လက်ရှိ သစ်ထုတ်လုပ်မှုလုပ်ငန်းကို စစ်ကောင်စီကတော့ လမ်းကြောင်းသွားလာခွင့်ပြုထားပြီး ကချင်လွတ်လပ်ရေးအစိုးရအဖွဲ့(KIO)ကတော့ အခွန်နဲ့လုပ်ကိုင်ခွင့်ပြုထားတာဖြစ်တယ်လို့ စုံစမ်းသိရှိရပါတယ်။ မြစ်ဆုံဒေသမှာ လုပ်ငန်းရှင် ခရိုနီတချို့ အရင်ကတည်းက ကျွန်းသစ်နဲ့ တခြားသစ်မာတွေကို  ဆက်တိုက်ထုတ်ယူခဲ့ပြီး လက်ရှိမှာတော့ မြစ်ဆုံဒေသ၊ ဖုန်အင်၊ အင်ဆော့–စတဲ့ကျေးရွာတစ်လျှောက် သစ်ပင်ကြီးတွေကုန်သလောက်ဖြစ်သွားပြီလို့ သိရပါတယ်။  ဒါကြောင့် မြစ်ဆုံအထက်ဘက် ဆွမ်ပရာဘွမ်လမ်း တယန်ဇွပ်ဘက်မှာ ဆက်လက်ထုတ်ယူနေပြီး လမ်းပိတ်ထားတဲ့ပြီးခဲ့တဲ့ ၂ လတာအတွင်း ပိုမိုဆိုးရွားစွာ အလွန်အကျွံ သစ်ထုတ်ယူနေကာ တစ်ညမှာ သစ်ကားကြီးအစီး ၂၀ ကျော် ပုံမှန်ဖြတ်နေတယ်လို့ ဆိုပါတယ်။  “အရင်ကလည်း သစ်ထုတ်တာတော့ အရမ်းထုတ်တယ်။ နေ့ ၊ ညမပြတ် သစ်ကားတွေဖြတ်တယ်။ ဒါပေမဲ့ အခုတော့ အခြားကားတွေ၊ ခရီးသည်၊ ကုန်ကားတွေတော့ မဖြတ်ခိုင်းပြီး သူတို့ သစ်ကားကြီးတွေပဲ ညတိုင်းဖြတ်တာ။ နေခင်းဆို အို..တောချောင်တွေထဲ တန်းစီပုန်းထားပြီး ညရောက်ပြီဆိုတာနဲ့ ဆင်းလာပြီ။ တန်းစီဖြတ်လာပြီ”လို့ပြောပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး အရေးယူပေးမယ့်သူမရှိတာကြောင့် ဒေသခံတွေကတော့ ဒီလုပ်ရပ်တွေကို အလိုမရှိပေမဲ့ အရေးယူပေးဖို့အတွက် ဘယ်အဖွဲ့ကိုတောင်းဆိုရမှန်းမသိတဲ့ အခြေအနေမှာ ရှိနေတယ်လို့ ဆိုပါတယ်။  Kachin Environmental Group(KEG)အဖွဲ့က စာရင်းပြုစုထားချက်အရ ပြီးခဲ့တဲ့ ၄ လတာကာလအတွင်း သူဌေးတစ်ယောက်တည်းမှာတင် သစ်တန် ၁,၀၀၀ ခန့် ထုတ်ယူထားတယ်လို့ သိရတယ်လို့ ပြောပါတယ်။  အခုလိုသစ်ထုတ်လုပ်ဖို့ အလွန်အကျွံလုပ်ဆောင်နေတာတွေကို တာဝန်ယူဖြေရှင်းပေးဖို့ အဲဒီဒေသမှာ အုပ်ချုပ်နေသူတွေမှာ တာဝန်ရှိတယ်လို့ KEG က ထောက်ပြပြောဆိုပါတယ်။ “ဒီသစ်ထုတ်လုပ်မှုနဲ့ပတ်သက်ပြီး အဲဒီဒေသမှာ ထိန်းချုပ်၊ အုပ်ချုပ်နေတဲ့သူတွေပေါ်မှာ တာဝန်ရှိတယ်။ ဒါပေမဲ့ အခုချိန်က နိုင်ငံရေးမကောင်းတာကို အခွင့်ကောင်းယူပြီး လုပ်စားနေကြတာဆိုတော့ အရမ်းကြီး တကယ်တာဝန်ယူဖြေရှင်းပေးဖို့ ခေါင်းဆောင်တွေ ဘယ်သူမှ မရှိဘူး။ ဒါကြောင့် သူတို့က ပိုပြီးလုပ်စား ပျော်နေကြတာဖြစ်တယ်”လို့ပြောပါတယ်။ မြစ်ဆုံဒေသကို စစ်တပ်အာဏာသိမ်းပြီးနောက် လုပ်ငန်းရှင် ဦးယွပ်ဇေခေါင် က နယ်မြေပိုမိုကျယ်ပြန့်စွာ သိမ်းယူလိုက်ပြီး ရွှေတူးဖော်တဲ့အပြင် သစ်ထုတ်လုပ်မှုတွေပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။  လက်ရှိမှာတော့ မြစ်ဆုံတစ်လျှောက် တန်ဖရဲ၊တန်ယန်ဇွပ် ဒေသမှာသစ်ထုတ်လှုပ်မှုတွေဟာ သိသိသာသာ ထုတ်ယူလာကြတာဖြစ်ပြီး အရင်နှစ်တွေထက် ၂ ဆနှုန်းနဲ့ ထုတ်ယူနေကြတာဖြစ်တယ်လို့ သိရပါတယ်။မြစ်ဆုံအထက် မြစ်ကြီးနား – ဆွမ်ပရာဘွမ်လမ်းတစ်ကြော ကျွန်းသစ်နဲ့ တခြားသစ်မာကြီးတွေထုတ်လုပ်နေသူတွေဟာ ဘယ်လုပ်ငန်းရှင်တွေဆိုတာကိုတော့ အတိအကျ သိရဖို့ KNG ကလည်း ဆက်လက်စုံစမ်းနေဆဲဖြစ်ပါတယ်။ By – ဂျာဘောက်ရာ

    Read More »
  • Mar- 2024 -
    19 March
    သတင်း

    မော်လူးမြို့မှာ ဒေသခံ‌တွေရဲ့သစ်ကားဖမ်းတဲ့ကိစ္စဖြေရှင်းနေဆဲလို့ဆို အုပ်ချုပ်ရေးအဖွဲ့ဆို

    စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ် မော်လူးမြို့မှာ သစ်ကားတွေကိစ္စ အမျိုးသားညီညွတ်ရေးအစိုးရ NUG လက်အောက်ခံ မော်လူးမြို့အုပ်ချုပ်ရေး တာဝန်ရှိသူတွေကို အရပ်သားတွေ ဆန္ဒထုတ်ဖော်ခဲ့ကြတဲ့အထိ ဖြစ်ခဲ့တဲ့ သစ်ကိစ္စနဲ့ပတ်သက်ပြီး ဖြေရှင်းနေဆဲ ဖြစ်တယ်လို့သိရပါတယ်။ ပြည်သူ့အုပ်ချုပ်ရေးစနစ်နဲ့အုပ်ချုပ်နေတဲ့ မော်လူးမြို့မှာ မော်လူးတိုက်နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့(ပကဖ)တာဝန်ခံလည်းဖြစ်…

    Read More »
Back to top button