ဆိပ်မူအထက်တန်းကျောင်းဝင်းတွင် မိုင်းပေါက်ကွဲမှုဖြစ်ပွား၊ ထိခိုက်ပျက်စီမှုရှိ

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာတွင်ရှိသော ဆိပ်မူအထက်တန်းကျောင်းဝင်းအတွင်း ယနေ့ နေ့လည် ၁၂ နာရီဝန်းကျင်တွင် မိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှသိရသည်။ ဆိပ်မူကျေးရွာ(ယခင်အခေါ်အဝေါ် ဆိုင်းတောင်ကျေးရွာ) အထက်တန်းကျောင်းဝင်းအတွင်းသို့ အမည်မသိအဖွဲ့အစည်းတစ်ခု၏ လက်ချက်ကြောင့် မိုင်းတစ်လုံး ပေါက်ကွဲခဲ့မှုဖြစ်ပွားခဲ့သည်ဟု ဆိပ်မူကျေးရွာနေ အမျိုးသားတစ်ဦးက KNG သတင်းဌာနသို့ပြောသည်။ "ပေါက်ကွဲမှုဖြစ်သွားတာက ဒီနေ့ ၁၂ နာရီ ဆယ်မိနစ်လောက်ကဖြစ်သွားတာ ဟုတ်တယ်။ စာသင်ကျောင်းဝန်းထဲကစာကြည့်တိုက်ရှိတယ်။ အဲ့ဒီစာကြည့်တိုက်နောက်ကြောမှာကွဲသွားတာ။ ထောင်ထားပြီး ခွဲခံရတယ်လို့ သိရတယ်။ ကျောင်းထဲဆိုတော့ ထိအောင်မလုပ်ချင်လို့ ထိအောင်လုပ်ချင်ရင်တော့ထိမှာပဲ"ဟုပြောဆိုသည်။