သတင်း

ဆိပ်မူအထက်တန်းကျောင်းဝင်းတွင် မိုင်းပေါက်ကွဲမှုဖြစ်ပွား၊ ထိခိုက်ပျက်စီမှုရှိ

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာတွင်ရှိသော ဆိပ်မူအထက်တန်းကျောင်းဝင်းအတွင်း ယနေ့ နေ့လည် ၁၂ နာရီဝန်းကျင်တွင် မိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှသိရသည်။

ဆိပ်မူကျေးရွာ(ယခင်အခေါ်အဝေါ် ဆိုင်းတောင်ကျေးရွာ) အထက်တန်းကျောင်းဝင်းအတွင်းသို့ အမည်မသိအဖွဲ့အစည်းတစ်ခု၏ လက်ချက်ကြောင့် မိုင်းတစ်လုံး ပေါက်ကွဲခဲ့မှုဖြစ်ပွားခဲ့သည်ဟု ဆိပ်မူကျေးရွာနေ အမျိုးသားတစ်ဦးက KNG သတင်းဌာနသို့ပြောသည်။

“ပေါက်ကွဲမှုဖြစ်သွားတာက ဒီနေ့ ၁၂ နာရီ ဆယ်မိနစ်လောက်ကဖြစ်သွားတာ ဟုတ်တယ်။ စာသင်ကျောင်းဝန်းထဲကစာကြည့်တိုက်ရှိတယ်။ အဲ့ဒီစာကြည့်တိုက်နောက်ကြောမှာကွဲသွားတာ။ ထောင်ထားပြီး ခွဲခံရတယ်လို့ သိရတယ်။ ကျောင်းထဲဆိုတော့ ထိအောင်မလုပ်ချင်လို့ ထိအောင်လုပ်ချင်ရင်တော့ထိမှာပဲ”ဟုပြောဆိုသည်။

ယင်းမိုင်းကွဲမှုကြောင့် ထိုကျောင်းတွင် ကျောင်းတက်ရောက်နေသော ကျောင်းသား/သူများ ထိခိုက်မှုမရှိခဲ့သော်လည်း စာကြည့်တိုက်ဆောင် တံခါး၊ ပြတင်းပေါက် မှန်များထိခိုက်ပျက်စီးမှုရှိခဲ့ကြောင်းသိရပြီး ပေါက်ကွဲမှုကို မည်သည့်အဖွဲ့အစည်းမှ လုပ်ဆောင်သွားကို မသိရသေးကြောင်း ဒေသခံများပြောဆိုချက်မှသိရသည်။

အဆိုပါ ဆိပ်မူအထက်တန်းကျောင်းသည် လတ်တလော စစ်ကောင်စီလက်အောက်တွင် ဖွင့်လှစ်ထားသည့် ကျောင်းတစ်ခုတွင်ပါဝင်ပြီး တစ်ထောင်နီးပါး တက်ရောက်နေကြောင်း စုံစမ်းသိရှိရသည်။

ဖားကန့်မြို့နယ်တွင် ယခုကဲ့သို့ စာသင်ကျောင်းများ၊ စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာရုံးများနှင့် ရဲစခန်းများ စသောနေရာများတွင် မိုင်းခွဲတိုက်ခိုက်ခံရမှုများ မကြာခဏဖြစ်ပွားလျက်ရှိပြီး စစ်ကောင်စီလက်အောက်ခံအုပ်ချုပ်ရေးမှူးများနှင့်ဒလန်များလည်း မကြာခဏ သတ်ဖြတ်ခံရမှုများလည်း ဖြစ်ပွားလျက်ရှိပါသည်။

Show More

Related Articles

Back to top button