Covid-19 Reportingသတင်း

လူနာအမှတ်စဉ် ၂၄၉ ဖြင့်ထိတွေ့သူ မြစ်ကြီးနားတက္ကသိုလ်မှ စာစစ်ဆရာတွင် ပိုးမတွေ့

လူနာအမှတ်စဉ် ၂၄၉ နှင့်ထိတွေ့ခဲ့သူ မြစ်ကြီးနားတက္ကသိုလ်တွင် စာစစ်ရန်ရောက်ရှိနေသည့် ဗန်းမော်မြို့မှ ကျောင်းဆရာနှင့် ၎င်း၏ အခန်ဖော်ဆရာတို့ ၂ ဦးတွင် ပိုးမတွေ့ရတော့သဖြင့် တက္ကသိုလ်ဝင်းတွင် အသွားအလာကန့်သတ်ခံထားရသူအားလုံးကို ယနေ့ ဇွန်လ ၁၆ ရက်နေ့တွင် နေရပ်ပြန်လွတ်လိုက်ပြီဖြစ်ကြောင်း သိရသည်။

မိုးမောက်မှ ပိုးတွေ့လူနာအမှတ် ၂၄၉ နှင့်ထိတွေ့မှု ရှိခဲ့သည်ဟုဆိုကာ မြစ်ကြီးနားမြို့သို့ ဇွန်လ ၃ ရက်နေ့က စာစစ်ရန်ရောက်ရှိနေသည့် ဗန်းမော်မြို့မှ ကျောင်းဆရာနှင့် ၎င်း၏အခန်းဖော်ဆရာအား ဇွန်လ ၁၁ ရက်နေ့တွင် မြစ်ကြီးနားမြို့ ပြည်သူ့ဆေးရုံကြီး Quarantine နေရာတွင်ထားရှိပြီး ဆေးစစ်ခဲ့ပြီးနောက် ပိုးမတွေ့ရသည့်အတွက် ဆရာနှစ်ဦးနှင့် အတူနေခဲ့သည့် အဆောင်တူဆရာ ၅၆ ဦးကို ဇွန်လ ၁၆ ရက်နေ့ ၎င်းတို့ဒေသသို့ ပြန်လည်စေလွှတ်လိုက်ပြီဖြစ်ကြောင်း မြစ်ကြီးနားတက္ကသိုလ် ပါမေက္ခချုပ်ဒေါက်တာအောင်ဝင်း က ဆိုသည်။

“ဆရာတို့ဆီကို သက်ဆိုင်ရာပြည်နယ် ကျန်းမာရေးကနေအကြောင်းကြား ပေးလာပါတယ်။ အဲဆရာ ၂ယောက်စလုံးမှာ ရောဂါပိုးမရှိတဲ့တွက် ဆရာတို့ဆီမှာ ယာယီကန့် အသွားလာကန့်သတ်ထားတဲ့ဆရာတွေကိုလည်း ဖြေလျော့ပေးလိုက်ပြီ။ စာစစ်တဲ့လုပ်ငန်းကလည်း ပြီးပြီဆိုတော့ အားလုံးကိုပြန်လွှတ်လိုက်ပါပြီ။” ဟု ပြောသည်။

သို့သော် ဗန်းမော်မှကျောင်းဆရာနှင့် ၎င်း၏အခန်းဖော်ကျောင်းဆရာတို့ ၂ ဦးကိုမူ သတ်မှတ်ထားသည့် Quarantine နေရာတွင် ၂၁ရက်ပြည့်အောင် ထားရှိအုံးမည်ဖြစ်ကြောင်း ကချင်ပြည်နယ် Covid-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ ဒုညွှန်ကြားရေးမှူး ဦးတင့်လှိုင်က ဆိုသည်။

လက်ရှိချိန်တွင် မိုးမောက်မြို့မှ ပိုးတွေ့လူနာအမှတ် ၂၄၉နှင့် ထိစပ်သူဦးရေ စုစုပေါင်း ၆၀၀ ခန့်ရှိနေပြီး နှာခေါင်းတို့ပတ်၊ အာခေါင်တို့ စစ်ဆေးရန် ၁၅၈ ဦးကို ပြင်ဆင်နေပြီဖြစ်ကြောင်း ထပ်မံ သိရသည်။

ကချင်ပြည်နယ်တွင် Covid-19 ပိုးတွေ့လူနာ ၂ဦးစစ်ဆေးတွေ့ရှိခဲ့ကာ မိုးညှင်းမှ ပထမပိုးတွေ့လူနာအမှတ် ၁၄၄ သည် ပိုးကင်းစင်သွားပြီဖြစ်သည့်အတွက် ၎င်းနေအိမ်သို့ ပြန်လည်ရောက်ရှိနေပြီဖြစ်ပြီး၊ ဒုတိယပိုးတွေ့လူနာအမှတ် ၂၄၉ သည် လက်ရှိ ဗန်းမော်မြို့ပြည်သူ့ဆေးရုံတွင် ဆေးကုသခံယူနေပြီဖြစ်သည်။

ပိုးတွေ့လူနာအမှတ် ၂၄၉ သည် တရုတ်-ကချင်နယ်စပ် လွယ်ဂျယ်ဂိတ်တွင် ပြည်တော်ပြန်များကို ကျန်းမာရေးစစ်ဆေးပေးနေသူဖြစ်သည်။

ဇွန်လ ၁၆ရက်နေ့ထိ ကချင်ပြည်နယ်တွင် ကန်ပိုင်တီနှင့် လွယ်ဂျယ် နယ်စပ်ဂိတ်မှ ပြန်လည်ဝင်ရောက်လာသူ စုစုပေါင်း ၁၁၃၇၂ ဦးရှိနေပြီး၊ ထိုင်းနိုင်ငံမှ ပြန်လည်ဝင်ရောက်လာသူများမှ ၈၄၀ ဦး ရှိပြီဖြစ်ကြောင်း ကချင်ပြည်နယ် Covid-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ သိရသည်။

 

Show More

Related Articles

Back to top button