ဝိုင်းမော်

  • Jul- 2024 -
    12 July
    သတင်း

    ရေဘေးသင့်နေတဲ့ ဝိုင်းမော်ဘက်ကို စစ်တပ်က လက်နက်ကြီး ရမ်းသမ်းပစ်ခတ်နေ

    ဝိုင်းမော်မြို့နယ်မှာ ဇူလိုင် ၁၀ ရက်နေ့ နောက်ပိုင်း စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA တွေကြား စစ်ရေးလှုပ်ရှားမှုတွေရှိလာသလို စစ်တပ်ဘက်ကနေလည်း မြစ်ကြီးနား ၊ ဝိုင်းမော်မြို့ကနေ လက်နက်ကြီး ပစ်ခတ်တာတွေ ဆက်တိုက်လုပ်ဆောင်နေတယ်လို့ ဝိုင်းမော်ဒေသခံတွေဆီကနေ သိရပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လဆန်းပိုင်းအထိ မြစ်ကြီးနားနဲ့ ဝိုင်းမော်မြို့တွေမှာ ရေဘေးအန္တရာယ်ကို ကြုံတွေ့နေရတာကြောင့် တစ်ပတ်ဝန်းကျင် လက်နက်ကြီးသံတွေငြိမ်သက်သွားပေမယ့် ဇူလိုင် ၁၀ ရက်နေ့ကစပြီး ဝိုင်းမော်မြို့နယ်ထဲမှာ လက်နက်ကြီးသံတွေ ဆက်တိုက်ပြန်ကြားနေသလို နှစ်ဖက်ထိတွေ့တိုက်ပွဲတွေရှိလာတယ်လို့ ဝိုင်းမော်ဒေသခံ အမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။ “ဒီရက်ပိုင်းမှာ နောင်းချိန်းနဲ့ စန်ကားရွာတွေမှာရှိနေတဲ့ စစ်ကောင်စီတပ်သားတွေကို KIA တပ်တွေက အပေါ်ကနေ ပစ်ခတ်တာတွေရှိပါတယ်။ ပစ်ခတ်ခံရတဲ့ စစ်တပ်ဘက်ကနေ ထိခိုက်တာတွေရှိတယ်လို့ကြားရတယ်။ အဲဒါကြောင့် အခု ဝိုင်းမော်မှာ လက်နက်သံတွေ ပြန်ကြားလာရတာက စစ်တပ်ဘက်ကနေ လက်နက်ကြီးတွေနဲ့ ပြန်လည် ပစ်ခတ်နေတဲ့သဘောပါ”လို့ပြောပါတယ်။ နောင်းဟီးနဲ့ စန်ကားကျေးရွာတွေမှာ တပ်စွဲရှိနေတဲ့ စစ်ကောင်စီတပ်သားတစ်ချို့ KIA ပူးပေါင်းတပ်တွေရဲ့ ဒရုန်းတိုက်ခိုက်ခံရတာတွေရှိနေတာကြောင့် စစ်တပ်ဘက်ကနေ KIA တပ်တွေရှိနိုင်တဲ့ အောင်မြေ(၁)၊ အောင်မြေ(၂)၊ ခါးရှီ၊ နောင်စီပေါ၊ စတဲ့ကျေးရွာတွေကို ဇူလိုင် ၁၀၊ ၁၁ ရက်နေ့တွေမှာ ည၊ မနက်၊ နေ့လည် တစ်ရက်ကို သုံးကြိမ်ထက်မနည်း လက်နက်ကြီးတွေ ရမ်းသမ်းပစ်ခတ်နေတာဖြစ်တယ်လို့ ပြောပါတယ်။ ဒါကြောင့် အောင်မြေ(၂)၊ ခါးရှီ  ကျေးရွာတွေမှာ လက်နက်ကြီးကျရောက်ပေါက်ကွဲတာတွေရှိနေပြီး အဲဒီကျေးရွာတွေမှာရှိတဲ့ ကျေးရွာနေပြည်သူတွေက ရွာလုံးကျွတ် စစ်ဘေးရှောင်နေတာကြောင့် ထိခိုက်ဒဏ်ရာမရှိတာလည်းဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။ စစ်ကောင်စီတပ်ဘက်နေ ဝိုင်းမော်မြို့ ခလရ ၅၈ တပ်ရင်းနဲ့ မြစ်ကြီးနားမြို့ဘက်က မြောက်ပိုင်းတိုင်းစစ်ဌာချုပ်(မပခ)ကနေ လက်နက်ကြီးပစ်ခတ်နေတာဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် စစ်တပ်ဘက်နေ  မြစ်ကြီးနားမြို့ထဲက မြေမြင့်ရပ်ကွက်နဲ့ အေးမြသာယာရပ်ကွက်နေရာတွေမှာ လက်နက်ကြီးတွေထားပြီး ဝိုင်းမော်ဘက်ကို ပစ်ခတ်နေတယ်လို့လည်း မြေမြင့်ရပ်ကွက်နဲ့ နီးစပ်တဲ့ ပြည်သူတွေကပြောပါတယ်။ အခုလို စစ်တပ်ဘက်ကနေ လက်နက်ကြီးတွေ ရမ်းသမ်းပစ်ခတ်နေတာကြောင့် ရက်ပိုင်းအတွင်း ရေဘေးကြုံတွေ့နေရတဲ့ ဝိုင်းမော်ဒေသခံပြည်သူတွေက တိုက်ပွဲပြန်လည် ဖြစ်ပွားလာမှာကို စိုးရိမ်နေကြတာလည်းဖြစ်ပါတယ်။ ဝိုင်းမော်မြို့နယ်မှာ ပြီးခဲ့တဲ့ မတ်လနဲ့ မေလ တွေမှာ စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်တွေကြား တိုက်ပွဲပြင်းထန်ခဲ့တာကြောင့် အောင်မြေ(၁)၊ အောင်မြေ(၂)၊ လမြန်၊ မုတ်ကျိတ်၊ နန်ဝါ၊ လဘန်၊ ဝူယန် ၊ စန်ကား ၊ နောင်ဟီး၊ ခါးရှီ၊ အင်းလေး စတဲ့ ကျေးရွာတွေမှာရှိတဲ့ ပြည်သူတွေက ကျေးရွာထဲကနေ တိမ်းရှောင်နေကြတာလည်းဖြစ်ပါတယ်။ ဇူလိုင် ၁ ရက်နေ့ ကစပြီး တစ်ပတ်ဝန်းကျင်လောက် အဆက်မပြတ်မိုးရွာသွန်းခဲ့တာကြောင့် ဝိုင်းမော်မြို့နယ်ထဲမှာ ရေကြီးရေလျှံဖြစ်ပြီး ဝိုင်းမော်ပြည်သူတွေ စစ်ဘေးရှောင်နေတဲ့ စစ်ရှောင်စခန်းနေရာတွေမှာ ရေဝင်ရောက်ခဲ့တာကြောင့် စစ်ဘေးအပြင် ရေဘေးအန္တရာယ်ပါ ကြုံတွေ့နေရတာလည်းဖြစ်ပါတယ်။ By – နော်ထွယ့်(ဟူးကောင့်)

    Read More »
  • 12 July
    သတင်း

    ရေဘေးသင့်ခဲ့တဲ့ ဝိုင်းမော်မှာ နေအိမ်ပျက်စီးမှုတွေများပြားခဲ့ပြီး ပြန်လည်ထူထောင်ရေးကို ကိုယ်ထူကိုယ်ထပဲလုပ်ဆောင်နေ

    ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်က ရေဘေးသင့်ခဲ့တဲ့ကျေးရွာတစ်ချို့ ပြန်လည်ထူထောင်ရေးလုပ်ငန်းလုပ်ဆောင်ရာမှာ ကိုယ်ထူကိုယ်ထပဲလုပ်ဆောင်နေကြတယ်လို့ ဒေသခံတွေနဲ့လူမှုကူညီရေးအသင်းတွေ ကပြောပါတယ်။ ပြီးခဲ့တဲ့ ဇွန်လ ၃၀ ရက်နေ့ကနေစပြီး ဧရာဝတီမြစ်ရေစံချိန်တင်မြင့်တက်မှုကြောင့် ဝိုင်းမော်မြို့နယ်ထဲက မြေနိမ့်ပိုင်းရပ်ကွက်တွေနဲ့ အမြင့်ပိုင်းကျတဲ့ရပ်ကွက်တစ်ချို့ပါရေကြီးရေလျှံမှုတွေဖြစ်ခဲ့ပြီး နေအိမ်၊အိမ်သာအများအပြား ထိခိုက်ပျက်စီးသွားတာဖြစ်ပါတယ်။ “ဝိုင်းမော်မြို့ထဲမှာဆိုရင်တော့ ရပ်ကွက်၅အထိရှိတယ်။ ဝိုင်းမော်မြို့ထဲကရေဘေးသင့်ပေမဲ့ အဲ့လောက်ထိ အခက်အခဲမရှိဘူး။ အဓိကကတော့ခတ်ချိုရွာပဲ ရွာသူရွာသားတွေတော်တော်လေးဒုက္ခရောက်ကြတယ်။ အိမ်သာတွေအားလုံးမျှောပါသွားတာတွေရှိတယ်။ အိမ်ခြံစည်းရိုးတွေရောပေါ့။ အခုက သန့်ရှင်းရေးလုပ် တာတွေလည်းခက်ခဲနေကြတယ်။” လို့ဝိုင်းမော်မြို့နယ်ထဲက လူမှုကူညီရေးအသင်းတစ်ဖွဲ့ကတာဝန်ရှိသူ တစ်ယောက်ကပြောပါတယ်။ အထူးသဖြင့်တော့ ဝိုင်းမော်မြို့နယ်မြစ်ကမ်းဘေးကရွာတွေရပ်ကွက်တွေရေဘေးသင့်ခဲ့ရပြီး ခတ်ချိုရပ်ကွက် နဲ့ နောင်တာလောကျေးရွာတို့မှာ နေအိမ်၊အဆောက်အဦးတစ်ချို့ပျက်စီးမှု နဲ့ မျှောပါသွားတာတွေပါရှိခဲ့တယ် လို့ နောက်ထပ် ဝိုင်းမော်ဒေသခံတစ်ဦးက ဆက်ပြောပါတယ်။ “နေအိမ်တွေပါသွားတာကတော့ နောင်တာလောဘက်ပဲ ပြီးတော့ ခတ်ချိုဘက်ကပျက်စီးဆုံးရှုံးမှုတွေ များတယ်။ ရေဘေးကိုအဓိကကြုံတာက ခတ်ချိုပဲ ဘာလို့လဲဆိုတော့ရေလမ်းကြောင်းနဲ့ကွက်တိဖြစ်နေလို့ ထူထောင်ရေး တွေလည်းအခုမှကြိုးစားကြတုန်းပေါ့ ခတ်ချိုဘက်ဆို ကားအသေးနဲ့ဆိုမနည်းရုန်းရတယ်။ အခုကတော့ကိုယ်ထူကိုယ်ထနဲ့ပဲ သောက်ရေတို့ဘာတို့နဲ့ထမင်းထုပ်တွေတော့လာကူကြပါတယ်”လို့ပြောပါတယ်။ ဝိုင်းမော်မြို့ပေါ်ကရပ်ကွက်တစ်ချို့နဲ့ ကျေးရွာတစ်ချို့ကတော့ ရေကြီးရေလျှံမှုတွေဖြစ်ပေါ်ခဲ့ပေမဲ့ ပျက်စီး ဆုံးရှုံးမှုကြီးကြီးမားမားမရှိဘူးလို့ဒေသခံတွေကပြောပါတယ်။ ဒါ့အပြင် ရေတက်တဲ့ကာလအတွင်းမှာ ဒေသခံတွေဟာ လူမှုကူညီကယ်ဆယ်ရေးအဖွဲ့တွေလည်းမရှိတဲ့အတွက် အကူအညီတစ်စုံတစ်ရာမရကြသလို တစ်ချို့ဒေသခံတွေဆိုရင်ရေမကျမချင်းအိမ်ခေါင်မိုးပေါ်မှာပဲ နေထိုင်ခဲ့ရသူတွေပါရှိတယ်လို့ ဒေသခံတွေကဆိုပါတယ်။ ရေကျပြီးတဲ့ကာလမှာလည်း ပြန်လည်ထူထောင်ရေးအတွက်အကူညီများစွာလိုအပ်နေပြီး ရေကြီးပြီးခံစားရတဲ့ ကျန်းမာရေးပြဿနာကိုလည်း ဒေသခံတွေရင်ဆိုင်နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ “အခုလောလောဆယ်တော့ ကျန်းမာရေးပဲပြန်ဖောက်နေကြတယ်။ ရေကြီးပြီးနောက်ပိုင်း ဝမ်းလျှော ဝမ်းပျက်ပြဿနာကတော့ဖြစ်နေကျပဲလေ။ အိမ်သာတွေဆိုလည်း ပြန်လုပ်ရမယ်။ တော်တော်များများ ဖြစ်ကြတယ် ကျန်းမာရေးပြဿနာက “လို့ပြောပါတယ်။ ဝိုင်းမော်မြို့နယ်ဟာ ရေဘေးသင့်ဒဏ်ကြောင့်ဆုံးရှုံးမှုကြီးခဲ့တဲ့ မြစ်ကြီးနားမြို့တစ်ဖက်ကမ်းမှာပဲတည်ရှိ တာဖြစ်ပြီး မြစ်ကြီးနားမြို့လိုပဲ ရေဘေးသင့်ဒဏ်ကြောင့်ဆုံးရှုံးမှုကြီးမားခဲ့ပါတယ်။ ဒါပေမဲ့ဖုန်းလိုင်းနဲ့အင်တာနက်လိုင်းအခက်အခဲတွေကြောင့်အကူညီတွေမရပဲ ဆုံးရှုံးမှုမှန်သမျှကို ကိုယ်ထူ ကိုယ်ထပဲလုပ်ဆောင်နေကြရတာလို့ ဒေသခံတွေနဲ့လူမှုကူညီရေးအသင်းအဖွဲ့တွေကဆိုကြပါတယ်။ ဝိုင်းမော်မြို့နယ်ဟာ ပြီးခဲ့တဲ့ မတ်လကနေ ရေမကြီးခင်ကာလတွေအထိ စစ်ပွဲကြောင့်ဒေသခံတွေ ကြောက် လန့်နေခဲ့ကြရသလို တစ်ချို့ဘေးလွှတ်ရာတွေပါထွက်ပြေးခဲ့ကြရပြီး ရေဘေးဒဏ်ပါထပ်ပြီးကြုံတွေ့ခဲ့ရတာ ဖြစ်ပါတယ်။ By – အမိုး

    Read More »
  • 11 July
    သတင်း

    နောင်တာလောကျေးရွာမှာ အစာအဆိပ်သင့်ပြီး  အမျိိုးသား ၄ ဦးသေဆုံး

    ကချင်ပြည်နယ် ဝိုင်းမော်မြို့ နောင်တောလောကျေးရွာမှာ  အစာအဆိပ်သင့်ပြီး  အမျိုးသား ၄ ဦးသေဆုံးခဲ့တယ်လို့ ဝိုင်းမော်အခြေစိုက်လူမှုကယ်ဆယ်ရေးအသင်းတွေဆီကနေ သိရပါတယ်။ ဖြစ်စဉ်ကတော့ ဇူလိုင်လ ၆ ရက်နေ့က နောင်တာလောကျေးရွာ ရပ်ကွက် ၄ မှာရှိတဲ့ ရိုးရာအရက်ဆိုင်တစ်ဆိုင်မှာ အရက်သောက်ခဲ့ကြတဲ့ အမျိုးသား ၁၅ ဦး အစာအဆိပ်သင့်ခဲ့တာဖြစ်ပြီး အဲဒီညမှာဘဲ အခြေအနေအရမ်းဆိုးတဲ့သူတစ်ချို့ကတော့ မြစ်ကြီးနားဆေးရုံပို့ဆောင်ပေမယ့် ဆေးရုံကြီးအရောက်မှာ ၃ ဦးသေဆုံးတဲ့သူတွေလည်းရှိတယ်လို့ သိရပါတယ်။ “သူတို့ပြောတာကတော့ ဝမ်းလျှောတယ် အန်တယ်တယ်တဲ့ပြီးတော့ အသက်ရှုကြပ်တာတွေဖြစ်တယ် သေသွားတဲ့ လူနာတွေကတော့ လည်ပင်းမှာမည်းလာတယ်လို့ ပြောတယ် ညိုညို မည်းမည်းကြီးပေါ့ အဲဒီလက္ခဏာတွေပြတယ်တဲ့”လို့ မြင့်မြတ်စေတနာလူမှုကယ်ဆယ်ရေး အသင်း အဖွဲ့ဝင်တစ်ဦးက ဆိုပါတယ်။ ဇူလိုင်လ ၇ ရက်နေ့ မနက် ၅နာရီဝန်းကျင်မှာတော့ ကျန်နေသေးတဲ့ အစာအဆိပ်သင့်လူနာတွေကို ဝိုင်းမော်ပြည်သူ့ဆေးရုံကြီးနဲ့ မြစ်ကြီးနား ပြည်သူ့ဆေးရုံးကြီးကို ပို့ဆောင်ဖို့ မြင့်မြတ်စေတနာနဲ့ မွန်မြတ်စေတနာ လူမှုကယ်ဆယ်ရေးအသင်းထံ ဖုန်းဆက်သွယ်လာတာကြောင့် ၁၅ ဦးထပ်ပြိီး ပို့ပေးခဲ့ရာ အဲဒီထဲက အမျိုးသားတစ်ဦး ထပ်မံသေဆုံးပြီး ကျန်တဲ့လူနာတွေကတော့ ကာကွယ်ဆေးထိုးပြီး ပြန်လည်သက်သာလာပြီလို့ သိရပါတယ်။ အရက်ဆိုင်ဖွင့်တဲ့နေရာအနီးမှာ အဆောင်အိမ်တန်းလျားပုံစံအိမ်ငှားနေထိုင်တဲ့နေနေရာမျိုးဖြစ်တဲ့အတွက် အနီးတစ်ဝိုက်မှာနေတဲ့ အမျိုးသားတစ်ချို့အရက်သွားသောက်ရာကနေ အဆိပ်သင့်ခဲ့တာဖြစ်ပြီး အရက်နဲ့အတူ ဒညှင်းသီး၊ အမဲသားနဲ့ ငါးခြောက်တွေလည်း တွဲစားခဲ့တယ်လို့ သိရပါတယ်။ လက်ရှိ အဲဒီအရက်ရောင်းတဲ့ဆိုင်ကအရက်ချက်တဲ့အခါသုံးတဲ့ပါဝင်ပစ္စည်းတွေကို  ဓာတ်ခွဲခန်းမှာစစ်ဆေးဖို့ ဝိုင်းမော်ပြည်သူ့ဆေးရုံကြီးက ဆရာဝန်တွေယူသွားပြီး အရက်ဆိုင်ပိုင်ရှင်ကိုတော့ တာဝန်ရှိသူတွေခေါ်ဆောင်သွားတယ်လို့ ဆိုပါတယ်။ လတ်တလောမှာဆိုရင်လည်း အခုလို အစာအဆိပ်သင့်သူတွေဟာ ရေကြီးတဲ့အချိန်မျှောပါလာတဲ့တိရစ္ဆာန်တွေကို ချက်ပြုတ်စားသောက်ရာကနေဖြစ်ရတာဖြစ်တယ်လို့ သတင်းတွေထွက်နေပေမယ့်  KNG ဘက်က သေချာအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။ ဒါပေမယ့်လည်း အစာအဆိပ်သင့်နိုင်တဲ့ အခြေအနေနဲ့ ပက်သက်ပြီး ကချင်နယ်လှည့်ကျန်းမာရေးလုပ်သားအဖွဲ့ (Kachin Backpack) အဖွဲ့ ကိုမေးမြန်းကြည့်ရာမှာကတော့ ငါးနဲ့တခြား  အသားအစိမ်းတွေမှာတွေ့ရတတ်တဲ့ နိုရိုဗိုင်းရပ်(Norovirus) လို အရာမျိုးတွေကြောင့်လည်း အစာအဆိပ်သင့်နိုင်ချေရှိတယ်လို့ ပြောပါတယ်။ ဒါကြောင့် အစာအဆိပ်သင့်ပါက ကျောက်ကပ်ကို ထိပြီး ဝမ်းပျက်ဝမ်းလျှောနဲ့ ပျို့အန်တာတွေကို ဖြစ်စေနိုင်သလို့ ရေဓာတ်ခန်းချောက်တာတွေကိုပါ ဖြစ်စေတယ်လို့ ဆိုပါတယ်။ “တချို့ အစာအဆိပ်သင့်တဲ့အချိန်အရမ်းအန်လိုက်တာမျိုး ဝမ်းအရမ်းလျှောတာမျိုး ဖြစ်သွားတော့ ရေဓာတ်ခမ်းချောက်ပြီး ရေဓာတ်မြန်မြန်ပြန် မဖြည့်ပေးနိုင်တဲ့အတွက် ကျောက်ကပ်တွေ အလုပ်မလုပ်နိုင်တော့ဘဲ သေဆုံးတာတွေ ဖြစ်နိုင်တယ် တစ်ယောက်နဲ့တစ်ယောက်ရဲ့ ရေဓာတ်နဲ့ ခုခံအားတော့ မတူဘူးပေါ့”လို့  Kachin Backpack အဖွဲ့ရဲ့ တာဝန်ရှိသူတစ်ဦးက သုံးသပ်ပါတယ်။ ဒါကြောင့်မို့လို့  ခုလို အဆိပ်သင့်တဲ့ အချိန်တွေဆိုရင် ဆေးရုံတွေမှာ ဆိုရင်တောင် ဖြေဆေးကို ချက်ချင်းရှာရခက်တဲ့အတွက် ထန်းညက်နဲ့ ကန်စွန်းရွက်ကိုထောင်းပြီး အဆိပ်ဖြေနိုင်သလို  ရေဓာတ်မခမ်းချောက်အောင် ဓာတ်ဆားထုပ်ကိုလည်း အမြဲဆောင်ထားသင့်ပြီး ဓာတ်ဆားထုပ်မရှိပါက ဆား၊ သကြားနဲ့ ရေသန့်တွေကို သေချာ ပေါင်းစပ်ပြီး အသုံးပြုနိုင်တယ်လို့ သူက အကြံပြုပါတယ်။ လက်ရှိဝိုင်းမော်မြို့နယ်က စစ်ရှောင် စခန်းတွေမှာ ဆိုရင်လည်း သောက်ရေ သုံးရေ မလုံလောက်မှုနဲ့ ညစ်ပတ်မှုတွေကြောင့် ဝမ်းပျက်ဝမ်းလျှော ရောဂါတွေအပြင် တုပ်ကွေးနဲ့ ငှက်ဖျားရောဂါတွေ ဖြစ်ပွားနေကြတယ်လို့ စစ်ရှောင်ပြည်သူတွေဆီကနေ သိရပါတယ်။ By – Hope

    Read More »
  • 6 July
    စစ်ပြေးဒုက္ခသည်များ

    ဝိုင်းမော် စစ်ရှောင်များအနက် ကိုယ်ဝန်ဆောင်မိခင်နှင့် အမျိုးသမီးများ၏ အခက်အခဲ

    ဝိုင်းမော်မြို့နယ်တိုက်ပွဲကြောင့် ထွက်ပြေးနေရသော စစ်ရှောင်များတွင် ကိုယ်ဝန်ဆောင်၊ နို့တိုက်မိခင်များ၊ အမျိုးသမီးများနှင့် ကလေးငယ်များတွင် လုံလောက်လောက် ကူညီထောက်ပံ့မှု မရရှိဘဲ မိုးရာသီ အဆိုးရွားဆုံး အခြေအနေကို ဖြတ်ကျော်နေရသည်။ ထိုအထဲတွင် ဇူလိုင်လ ပထမအပတ် ဧရာဝတီမြစ်ရေကြီးမှုတွင် ဧရာဝတီမြစ်ကမ်းရှိ စစ်ရှောင်စခန်းများ…

    Read More »
  • 4 July
    အင်တာဗျူး

    ဧရာဝတီ မြစ်ရေစံချိန်ကျော်မြင့်တက်ခဲ့တဲ့ မြစ်ကြီးနားမြို့ အခြေအနေ မေးမြန်းချက်

    မြစ်ကြီးနားမြို့မှာ ဇွန်လ ၃၀ ရက်နေ့ကစပြီးဧရာဝတီမြစ်ရေ စိုးရိမ်ရေအမှတ် ၁၂၀၀ စင်တီမီတာထက် ၆ ပေကျော်မြင့်တက်ခဲ့ပြီး တစ်မြို့လုံးနီးပါးရေဘေးဒဏ်ကြုံခဲ့ပါတယ်။ 

    Read More »
  • Jun- 2024 -
    28 June
    သတင်း

    စစ်ရှောင်စခန်းက ကိုယ်ဝန်ဆောင်မိခင်တွေ ကျန်းမာရေးစောင့်ရှောက်မှုလိုအပ်နေ

    ဝိုင်းမော်မြို့နယ်က စစ်ရှောင်စခန်းတစ်ချို့မှာရှိတဲ့ ကိုယ်ဝန်ဆောင်မိခင်နဲ့ကလေးတွေအတွက် ကျန်းမာရေးစောင့်ရှောက်မှုနဲ့အာဟာရပြည့်ဝတဲ့အစားအစာတွေ အကူညီလိုအပ်နေတယ်လို့  စစ်ရှောင်တာဝန်ခံတွေဆီကနေ သိရပါတယ်။ လက်ရှိ စစ်ရှောင်စခန်းတွေမှာရှိတဲ့ ကိုယ်ဝန်ဆောင်မိခင်တွေဟာ ကာကွယ်ဆေးထိုးရမှာဖြစ်ပေမယ့် ကျန်းမာရေးစောင့်ရှောက်မှုအားနည်းတာကြောင့် ကာကွယ်ဆေးမထိုးနိုင်အပြင် ငွေကြေးနဲ့ စားနပ်ရိက္ခာတွေအကန့်အသတ်နဲ့သာရရှိနေတာကြောင့် ဆေးဝါးနဲ့အာဟာရရှိတဲ့အစားသောက်တွေလိုအပ်နေတယ်လို့  စစ်ရှောင်စခန်းက ကိုယ်ဝန်ဆောင်မိခင်တွေက ဆိုပါတယ်။ “သူတို့အတွက် ဆေးခန်းတွေပြလို့ရအောင် စီစဉ်ပေးစေချင်တယ် ဗိုက်ထဲက ကလေးက နေကောင်းလား မကောင်းဆိုတာ သိအောင်ပေါ့ ပြီးတော့ အာဟာရပြည့်အောင် နွားနို့လိုဟာမျိုးတွေနဲ့ အားဆေးတွေ သောက်ရမှာဖြစ်ပေမယ့်လည်း မတတ်နိုင်ဘူး ဖြစ်နေတယ်”လို့ ဆိုပါတယ်။ လက်ရှိ  လဘန်(Laban)ကျေးရွာမှာရှိတဲ့ အောင်မြေ(၂)စစ်ရှောင်စခန်းမှာ ကိုယ်ဝန်ဆောင်မိခင် ၁ ဦး နဲ့ နို့တိုက်မိခင် ၃ဦး၊ ခကွမ်ကျေးရွာစစ်ရှောင်စခန်း ကိုယ်ဝန်ဆောင်မိခင် ၁၂ ဦး ဝန်းကျင်ရှိတယ်လို့ သိရပြီး အလားတူ အင်ဂန်းကျေးရွာမှာရှိတဲ့ နောင်ဟီးကျေးရွာစစစ်ရှောင်စခန်း  ကိုယ်ဝန်ဆောင်မိခင် ၇ ဦးနဲ့ မုတ်ကျတ်နဲ့ နောင်ခရူးကျေးရွာမှာရှိတဲ့ ခါနန်စစ်ရှောင်စခန်းမှာ ကိုယ်ဝန်ဆောင် မိခင် ၂၅ ဦး ဝန်းကျင်ရှိတယ်လို့ စစ်ရှောင်တာဝန်ခံတွေက ပြောပါတယ်။ ဒါ့အပြင် စစ်ဘေးရှောင်စခန်းတွေဟာ မိုးကာနဲ့ယာယီတဲဆောက်လုပ်ထားတာကြောင့် မိုးရွာတိုင်း မိုးယိုတာတွေရှိနေပြီး စစ်ရှောင်စခန်းရေဝင်ရောက်ပြီး နေရာထိုင်ခင်းအဆင်မပြေမှုတွေကြောင့် ကိုယ်ဝန်ဆောင်မိခင်တွေဖျားနာတာတွေလည်း ရှိနေတယ်လို့ ခါနန်စစ်ရှောင်စခန်းတာဝန်ခံက ခုလိုပြောပြပါတယ်။ “မြေကြီးက စိုဆွတ်နေတော့ ကိုယ်ဝန်ဆောင်မိခင်တွေချော်လှဲတာမျိုး၊ဖျားတာတွေရှိတယ် တစ်ခုခု ဖြစ်မှာကို စိုးရိမ်တာပေါ့ ပြီးတော့ မိုးစိုတော့ ကလေးအနှီးတွေမြန်မြန်မချောက်တာမျိုးတွေ ကျန်းမာရေးမကောင်းတာတွေဖြစ်တာပေါ့”လို့ ဆိုပါတယ်။ လက်ရှိ စစ်ရှောင် စခန်းတွေမှာ ဆေးပေးခန်းတွေရှိပေမယ့်လည်း ကိုယ်ဝန်ဆောင် မိခင်တွေအတွက် လိုအပ်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ ဆေးဝါးတွေ ရရှိဖို့ ခက်ခဲနေတာဘဲ ဖြစ်ပါတယ်။ အလားတူ တစ်ဖက်မှာလည်း မိုးရာသီရောက်လာတာနဲ့ တစ်ပြိုင်နက် စစ်ရှောင်စခန်းတွေမှာ  သောက်ရေ၊ သုံးရေ၊ မသန့်ရှင်းမှုတွေသုံးနေရတဲ့အတွက် ဝမ်းပျက်ဝမ်းလျှော ရောဂါတွေဖြစ်နေတဲ့အပြင် ငှက်ဖျားနဲ့ တုပ်ကွေးရောဂါတွေပါ ဖြစ်နေတယ်လို့ စစ်ရှာင်ပြည်သူတွေ ဆီကနေ သိရပါတယ်။ လက်ရှိ စစ်ရှောင်နေတဲ့ ပြည်သူတွေထဲက အောင်မြေ(၁)၊ အောင်မြေ(၂)၊ရွှေညောင်ပင် ကျေးရွာပြည်သူတွေဟာ မတ်လ ၇ ရက်နေ့ KIA ပူးပေါင်းတပ်တွေရဲ့စခန်းသိမ်းတိုက်ပွဲစတင်လာတဲ့ချိန်ကနေ လဘန်ကျေးရွာမှာ ထွက်ပြေးတိမ်းရှောင်လာတာဖြစ်ပြီး  မေလ ၂၁ ရက်နေ့မှာတော့  ဝူယန်နဲ့ ခကွမ်၊ နမ့်ဝါ၊ လမြန်စတဲ့ ကျေးရွာတစ်လျှေက်ပြည်သူတွေဟာ မုတ်ကျိတ်(MukChyik)၊ နောင်ခယူး (Nawng Hkyu)၊ဒိန်ဂျာယန်(Ding Jayang) လဘန်ရွာစတဲ့ရွာတစ်လျှောက်မှာ ထွက်ပြေးခိုလုံနေကြတာဘဲဖြစ်ပါတယ်။ ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်တစ်လျှောက်မှာ ပြီးခဲ့တဲ့ မတ်လ ၇ ရက်နေ့ကစပြီး ဝိုင်းမော်မြို့နယ်ထဲမှာ စစ်တပ်နဲ့ KIA  တပ်အကြား တိုက်ပွဲကြောင့် ဝိုင်းမော်မြို့နယ်က နောင်ဟီး၊စန်းကားကျေးရွာတွေအပါအဝင် ရွာပေါင်း ၃၀ ဝန်းကျင် နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေကြတာဖြစ်ပြီး လက်ရှိ မိုးတွင်းကာလရောက်နေတာကြောင့် ဖျားနာသူတွေများလာနေတာဘဲဖြစ်ပါတယ်။ By –…

    Read More »
  • 21 June
    သတင်း

    ဝိုင်းမော်မှာ ဒရုန်းဗုံးသီးစထိမှန်လို့ အရပ်သားတစ်ဦးသေဆုံး

    ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် နမ့်ဝါရွာမှာ မနေ့ကည ၁၀ နာရီခွဲဝန်းကျင် ဒရုန်းဗုံးသီး ကျရောက်ပေါက်ကွဲလို့ အရပ်သားတစ်ဦး သေဆုံးခဲ့ရတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ အဲ့ဒီဒရုန်းဗုံးသီးဟာ နမ့်ဝါရွာအနီးမှာရှိတဲ့ ရာဘာခြံထဲကျရောက်ပေါက်ကွဲခဲ့တာဖြစ်ပြီး အသက် ၄၀ ကျော်အရွယ် အမျိုးသားတစ်ဦး ရင်ဘတ်ကိုထိမှန်သေဆုံးခဲ့ရတာလို့ ဝိုင်းမော်…

    Read More »
  • 20 June
    သတင်း

    နောင်ဟီးနဲ့စန်းကားရွာအဝင်တွေမှာ စစ်တပ်ကစစ်ဆေးရေးတင်းကြပ်နေဆဲ

    ဝိုင်းမော်မြို့နယ် နောင်ဟီးကျေးရွာနဲ့စန်းကားကျေးရွာ စာသင်ကျောင်းနေရာတွေမှာအထိုင်ချထားတဲ့ စစ်ကောင်စီတပ်ဟာ ရွာအဝင်အထွက်စစ်ဆေးရေးတင်းကြပ်နေပြီး မှတ်ပုံတင်ကိုင်ဆောင်သူတွေသာ ရွာထဲဝင်ခွင့်ပြုနေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ စစ်ကောင်စီတပ်တွေဟာ နောင်ဟီးရွာစာကျောင်းရှေ့မှာတစ်နေရာ နောင်ဟီးကျေးရွာနဲ့အာလူးဘာရီရွာကြားက တံတားမှာတစ်နေရာ၊ အာလူးဘာရီကျေးရွာနဲ့စန်းကားကျေးရွာကြားကတံတားမှာတစ်နေရာ  ၃ နေရာတိတိစစ်ဆေးနေတယ်လို့ သိရပြီး အမျိုးသမီးနဲ့ကလေးသူငယ်တွေထက် အမျိုးသားတွေကို အဓိကစစ်ဆေးနေတာဖြစ်တယ်လို့ နောင်ဟီးကျေးရွာဒေသခံတစ်ဦးက KNG ကို ခုလိုပြောပါတယ်။  “ခတ်ချိုမှာတောင် မစစ်ဘူး ဒါပေမယ့် ကျနော်တို့နောင်ဟီးကျောင်းရှေ့မှာက ပုံမှန်စစ်နေတယ် မှတ်ပုံတင်စစ်တာ အဓိက အမျိုးသားတွေဆို ပိုစစ်တယ်”လို့ ပြောပါတယ်။ နောင်ဟီး၊အာလူးဘာရီကျေးရွာ၊ စန်းကားရွာတွေဟာ ခတ်ချိုရွာရဲ့အောက်ဘက်တစ်ဆက်တည်းရှိတဲ့ရွာတွေဖြစ်ပြီး ဒေသခံတွေဟာ ပြီးခဲ့တဲ့မေလကနေ အများပိုင်းထွက်ပြေးတိမ်းရှောင်နေကြပြီဖြစ်ပါတယ်။ ဒါပေမယ့် ဒေသခံတွေတိမ်းရှောင်နေချိန် နေအိမ်သူခိုးဖောက်ထွင်းခံရတာတွေရှိနေတဲ့တွက် ဒေသခံတစ်ချို့ရွာထဲ ယာယီပြန်လာနေထိုင်သူတွေရှိသလို နေ့ချင်းပြန်ခနတစ်ဖြုတ်ပြန်တာတွေရှိပေမယ့် စစ်ဆေးရေးတင်းကြပ်ထားတာကြောင့် စိုးရိမ်မှုတွေရှိနေတယ်လို့ အာလူးဘာရီဒေသခံတစ်ဦးက ပြောပါတယ်။ “နောင်ဟီးကျောင်းရှေ့မှာ ပုံမှန်စစ်တယ် ပြီးတော့ နောင်ဟီးရွာနဲ့အာလူးဘာရီရွာကြားက တံတားမှာလည်းစစ်တယ် ။ဒါပေမယ့် အဲမှာက ရှောင်တခင်စစ်တာ ပုံမှန်မရှိဘူး။ ပုံမှန်စစ်တာက နောင်ဟီးကျောင်းရှေ့နဲ့ အာလူးဘာရီနဲ့စန်းကားရွာကြားက တံတားမှာပုံမှန်စစ်တယ်”လို့ ပြောပါတယ်။် အာလူးဘာရီရွာဟာ နောင်ဟီးကျေးရွာနဲ့စန်းကားရွာအကြားမှာရှိပြီး နယ်မြေအားဖြင့် စန်းကားကျေးရွာအုပ်စု ရပ်ကွက် ၂ နယ်မြေဖြစ်ပါတယ်။ လက်ရှိ စစ်ကောင်စီတပ်တွေဟ နောင်ဟီးရွာအထက်တန်းကျောင်း၊အာလုံးဘာရီရွာနဲ့စန်းကားရွာကြား တံတားနားက ဘုန်းကြီးကျောင်းအပြင် စန်းကားကျေးရွာအထက်တန်းကျောင်းနေရာတွေမှာ တပ်စွဲထားတာလည်းဖြစ်ပါတယ်။ စန်းကားကျေးရွအုပ်စု ရပ်ကွက် ၇ ရဲ့အောက်ဘက်မှာတော့ ခန့်လုံးရွာ၊ဘန်ဘားရွာတွေတစ်ဆက်တည်းရှိပြီး ခန့်လုံးရွာကတံတားကတော့ ပြီးခဲ့တဲ့ မေလမှာ စစ်တပ်က ဗုံးခွဲဖျက်စီးထားတဲ့အပြင် ဒီရက်ပိုင်းဘန်ဘားရွာမှာ စစ်တပ်နဲ့  KIA ပူးပေါင်းတပ်အကြား စစ်ရေးတင်းမာနေတဲ့အပြင် စစ်တပ်ဘက်က လေကြောင်းပစ်ခတ်တာတွေပုံမှန်ရှိနေတယ်လို့လည်း သိရပါတယ်။  နောင်ဟီးရွာနဲ့စန်းကားရွာဟာ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်နဲ့ ဧရာဝတီမြစ်တစ်ဖက်ကမ်းမှာရှိတဲ့ရွာတွေဖြစ်ပြီး မြစ်ကြောင်းတစ်လျှောက် အရေးပါတဲ့နေရာတွေဖြစ်တာကြောင့် စစ်ဆေစစ်ဆေးရေးတင်းကြပ်ခံနေရသလို နောင်ဟီးကနေဧရာဝတီမြစ်တစ်ဖက်ကမ်း မြစ်ကြီးနားဘက်ကို ကူးတဲ့ ကူးသို့ဆိပ်လည်း ပိတ်ခံထားရတာ ၂ လဝန်းကျင်ရှိလာပြိီဖြစ်ပါတယ်။ ဒါ့အပြင် နောင်ဟီးရွာနဲ့စန်းကားရွာ စာသင်ကျောင်းတွေမှာလည်း စစ်တပ်က နေရာယူတပ်စွဲထားတာ တစ်လဝန်းကျင်ရှိလာပြိီဖြစ်ပါတယ်။ By – CJ

    Read More »
  • 19 June
    မူးယစ်ဆေးဝါး

    ဝိုင်းမော် စာသင်ကျောင်းတဝိုက် မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲသူတွေကို ဖမ်းဆီးအရေးယူပေးဖို့ဒေသခံတွေတောင်းဆို

    ကချင်ပြည်နယ် ဝိုင်းမော်မြို့ အထက (၁) စာသင်ကျောင်းနားမှာ မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲသူတွေပိုဆိုးရွားလာနေတာကြောင့် အမြန်ဆုံးဖမ်းဆီးအရေးယူပေးကြဖို့ ဒေသခံတွေကတောင်းဆိုနေကြပါတယ်။ ဝိုင်းမော်မြို့ရဲ့အခြေခံပညာအထက်တန်းကျောင်းဖြစ်တဲ့ အထက (၁) ကျောင်းဟာ မြို့ပေါ်ရပ်ကွက်ဖြစ်တဲ့ ရပ်ကွက်(၂) မှာရှိပြီး ကျောင်းရဲ့ဘေးပတ်ပတ်လည်လမ်းတွေမှာ   မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲတဲ့သူတွေ အုပ်စုလိုက် ၅ ဦးကနေ ၁၀ ဦးဝန်းကျင်ထိ နေ့တိုင်း လာရောက်သုံးစွဲနေကြတယ်လို့ သိရပါတယ်။ အခုလို ကျောင်းရဲ့လမ်းဘေးဝဲယာမှာ မူးယစ်ဆေးဝါးပေါ်ပေါ်တင်တင်ရောင်းဝယ်သုံးစွဲနေကြတာတွေကြောင့် ကျောင်းသားမိဘတွေအနေနဲ့ ကလေးတွေအနာဂတ်စိုးရိမ်မိတယ်လို့ မိဘတစ်ဦးက ခုလိုပြောပါတယ်။ “ကျွန်တော်တို့ကတော့ အရမ်းစိတ်မကောင်းဘူးပေးဘူးဗျ ကလေးတွေရဲ့ ကျောင်းပတ်လည်မှာရှိနေကြတာဆိုတော့ ကလေးတွေကအမြင်မဆန်းဖြစ်နေတာပေါ့ အတုမြင် အမြင်တတ်ဖြစ်မှာကို စိုးရိမ်တယ်”လို့ ဆိုပါတယ်။ ဝိုင်းမော်မြို့မှာ အထက ( ၁) အနီး မူးယစ်ဆေးဝါးတွေကို ပေါ်ပေါ်တင်တင်ရောင်းဝယ်သုံးစွဲနေကြတာဟာ နှစ်နဲ့ချီကြာနေပြီဖြစ်ပေမယ့် အာဏာသိမ်းပြီးနောက်ပိုင်း ထိရောက်တဲ့အရေးယူမှုတွေမရှိတဲ့အတွက် တဖြည်းဖြည်းပိုမိုဆိုးရွားလာတာဖြစ်တယ်လို့ ဝိုင်းမော်ဒေသခံတွေက ပြောပါတယ်။ မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲသူတွေပိုဆိုးလာတာကြောင့် ရပ်ကွက်ထဲက ပြည်သူတွေစုပေါင်းပြီးမောင်းထုတ်တာ၊ ရဲတွေကို တိုင်ကြားတာတွေလုပ်ပေမယ့်လည်း ဖမ်းဆီးအရေးယူတာမရှိတဲ့အတွက် ထူးခြားမှုရှိမလာဘူးလို့  ဝိုင်းမော်ဒေသခံတစ်ဦးက ခုလိုပြောပါတယ်။ “ရဲတွေကလည်း လာတော့လာတယ် ဒါပေမယ့် ပိုက်ဆံဘဲယူပြီး ပြန်ပြန်သွားတယ်။ ကျွန်တော်လည်း ဆေးရောင်းတဲ့သူကိုမေးကြည့်တော့ သူတို့ပြောတာက ရဲတွေကတစ်ခါတစ်လေ မင်းတို့မချရသေးဘူးမလားဆိုပြီး ပိုက်ဆံလာပေးတာမျိုးတောင်လုပ်တယ်လို့ ပြောတယ်”လို့ ဆိုပါတယ်။ ဒေသခံတွေရဲ့ပြောဆိုချက်အရ ရဲတွေဟာမူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲသူတွေကို ဖမ်းဆီးတာမလုပ်ဘဲ အခွန်ကောက်ခံတဲ့ပုံစံမျိုးသာလုပ်လေ့ရှိတဲ့အတွက် ကျောင်းဘေးနားတစ်လျှောက် လွတ်လွတ်လပ်လပ်ရောင်းဝယ်သုံးစွဲသူတွေ ပိုဆိုးလာတာဖြစ်တယ်လို့ ဝိုင်းမော်ဒေသခံ ပြည်သူတွေက ပြောပါတယ်။ အခုလို အခြေအနေတွေကြောင့် ဝိုင်းမော်မြို့မှာ ပြီးခဲ့တဲ့နှစ်ကတည်းကနေ အသက်မပြည့်သေးတဲ့ ကလေးငယ်တော်တော်များများလည်း မူးယစ်ဆေးဝါးတွေသုံးစွဲတတ်လာပြီး ပျက်စီးလာကြတယ်လို့ ဆိုပါတယ်။ တစ်ဖက်မှာလည်း နိုင်ငံရေးအခြေအနေတွေကြောင့် ဝိုင်းမော်ဒေသခံတွေတိမ်းရှောင်ချင်ပေမယ့်လည်း မူးယစ်ဆေးဝါးရဲ့နောက်ဆက်တွဲပြသာနာဖြစ်တဲ့ ခိုးဆိုးလုနှိုက်တွေပေါများတဲ့အတွက် အိမ်စောင့်လျက်နေနေကြတာဘဲ ဖြစ်ပါတယ်။ အာဏာမသိမ်းခင်  မူးယစ်ဆေးဝါးတိုက်ဖြတ်ရေးလုပ်ငန်းစဉ်တွေကို အရပ်ဘက်အဖွဲ့အစည်းတွေ အားကောင်းကောင်းနဲ့ တိုက်ဖြတ်နိုင်ခဲ့ပေမယ့် အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ စစ်တပ်ရဲ့ကန့်သတ်ချက်တွေကြောင့် ရပ်နားထားရတာဘဲ ဖြစ်ပါတယ်။ ဒါ့အပြင် အာဏာသိမ်းပြီးနောက်ပိုင်း ကချင်ပြည်နယ်နေရာအနှံ့မှာ လောင်းကစားရုံတွေအပြင်၊ မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲမှုတွေ များလာတာနဲ့ အတူ ခိုးဆိုးလုယှက်တာတွေလည်း များလာတာဘဲ ဖြစ်ပါတယ်။  မြန်မာနိုင်ငံဟာ ဘိန်းစိုက်ထုတ်မှုအများဆုံး‌ ရှမ်းပြည်နယ်ဖြစ်ပြီး တစ်နိုင်ငံလုံးက စိုက်ပျိုးမှုနှုန်း ၈၈ ရာခိုင်နှုန်းက ရှမ်းပြည်နယ်က ဖြစ်တယ်လို့ UNODC မှာဖော်ပြထားပါတယ်။ အဲဒီထဲမှာတော့ ကချင်နဲ့ချင်းပြည်နယ်တို့က အများဆုံးစိုက်ပျိုးပြီး UNODC ရဲ့ ၂၀၂၃ ဒီဇင်ဘာ ၁၂ရက်နေ့ရဲ့ ထုတ်ပြန်ချက်မှာတော့ မြန်မာနိုင်ငံက ကမ္ဘာပေါ်မှာ ဘိန်းစိုက်ပျိုးမှုအများဆုံးနိုင်ငံဖြစ်တယ်လို့ထုတ်ပြန်ထားပါတယ်။ By – Hope

    Read More »
  • 19 June
    သတင်း

    ဝါးရှောင် စစ်ရှောင်ပြည်သူတွေ  ငှက်ဖျားရောဂါဖြစ်နေပြီး ဆေးဝါးအကူညီလိုအပ်နေ

    ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် ဝါးရှောင်ကျေးရွာဒေသခံပြည်သူတွေ  ငှက်ဖျားရောဂါအဖြစ်များနေပြီး ဆေးဝါးအကူအညီအရေးပေါ်လိုအပ်နေတယ်လို့ ဝါရှောင်ဒေသခံပြည်သူတွေက ပြောပါတယ်။ ဝိုင်းမော်– ဆဒုံး– ချီဖွေသွားလမ်းမပေါ် ၁၃ မိုင်ဂိတ်နဲ့အနီးဆုံးမှာရှိတဲ့ ဝါရှောင်ကျေးရွာ ပြည်သူတွေဟာ ပြီးခဲ့တဲ့ ဇွန်လ ၁၁ ရက်နေ့ကစပြီး တောတောင်တွေနဲ့ နီးစပ်ရာနေရာဒေသတွေမှာ ထွက်ပြေးတိမ်းရှောင်နေကြတာ ဖြစ်ပါတယ်။ တောတောင်တွေမှာ ခက်ခက်ခဲခဲထွက်ပြေးတိမ်းရှောင်နေကြတဲ့ စစ်ရှောင်တွေဟာ နေရာထိုင်ခင်းမလုံလောက်မှု၊ အမိုးအကာမလုံလောက်တာတွေရှိနေတာကြောင့် ငှက်ဖျားရောဂါတွေလည်း အဖြစ်များနေတယ်လို့ စစ်ရှောင်ပြည်သူတစ်ဦးကခုလိုပြောပါတယ်။ “တောမှာဆိုတော့ မိုးကာတွေလည်းမလုံ ငှက်ဖျားပိုးစစ်လိုက်လို့ရှိရင်လည်း အောင်တဲ့သူတွေဘဲ ဖြစ်နေတယ် မိသားစု ၅ယောက်မှာ ၂ယောက်ကပိုးရှိနေတယ်။ ဒါကြောင့် ကျွန်မတို့အတွက် မျှော်လင့်ချက်ကတော့ ဇီးရိုးအခြေအနေမှာ ရောက်နေတယ်”လို့ ပြောပါတယ်။ ဝါးရှောင်ရွာအထက်မှာရှိတဲ့ ၁၃ မိုင်စုပေါင်းဂိတ်စခန်း ဆဒုံး၊ချီဖွေကနေ ဝိုင်းမော်မြို့ထဲဝင်တဲ့တစ်ခုတည်းသော စစ်တပ်ဂိတ်စခန်းဖြစ်ပါတယ်။  အဲဒီဂိတ်စခန်းကို KIA ပူးပေါင်းတပ်တွေ တိုက်ခိုက်သိမ်းပိုက်တဲ့နေ့ကစပြီး စစ်တပ်နဲ့ KIA တပ်တို့အကြား ဒီကနေ့ထိ စစ်ရေးတင်းမာနေဆဲဖြစ်သလို စစ်တပ်ဘက်က လက်နက်ကြီးရမ်းသမ်းပစ်ခတ်နေတာတွေလည်း ရှိနေတာကြောင့် နေရပ်ပြန်ဖို့ခက်ခဲနေသေးတာဖြစ်ပါတယ်။ ဒါ့အပြင် တစ်ဖက်မှာလည်း ဒေသခံတွေဟာ လမ်းပန်းဆက်သွယ်ရေးအခက်ခဲ၊လုံခြုံရေးစိုးရိမ်ရတဲ့အတွက် မြို့ပေါ်တက်ပြီး ဆေးဝယ်ယူဖို့လည်း ခက်ခဲနေကြတာဖြစ်ပါတယ်။ ဝါးရှောင်ဒေသခံတွေဟာ ကိုယ်နည်းကိုယ်ဟန်နဲ့ နီးစပ်ရာနေရာဒေသတွေဆီ  တစ်ကွဲတစ်ပြားထွက်ပြေးတိမ်းရှောင်သွားကြတဲ့အတွက် တခြားစစ်ရှောင်တွေလို အကူအညီတွေရရှိဖို့လည်း ခဲယဉ်းနေတာကြောင့် တတ်နိုင်သူတွေအနေနဲ့ ဆေးဝါးကူညီထောက်ပံ့ပေးကြဖို့ ဒေသခံတွေ တောင်းဆိုနေကြပါတယ်။  တစ်ဖက်မှာလည်း ဒေသခံတွေဟာ ဒီနှစ်အတွက် မိုးစပါးမစိုက်ပျိုးနိုင်တဲ့အတွက် လာမယ့်နှစ်မှာ အငတ်ဘေးကြုံရမယ့်အခြေနေမှာလည်း ရှိနေတယ်လို့ စစ်ရှောင်အမျိုးသမီးတစ်ဦးက ခုလိုပြောပါတယ်။  “ပြည်သူတွေအတွက်တော့ စိတ်ပင်ပန်းတာကလွဲ တခြားဘာမှ မပြောပြတတ်တော့ဘူး နောင်နှစ်အတွက်တော့ မျှော်လင့်ချက်မရှိတော့ဘူးပေါ့”လို့ ဝါးရှောင် ဒေသခံအမျိုးသမီး တစ်ဦးက ပြောပါတယ်။ ဝါးရှောင်ကျေးရွာက ဒေသခံပြည်သူတွေဟာ  လယ်ယာစိုက်ပျိုးရေးကို အဓိကလုပ်ကိုင်ကြတာဖြစ်တယ်လို့ သိရပြီး ၂၀၁၄ သန်းခေါင်စာရင်းအရ ကျား ၂၁၇၇ ဦး၊ မ ၂၂၇၃ ဦး၊ လူဦးရေစုစုပေါင်း ၄၄၅၀ ဦး နေထိုင်တဲ့ ရွာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ မတ်လ ၇ ရက်နေ့ နောက်ပိုင်း KIA ပူးပေါင်းတပ်တွေရဲ့စစ်ဆင်ရေးဟာ မြို့နဲ့အနီးတစ်ဝိုက်ရောက်လာပြီး မြို့စောင့်တပ်ဖြစ်တဲ့ ခမရ ၃၂၁ ကိုသိမ်းပိုက်လိုက်တဲ့နောက် စစ်တပ်ဘက်က လက်နက်ကြီးတွေတောက်လျှောက်ပစ်ခတ်နေတာကြောင့် ဝိုင်းမော်မြို့နယ်ထဲက ရွာအားလုံးနီးပါးနေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေကြရတာဖြစ်ပါတယ်။ ဝိုင်းမော်မြို့နယ်ဟာ မြို့ဧရိယာထက် ကျေးလက်ဧရိယာအများဆုံးဖြစ်ပြီး ရွာပေါင်း ၂၀၀ ဝန်းကျင်နဲ့ဖွဲ့စည်းထားတဲ့မြို့နယ်တစ်ခုဖြစပြီး ဒေသခံပြည်သူအများပိုင်း လယ်ယာစိုက်ပျိုးရေးနဲ့အသက်မွေးဝမ်းကျောင်းပြုကြတာဖြစ်ပါတယ်။ ဝိုင်းမော်မြို့နယ်မှာ ၂၀၁၉ ခုနှစ် သန်းခေါင်စာရင်းအရ မြို့ပေါ်ရပ်ကွက် ရက်ကွက် ၁၃ ခု၊ ကျေးရွာအုပ်စု ၄၀ စု၊ ကျေးရွာ ၁၇၀ စုစုပေါင်း ၂၀၀ ဝန်းကျင်နဲ့ ဖွဲ့စည်းထားပြီး လူဦးရေ ၁၂၀၀၀၀ ကျော်နေထိုင်တဲ့မြို့နယ်ဖြစ်ပါတယ်။ By – Hope

    Read More »
Back to top button