ရမ်ပူမှာ မူးယစ်ဆေးဝါးရောင်းဝယ်မှုကြောင့် ရပ်ကွက်နေပြည်သူတွေ နှောက်အယှက်ဖြစ်နေ

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ရမ်ပူရပ်ကွက်မှာ မိုးလင်းပေါက်မူးယစ်ဆေးဝါးရောင်းဝယ်သူတွေကြောင့် ရပ်ကွက်နေသူတွေ နေ့စဉ်လူမှုဘဝနေထိုင်မှုမှာ အဆင်မပြေမှုကြုံနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပုံမှန်ဆိုရင် နေ့ဘက်မှာသာရောင်းဝယ်ကြတာများပေမယ့်၊ပြီးခဲ့တဲ့ ဧပြီလ ၁၈ ရက်နေ့ မီးပျက်ပြီးနောက်ပိုင်း ညဘက်ကနေ မိုးလင်းအထိဆက်တိုက်ရောင်းဝယ်နေကြတယ်လို့ သိရပါတယ်။

ဒါကြောင့် မူးယစ်ဆေးဝါးရောင်းဝယ်လာဝယ်သူတွေရဲ့ ကားသံ၊ ဆိုင်ကယ်သံတွေကြောင့် တစ်ရပ်ကွက်လုံး ဆူညံနေပြီး  အိပ်မရတဲ့အထိဖြစ်နေတယ်လို့ ဆိုပါတယ်။

ရပ်ကွက်နေသူတစ်ဦးကတော့အိမ်ရှေ့ကနေ တစ်ညလုံး ဖြတ်သွားနေတာပဲ။ ဆူညံသံတွေနဲ့ မီးလည်းပျက်၊ ပူလည်းပူတော့ အိပ်လို့မရဘူးလို့ ပြောပါတယ်။

မူးယစ်ဆေးရောင်းသူတွေဟာ အရင်လို လမ်းကြားတွေမှာသာမဟုတ်တော့ဘဲ လမ်းမကြီးဘေးတစ်လျှောက် အိမ်တိုင်ရာရောက်ရောင်းနေကြတယ်လို့ သိရပြီး အဆိုးဆုံးက နယ်မြေ ၂၂ နဲ့ ၂၃ အပိုင်းဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။

ထို့အပြင် ရောင်းဝယ်နေသူတွေထဲမှာ ရပ်ကွက်ထဲကသက်ဆိုင်ရာအာဏာပိုင်တချို့၊ ရဲတပ်ဖွဲ့တွေဘက်က ဆက်ကြေးယူပြီး ရောင်းဝယ်ခွင့်ပေးထားတဲ့အတွက် တိုင်ကြားဖို့ခက်ခဲနေတယ်လို့ သိရပါတယ်။

ဒီအခြေအနေတွေကြောင့် ရပ်ကွက်ထဲမှာ လုံခြုံရေးလည်းမရှိတော့သလို၊ ခိုးဆိုးလုယက်မှုတွေ မကြာခဏ ဖြစ်နေပြီး မူးယစ်ဆေးသုံးစွဲမှုကြောင့် သေဆုံးသူတွေကလည်း တစ်လကို ပျမ်းမျှ တစ်ဦးလောက် ရှိနေတယ်လို့ သိရပါတယ်။

ရမ်ပူရပ်ကွက်ဟာ ယခင်က  ငြိမ်းချမ်းတဲ့နေရာတစ်ခုဖြစ်ပြီး လုံလုံခြုံခြုံ သွားလာလို့ရတဲ့ နေရာတစ်ခုဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒါပေမယ့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ  ရက်နေ့နောက်ပိုင်းမှာ တိုင်းပြည်အခြေအနေမတည်မငြိမ် ဖြစ်လာပြီး ရွှေ့ပြောင်းနေထိုင်သူတွေများလာတာနဲ့အမျှ မူးယစ်ဆေးဝါးပြဿနာလည်း ပိုမိုဆိုးရွားလာတယ်လို့ ဆိုပါတယ်။

ရမ်ပူရပ်ကွက်မှာ နယ်မြေ ၂၄ ပိုင်းရှိပြီး အပိုင်းတစ်ခုစီမှာ အိမ်ခြေ ၄၀၀ ကျော်ရှိပြီး အိမ်ငှားတန်းလျားတွေများတဲ့နေရာတစ်ခုလည်း ဖြစ်တယ်လို့ သိရပါတယ်။

မူးယစ်ဆေးဝါးရောင်းဝယ်မှု စတင်ပျံ့နှံ့လာတာကတော့ အပိုင်း ၂၁ ကနေ ဖြစ်ပြီး၊ အဲ့ဒီအပိုင်းမှာ သုံးပုံတစ်ပုံလောက်က ရောင်းဝယ်နေကြတယ်လို့ ဆိုပါတယ်။

By – Hope

Show More

Leave a Reply

Back to top button