မြစ်ဆုံစီမံကိန်းကို ချက်ချင်းရပ်တန့်ဖို့တောင်းဆို ဒေသခံတွေတောင်းဆို
မြစ်ဆုံရေကာတာစီမံကိန်းကိုအပြီးတိုင်ရပ်တန့်ပေးဖို့ မြစ်ကြီးနားနဲ့ ဝိုင်းမော်ဒေသခံ ၈၀ ကျော်ဟာ ဧပြီလ ၂၉ ရက်နေ့ မနေ့က ဧရာဝတီမြစ် ကမ်းတစ်နေရာမှာ စုပေါင်းပြီး ဆန္ဒပြလှုပ်ရှားမှု ပြုလုပ်ခဲ့ကြတယ်လို့သိရပါတယ်။
ဆန္ဒပြသူတွေက “ပြည်သူသဘောဆန္ဒမပါသော မြစ်ဆုံရေကာတာစီမံကိန်း ချက်ချင်းရပ်ဆိုင်းပါ” ၊ “မြစ်ဆုံရေကာတာစီမံကိန်း အလိုမရှိ” ၊ “ဧရာဝတီမြစ် လွတ်လပ်စွာစီးဆင်းပါစေ” စတဲ့ စာသားတွေပါဝင်တဲ့ ဘန်နာတွေကို ကိုင်ဆောင်ကာ တောင်းဆိုခဲ့ ကြတာပါ။
ဒါ့အပြင် “No Myitsone Dam” ၊ “Save Myitsone” ၊ “Irrawaddy is Not For Sale” ၊ “သဘာဝပတ်ဝန်းကျင်ကို ဝိုင်းဝန်းထိန်း သိမ်းကြစို့” ဆိုတဲ့ စာသားတွေနဲ့လည်း ဆန္ဒပြခဲ့ကြပါတယ်။
“မြစ်ကြီးနားနဲ့ ဝိုင်းမော် ဒေသခံတွေ လူ ၈၀ ကျော်နဲ့ ကန့်ကွက်မှု အစီအစဉ် လုပ်ခဲ့တာဖြစ်တယ်။အခု ကချင်ပြည်နယ်အစိုးရ အဖွဲ့တွေကလည်း အကြိမ် ၁၀ ကျော်ပြီ မြစ်ကြီးနား နေရာတကာ မြစ်ဆုံစီမံကိန်းဖြစ်မြောက်ရေးလူထုတွေ့ဆုံပွဲ တွေ လုပ်နေတာ။ တကယ်ဆို သူတို့ကပဲ အပြင်းအထန် မြစ်ဆုံစီမံကိန်းကို ကန့်ကွက်ခဲ့ကြသူတွေဖြစ်တယ်။ မလုပ်သင့်ကြောင်း ပြောဆိုခဲ့သူတွေ ဖြစ်တယ်။ အခုလည်း မြစ်ကြီးနားအပြင် မြန်မာတနိုင်ငံလုံးအတိုင်းအတာက ကန့်ကွက်သွားကြမှာပဲ။ ဖြစ်နိုင်တဲ့ နည်းလမ်းနဲ့ ကန့်ကွက်ကြမှာပဲ။ ဒေသခံလူထုတွေကတော့ ကန့်ကွက်မှုတွေဆက်တိုက် လုပ်နေမှာဖြစ်တယ်။”လို့ ဆန္ဒပြပွဲမှာပါဝင်ခဲ့တဲ့ ဒေသခံတစ်ဦးကပြောပါတယ်။
စစ်ကော်မရှင်တပ်ဘက်ကတော့ ဒီလိုကန့်ကွက်မှုတွေကို အရေးယူနိုင်ဖို့ရည်ရွယ်ပြီး သက်ဆိုင်ရာဥပဒေနဲ့အညီ အရေးယူနိုင်တယ် လို့ ၂၀၂၅ ဒီဇင်ဘာ ၁၆ ရက်နေ့က ထုတ်ပြန်ထားပါတယ်။
အဲ့ဒီလို စစ်ကော်မရှင်ဘက်က ဥပဒေထုတ်ထားတဲ့အချိန်မှာတောင် ဒေသခံတွေကတော့ ကန့်ကွက်သံတွေကိုရတဲ့နည်းလမ်းနဲ့ဆက်လက်ထုတ်ဖော်နေကြတာဖြစ်ပါတယ်။
မြစ်ဆုံရေကာတာစီမံကိန်းဟာ ကချင်ပြည်နယ်မှာရှိတဲ့ မလိခနဲ့ မေခ မြစ်နှစ်ခု ဆုံတဲ့နေရာမှာ တည်ဆောက်ဖို့ စီမံထားတဲ့ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေး စီမံကိန်းတစ်ခုဖြစ်ပြီး ၂၀၀၉ ခုနှစ်ခန့်မှာ စတင်ခဲ့တာဖြစ်ပါတယ်။

ဒီစီမံကိန်းဟာ သဘာဝပတ်ဝန်းကျင်ထိခိုက်နိုင်တာ ဒေသခံရွှေ့ပြောင်းမှုများ ဖြစ်ပေါ်နိုင်တာနဲ့ ထုတ်လုပ်မယ့်လျှပ်စစ်အများစုကို တရုတ်နိုင်ငံကိုပို့မယ်ဆိုတဲ့အချက်တွေကြောင့် ပြင်းပြင်းထန်ထန်ကန့်ကွက်ခံခဲ့ရပြီး ၂၀၁၁ ခုနှစ်မှာ ယာယီရပ်ဆိုင်းထားခဲ့တာဖြစ်ပါ တယ်။
ဒါပေမဲ့ စစ်ကော်မရှင်ကအာဏာသိမ်းပြီးတဲ့နောက်ပိုင်း ပြန်လည်အကော်အထည်ဖော်ဖို့ဖြစ်လာတာဖြစ်ပြီး ဒီစီမံကိန်းဟာ လက်တွေ့မှာ လျှပ်စစ်မီးရရှိဖို့၊ သဘာဝပတ်ဝန်းကျင်ထိခိုက်နိုင်တယ်ဆိုတဲ့အချက်တွေထက် တခြားသော စိုးရိမ်စရာအချက်တွေ ရှိနေသေးတယ်လို့ အမေရိကန်၊ University of Montana မှာ Resource Conservation မှာ PhD လေ့လာနေတဲ့ ဆိုင်းခွမ်က သူ့ရဲ့အမြင်ကိုအခုလိုပြောပါတယ်။
“ဒီလောက်အများကြီးဆောက်လိုက်ရင်တော့ ဒါတွေက အားလုံးတရုတ်ရဲ့ နေရာဖြစ်သွားပြီလေ။ ဒီနေရာတွေက ငါတို့ထိလို့မရ တော့ဘူးလေ။ အခု ဂတ်စ်ပိုက်လိုင်းတွေကို ထိလို့မရသလိုပေါ့။ အဲ့တာကတော့ စစ်တပ်ရဲ့ Strategy လို့မြင်တယ်။
မြစ်ဆုံရေကာတာစီမံကိန်းဟာ တရုတ်နိုင်ငံပိုင် ကုမ္ပဏီတစ်ခုဖြစ်တဲ့ China Power Investment (CPI)က ဆောင်ရွက်တဲ့ စီမံကိန်းဖြစ်ပြီး စာချုပ်အရ ထုတ်လုပ်မယ့် လျှပ်စစ်ဓာတ်အားအများစုကို တရုတ်နိုင်ငံဘက်ကို ပို့ဆောင်ဖို့ သဘောတူညီ ထားတယ်လို့ သိရပါတယ်။
တစ်ဖက်မှာတော့ ဒီစီမံကိန်းက လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်မှု အမြင့်မားပြီး စီးပွားရေးအကျိုးကျေးဇူး ရရှိနိုင်တယ်လို့ ထောက်ခံသူတွေက ဆိုထားကြပါတယ်။
လက်ရှိအချိန်အထိတော့ မြစ်ဆုံရေကာတာစီမံကိန်းနဲ့ပတ်သက်ပြီး သဘောထားကွဲပြားမှုတွေ ဆက်လက်ရှိနေဆဲဖြစ်ပြီး ဒေသခံတွေရဲ့ ကန့်ကွက်သံတွေကလည်း မလျော့သေးတာကို မြင်တွေ့နေရပါတယ်။
အာဏာသိမ်းစစ်ခေါင်းဆောင်ဟာ ပြည်သူလူထုရဲ့ကန့်ကွက်မှုကြောင့် ရပ်ဆိုင်းခဲ့တဲ့ ဒီဧရာ၀တီမြစ်ဆုံ စီမံကိန်းရပ်နားခဲ့ပေမယ့် အာဏာသိမ်းပြီးနောက် ၂၀၂၄ ခုနှစ် ဧပြီ ၂၄ ရက်မှာ ဧရာဝတီမြစ်ဆုံ–မြစ်ညာ မြစ်ဝှမ်း ရေအားလျှပ်စစ်စီမံကိန်း ဦးဆောင်အဖွဲ့ ဖွဲ့စည်းကြောင်း ကနဦးအမိန့်ကြေညာစာထုတ်ပြန်လာပါတယ်။
ဒါ့အပြင် ဒီမြစ်ဆုံစီမံကိန်းဟာ ပြီးခဲ့တဲ့ ၂၀၀၉ ခုနှစ်ကစတင်ခဲ့တဲ့ Myitsone Dam Project ( မြစ်ဆုံရေကာတာစီမံကိန်း) ဟာ တရုတ်နိုင်ငံ စွမ်းအင်ရင်းနှီးမြုပ်နှံမှု ကော်ပိုရေးရှင်း( China Power Investment Corporation (CPI) နဲ့ မြန်မာအစိုးရ ဦးသန်းရွှေလက်ထက် ပူးပေါင်းလုပ်ဆောင်ခဲ့တဲ့ စီမံကိန်းဖြစ်ပါတယ်။
By – အမိုး




