သတင်း

ဖားကန့်တွင် ကျပ်သိန်း ၆ သောင်းကျော် ကုန်ကျမည့် ကျောက်မျက်ရတနာဈေးတစ်ခု တည်ဆောက်မည်

ဖားကန့်မြို့တွင် ကျပ်သိန်းပေါင်း ၆ သောင်းကျော် ကုန်ကျမည့် ကျောက်မျက်ရတနာဈေးတစ်ခု စတင် တည်ဆောက်နေပြီဖြစ်ကြောင်း ကချင်ပြည်နယ် သဘာဝသယံဇာတဝန်ကြီးဌာနမှ သိရပါသည်။

အဆိုပါ ကျောက်စိမ်းဈေးကို ပြည်နယ် သဘာဝ သယံဇာတဝန်ကြီးဌာနနှင့် ဖားကန့် ကျောက်မျက်လုပ်ငန်းရှင်များအသင်း တို့ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်သည်ဟု သိရပါသည်။

“လုံခြုံရေးအရ လုပ်ငန်းဆောင်ရွက်တဲ့ခါမှာ ကျောက်သယ်ဆောင်လာတဲ့ ဟာတွေ(တရားမဝင်) ကျောက်အရောင်းအဝယ် လုပ်တဲ့အချိန်မှာ တွေ့တဲ့ဟာတွေကို ဖမ်းရတယ်။ တရားဝင်ဈေး ဖြစ်သွားခဲ့မယ်ဆိုရင် တရားဝင်ဈေးမှာ ရောင်းကြ ဝယ်ကြမယ်။ ဒီတရားဝင်ဈေးက ဝယ်ပြီးမှသယ်ယူသွားတဲ့ဟာမျိုးဆိုရင် ထောက်ခံချက်တွေပါမယ်။ ဖမ်းဆီးတဲ့သူတွေလည်း ထောက်ခံချက်ကို တွေ့မယ်ဆိုရင် ဖမ်းဆီးတာတွေ လျော့နည်းသွားမယ်။” ဟု ကျောက်စိမ်းဈေးနှင့်ပတ်သက်ပြီး သယံဇာတဝန်ကြီး ဦးဒရှီလှဆိုင်း ဆိုသည်။

အဆိုပါကျောက်မျက်ရတနာဈေးတွင် အခန်းပေါင်း ၁၀၈ ခန်း ပါဝင်မည်ဖြစ်ပြီး ဆိုင်ခန်းတစ်ခန်းလျှင် အများဆုံး ကျပ်သိန်း ၇၅၀ ကုန်ကျမည်ဖြစ်ကာ အရစ်ကျပေးချေသည့်စနစ်ဖြင့် ရောင်းချပေးသွားမည်ဟု ဖားကန့်ကျောက်မျက်လုပ်ငန်းရှင်များ အသင်းမှ သိရသည်။

ထို့အပြင် ဖားကန့်ကျောက်စိမ်းဈေးတွင် A အဆင့် B အဆင့် သတ်မှတ်ထားခြင်းမရှိသည့်အတွက် မည်သည့် ကျောက်စိမ်း မဆို လာရောက်ရောင်းချနိုင်ကြောင်း ဖားကန့်ကျောက်မျက်လုပ်ငန်းရှင်များအသင်း ဥက္ကဌ ဦးကိုဝမ်းက ပြောသည်။

“ဖားကန့်ကျောက်စိမ်းဈေးမှာတော့ အဆင့်သတ်မှတ်လို့ရမှာ မဟုတ်ဘူး အကုန်လုံးရောင်းချခွင့်ပြုမှာပါ ။ အဓိကတော့ ကုန်သည်တွေအတွက် ဆိုင်ခန်းတွေရောင်းပေးမယ်။ ဆိုင်ခန်းတွေရှိရင် ရောင်းသူ ဝယ်သူတွေ ရောက်လာမှာဘဲ။ အဲလို ရောင်းဝယ်ပြီးတော့ မြစ်ကြီးနားကို ပို့ချင်တာဘဲဖြစ်ဖြစ်၊ မန္တလေးကို ပို့ချင်တာပဲ ဖြစ်ဖြစ်၊ တရားဝင်လိုင်စင် အခွန်ဆောင်နိုင်အောင် ကျနော်တို့ စီစဉ်ဆောင်ရွက်ပေးမယ် ချိတ်ဆက်ပေးမယ်။” ဟု ကျောက်မျက်လုပ်ငန်းရှင်များအသင်း ဥက္ကဌ ဆိုပါသည်။

ယင်းကျောက်မျက်ရတနာဈေးတည်ဆောက်ပြီးနောက် စားသောက်ဆိုင်နှင့် ဘဏ်များကိုလည်း ချိတ်ဆက်ကာ ဆောက်လုပ်သွားမည်ဖြစ်ကြောင်း ကျောက်မျက်လုပ်ငန်းရှင်များအသင်းထံမှ သိရသည်။

ကချင်ပြည်နယ်တွင် မြစ်ကြီးနားမြို့တွင် လာမယ့် ဖေဖော်ဝါရီ နောက်ဆုံးအပတ်အတွင်း ကျောက်မျက် ရတနာပြပွဲတစ်ခုလည်း ပြုလုပ်ရန် စီစဉ်နေကြောင်း သိရပါသည်။

 

Show More

Related Articles

Back to top button