သတင်း

ကချင်-တရုတ်နယ်စပ်မှ တရုတ်ကုန်ကားများ ဖြတ်သန်းမှုကိုတားဆီးပေးရန် ဆန္ဒဖော်ထုတ်

ကချင်ပြည်နယ်အတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်နှံ့မှုမရှိစေရန်နှင့် တရုတ်နိုင်ငံသားများဖြတ်သန်း သွားလာခွင့်ကို ရပ်ဆိုင်းပေးရန် ဝိုင်းမော်ဒေသခံများ ယနေ့ ဖေဖော်ဝါရီလ ၂၄ ရက်နေ့ မြစ်ကြီးနား စိမ်မြဧရာပန်းခြံတွင် ဆန္ဒပြတောင်းဆိုခဲ့ကြသည်။

တရုတ်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုရှိနေသော်လည်း ကချင်-တရုတ် နယ်စပ်ဂိတ်ပေါက်များမှ တရုတ်နိုင်ငံသားများနှင့် တရုတ်ကုန်တင်ကားကြီးများကို ဖြတ်သန်းသွားလာခွင့် ပေးထားသောကြောင့် ယခုလို ဆန္ဒပြပွဲပြုလုပ်ရခြင်းဖြစ်သည်ဟု ယနေ့အစီစဉ် ဦးဆောင်သူ ဒေါ်တူး ယခု လိုပြောဆိုသည်။

“ဒီဆန္ဒပြပွဲက လက်ရှိ နယ်စပ်ဂိတ်တွေမှာ ကိုရိုနာဗိုင်းရပ်(စ်)ဖြစ်နေတဲ့ တရုတ်နိုင်ငံသားတွေ၊ ကုန်တင်ကားကြီးတွေကို ဝင်ရောက်သွားလာခွင့် ပြုထားတယ်။ အရင်တုန်းကတော့ ဝင်ထွက်လာတာ သိပ်မတွေ့ရဘူး။ အဲ့ကြောင့် စိုးရိမ်နေရတယ်။ အဲ့တော့ တခြားပြည်နယ်တွေမှာရောဂါကူးစက်နိုင်တဲ့ ဝင်ပေါက်တွေကို ပိတ်ထားတာသိရတယ်။ ဒါပေမယ့် ကချင်ပြည်နယ်က နယ်စပ်ဂိတ်တွေကို ဖွင့်ထားတယ်။ ဒါကြောင့် လောလောဆယ် ဂိတ်ပေါက်ဝကို ခဏပိတ်ထားခိုင်းစေချင်တယ်” ဟု ကချင်သတင်းဌာန KNG သို့ပြောသည်။

ပြည်သူလူထုများအတွက် ကျန်းမာရေးနှင့် အများလုံးခြုံရေးကို အလေးထားရန်နှင့် တရုတ်နိုင်ငံသားများ ဖြတ်သန်းခွင့်ကို တားဆီးပေးရန် ပြည်နယ်အစိုးရမှ တာဝန်ယူပေးရန် ဆိုသည်။

ကချင်ပြည်နယ်တွင် ကန်ပိုင်တီနှင့် လွယ်ဂျယ် တရားဝင်နယ်စပ်ဂိတ်များကို မပိတ်ပဲ၊ ဖြတ်သန်းသွားလာသူများကို ကျန်းမာရေး စစ်ဆေးမှုသာ ပြုလုပ်နေသည်ဟု သိရသည်။

ဆန္ဒပြပွဲကို ဝိုင်းမော်မြို့နယ် နောင်တာလော၊ တာလောကြီး စသည့်ကျေးရွာများမှ စုစုပေါင်း လူဦးရေ ၅၀၀ခန့် ပါဝင်ခဲ့သည်ကို တွေ့ရသည်။

“အဓိတော့ တနိုင်ငံလုံးနဲ့ သက်ဆိုင်တဲ့ဒီရောဂါကို ထိန်းချုပ်ဖို့ အင်မတန်မှ အရေးကြီးတဲ့ ကိစ္စတစ်ခုဖြစ်ပါတယ်။ တရုတ်တွေက သူတို့တောင် ထိန်းချုပ်လို့မရတဲ့ ရောဂါလည်းဖြစ်တယ်။ အခုဆိုရင် တရုတ်ပြည်က ကားတွေကို ပြန်ဝင်ခိုင်းတာကို မြင်တွေ့နေရတယ်။ မဖြစ်မနေဝင်ခိုင်းတယ် ဆိုရင်လည်း သေသေချာချာ စီစစ်မှုတွေ ပြုလုပ်ပေး စေချင်တယ်။ လက်ရှိမှာတော့ တရုတ်နိုင်ငံသားတွေကို ဝင်ထွက်သွားလာခွင့် ကို ခေတ္တရပ်ဆိုင်း ထားတာကောင်းပါတယ်” ဟု ဆန္ဒပြပွဲတွင် ပါဝင်ခဲ့သည့် ကိုသူရ ပြောဆိုသည်။

ပြည်ထောင်စု ညွန်ကြားအချက်အရ လုပ်ဆောင်နေခြင်းကြောင့် အဆိုပါနယ်စပ်ဂိတ်များကို တရားဝင် ပိတ်ရန်အစီစဉ်မရှိကြောင်း ကချင်ပြည်နယ် လူဝန်ကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းမြစ် ဝန်ကြီး ဦးဇော်ဝင်း မှ ကချင်သတင်းဌာန KNG ကို ယခုလိုပြောဆို သည်။

“ကျနော်တို့အနေနဲ့ ရောဂါ အစဖြစ်လာ ကတည်းက နယ်စပ်ဂိတ်တွေကို မပိတ်ဘူး။ လိုအပ်ရင် ကျန်မာရေးအရ စစ်ဆေးတာတွေဘဲ လုပ်ကြတယ်။ တရားဝင်ပိတ်တယ်ဆိုတာ မရှိခဲ့ဘူး။ ကန်ပိုင်တီ၊ မူဆယ်စတဲ့ တရုတ်နယ်စပ်ဂိတ်တွေက ပြည်ထောင်စုကနေ လုပ်တာဖြစ်တဲ့အတွက် သူတို့ ပိတ်ပါလို့ ညွန်ကြားချက်မရရင် ကျနော်တို့ဘက်ကနေ ပိတ်လို့မရဘူး” ဟု ပြောသည်။

တရုတ်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် စတင်ပျံနှံ့လာချိန် ကချင်နယ်စပ်ဂိတ်များကိုလည်း တရားဝင်ပိတ်သင့်ကြောင်း ကချင်ပြည်နယ်အစိုးရမှ ပြည်ထောင်စုအစိုးရထံသို့ တင်ပြခဲ့သည်ဟု သိရသည်။ သို့သော်လည်း ပြည်ထောင်စုမှ အမိန့်မကျရင် ပိတ်မည်မဟုတ်ကြောင်း သိရသည်။

 

Show More

Related Articles

Back to top button