သတင်း

ဥရုချောင်းရှင်းလင်းရေး စံချိန်စံညွန်းမှီရန်နှင့် ကုမ္ပဏီများစည်းကမ်းလိုက်နာရန် လိုအပ်ဟုဆို

ဖားကန့်တွင် နှစ်စဉ်ရေဘေးအန္တရယ်လျှော့ချရေးအတွက် ဥရုချောင်းရှင်းလင်းရေးကို နိုင်ငံတကာစံချိန်မှီပြုလုပ်ရန်နှင့် ကုမ္မဏီများမှလည်း စည်းကမ်းလိုက်နာရန်လိုအပ်ကြောင်း ဒေသခံများ တောင်းဆိုနေကြပါသည်။

ဥရုချောင်းရှင်းလင်းရေးကော်မတီအမည်ဖြင့် နှစ်စဉ် ချောင်းရှင်းလင်းရေး ပြုလုပ်နေသော်လည်း ထိရောက်မှုမရှိသည့်အပြင် ကုမ္မဏီများမှလည်း ချမှတ်ထားသော စည်းကမ်း လိုက်နာမှုမရှိသဖြင့် နှစ်စဉ်ရေကြီးမှုဒဏ်ခံနေရခြင်းဖြစ်သည်ဟု ဖားကန့်မော်ဝမ်း ရပ်ကွက်(၅) ဥရုချောင်းအနီးတွင်နေထိုင်သည့် ဦး Ja Naw ယခုလို ပြောဆိုထားပါသည်။

“ဥရုချောင်းရှင်းလင်းရေးကိုလည်း လုပ်လာတာ အခုဆိုရင် ၅နှစ်လောက်ရှိပြီ။ ဒါပေမယ့် ထိထိမိမိမရှိဘူး။ အဖြစ်သဘောမဟုတ်ဘဲ နိုင်ငံတကာ စံချိန်စံညွန်းအတိုင်း လုပ်စေချင်တယ်။ အစိုးရကလည်း ဒီအပိုင်းကို ကောင်းကောင်လုပ်ပေးဖို့ တောင်းဆိုချင်တယ်။ ကုမ္မဏီဘက်ကလည်း ရေကြီးတာကို သဘာဝဘေးကြောင့်လို့ဘဲပြောတယ်။ အမှန်တော့ ဒါက လူလုပ်တဲ့ ဘေးအန္တရယ်လို့ဘဲ မြင်တယ်။ ဘာကြောင့်လဲဆိုတော့ ဥရုချောင်းရဲ့ပေ ၅၀၀မှာ မြေစာပုံမပစ်ရ ဆိုပြီး ချမှတ်ထားတာတွေရှိတယ်။ ဒါပေမယ့် ကုမ္မဏီဘက်က စည်ကမ်းလိုက်နာတာ မတွေ့ရဘူး။ ဒီအပိုင်းတွေကိုလည်း အစိုးရကနေ သေသေချာချာ ကြပ်မှတ်သင့်တယ်” ဟု ဒေသခံတစ်ဦး ပြောဆိုခဲ့ခြင်းဖြစ်ပါသည်။

ဥရုချောင်းအနီးတဝိုက်ရှိ လုံးခင်း၊ မော်ဝမ်း၊ ငှက်ပျောတော နှင့် အေးမြသာယာရပ်ကွက်များတို့တွင် နှစ်စဉ် အိမ်ခြေ ၁၀၀ ကျော်ခန့်က ရေဘေးဒဏ်ကို ကြုံတွေ့ နေရကြောင်း ဒေသခံများပြောဆိုချက်မှ သိရှိရသည်။

အဆိုပါရေကြီးမှု ဒဏ်ကို နှစ်စဉ်ကြုံတွေ့နေရသဖြင့် နေအိမ်ကိုလည်း ပုံမှန်ပြန်လည်ပြုပြင်နေရကြောင်း ဥရုချောင်းအနီးတဝိုက်ရှိ ငှက်ပျောတောရပ်ကွက်တွင် နေထိုင်သည့် ဒေါ် Gawat Htawng Yang ယခုလိုပြောဆိုထားပါသည်။

“တစ်နှစ်ထက်တစ်နှစ် ရေကြီးလာမှုက ပုံမှန်မရှိဘူး။ မနှစ်တုန်းက ၄ပေလောက်ရောက်ပြီ ဆိုရင် ဒီနှစ်က ၅ပေအထိရောက်တယ်။ ရေကြီးတဲ့အခါကျတော့ အိမ်ကိုမကြာခဏမြောက်ပေးရတယ်။ မြောက်ပြီးဆိုရင်လည်း ပြန်ပြန်ကြီးတော့ ထပ်မြောက်။ ဒီလိုနဲ့ အိမ်တွေက ဆွေးကုန်ပြီ ။ နောက် မတတ်နိုင်တဲ့ သူတွေဆို မကြာခဏမြောက်ဖို့က အဆင်မပြေဘူး။ ပြီးရင် ရေကြီးလို့ အိမ်တွေမြုပ်နေရင်တော အစိုးရတွေ၊ ကုမ္မတွေက ပြန်ပြီးလာမကြည့်ဘူး။ အိမ်မြုပ်သွားလို့ ပြင်ဖို့ဆိုရင်တောင်မှ စည်ပင်ကို ခွင့်ပြုမိန့်တင်ရတယ်။ ဆောက်မိန့်တွေချပေးမှ ဆောက်ရတာ ဖြစ်တယ်” ဟု သူကပြောသည်။

ဥရုချောင်းရှင်းလင်းရေးကို ယခင်က အများပိုင်ကုမ္မဏီများမှ တာဝန်ယူ လုပ်ဆောင်ရွက်ခဲ့သော်လည်း ယခုနှစ်တွင် ပြည်ထောင်စု အစိုးရ၏ ညွန်ကြားချက်နှင့်အညီ ပြည်နယ်အစိုးရက စီစစ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီး ဦး Dashi La Seng ပြောဆိုပါသည်။

“အရင်တုန်းက အများပိုင်ကုမ္မဏီတွေနဲ့ ဥရုချောင်းရှင်းလင်းရေးလုပ်ဆောင်တဲ့အပိုင်းမှာ သူတို့က လူအင်အားနဲ့ ယန္တရားနည်းတဲ့အတွက် ထိရောက်မှု သိပ်မရှိခဲ့ဘူးလို့ မြင်တယ်။ ဘာကြောင့်လဲဆိုတော့ စီးကျလာတဲ့ မြေစာနွံတွေကို ထုတ်ကလော်တဲ့အချိန်မှာ ကမ်းပါးနားမှာဘဲ ပြန်ထားတယ်။ အဲ့တော့ မိုးရွာရင်ပြန်ကျတယ်။ အဲ့တော့ နဂိုတိုင်းပြန် စီးဝင်သွားတာပေါ့။ နောက် ဒေသခံအချင်းချင်းကြားမှာ ပြောကြဆိုကြတာများတယ်။ ဒါကြောင့် ဒီနှစ်မှာက တာတွေကို သင်ခန်းစာယူပြီး ချောင်းထဲက သဲစာနွံတွေကို ကမ်းပါနဲ့အလှမ်းဝေးတဲ့နေရာမှာ သွန်ဖို့လုပ်ထားတယ်။ အဓိကတော့ ဥရုချောင်းထဲ ပြန်လည်မစီးဆင်းနိုင်တဲ့အထိ စနစ်တကျလုပ်သွားဖို့ ရှိတယ်” ဟု ပြောဆိုသည်။

ယခုနှစ်အတွက် ဥရုချောင်းရှင်းလင်းရေးကို ဖားကန့် အထက်ပိုင်း နမ့်မှော်ပေါက်ဝ မှ လုံးခင်းဘက်အခြမ်းသို့ လုပ်ငန်းစတင်နေပြီဖြစ်ကြောင်း သူကဆက်ပြောသည်။

ဥရုချောင်းရှင်းလင်းရေးကို ‘ဖားကန့်ဒေသပြန်လည်ထူထောင်ရေးလုပ်ငန်း’ ခေါင်းစဉ်အောက် ကော်မတီများဖွဲ့စည်းကာ အဖွဲ့ (၅)ဖွဲ့ဖြင့် အထက်ပိုင်းနဲ့ အောက်ပိုင်းခွဲကာ လုပ်ဆောင်နေပြီဖြစ်ကြောင်း ပြည်နယ် သဘာတနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးရုံးမှ သိရသည်။

ဥရုချောင်းရှင်းလင်းရေး ကော်မတီတွင် မြို့နယ်အုပ်ချုပ်ရေးမှူးများ ဦးဆောင်ပြီး စည်ပင်သာယာရေးအဖွဲ့၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့၊ ကျောက်မျက်တူးဖော်ရေး၊ ကျေးလက်ဒေသဖွံ့ဖြိုးရေး၊ မြို့နယ်ရဲတပ်ဖွဲ့၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် လူမှုအဖွဲ့အစည်းတို့မှ ပါဝင်ကာ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရပါသည်။

Show More

Related Articles

Back to top button