Covid-19 Reportingသတင်း

တပ်ကုန်းလမ်းမကြီး ပြုပြင်နေမှု စက်တင်ဘာလမှ ပြီးစီးနိုင်မည်ဟုဆို

ဝေဖန်မှုမြင့်မားနေသော မြစ်ကြီးနားမြို့ တပ်ကုန်းလမ်းမကြီး ပြုပြင်နေမှုကို စက်တင်ဘာလမှသာ ပြီးစီးနိုင်မည်ဟု မြစ်ကြီးနားမြို့နယ် လမ်းဦးစီးဌာနမှ သိရသည်။

တပ်ကုန်းလမ်းမကြီးကို လွန်ခဲ့သည့် ဖေဖော်ဝါရီလနှင့် မတ်လအတွင်း တင်ဒါခေါ်ယူခဲ့ပြီးနောက် တင်ဒါအောင်သည့် ပါဝါဖိုက်စတားနဲ့ မန်းပြည်တံခွန်မြေ ကုမ္မဏီတို့က ဧပြီလမှစတင်ကာ လုပ်ကိုင်ခဲ့ခြင်းဖြစ်သည်။

“ပထမ လော့ဒ်မှာ လော့ဒ် ၅ နဲ့ ၆ ကို မန်းပြည်တံခွန်က ၁.၃၂ ကီလိုမီတာ၊ ပါဝါဖိုက်စတားက ၁.၃၃ ကီလိုမီတာ လုပ်ငန်းရရှိပါတယ်။ နောက်ဒုတိယ လော့ဒ်မှာကျတော့ စည်းလုံးခြင်းရုပ်ထုထိ လော့ဒ် ၁ နဲ့ ၂ ဆိုပြီး ပြန်ချလိုက်တဲ့ခါမှာ ဝ.၁၇ ပါဝါဖိုက်စတားကုမ္မဏီက ထပ်ရပါတယ်။ မန်းပြည်တံခွန်က ဝ.၈၅ ထပ်ရပါတယ်။ အဲတော့ မန်းမြေတံခွန်က ဂေါက်ကွင်းနားက အစပိုင်းနဲ့ စည်းလုံးခြင်းရုပ်ထုနား အစွန်ပိုင်းဖြစ်သွားတယ်။ ကြားမှာကျတော့ ပါဝါဖိုက်စတားကုမ္မဏီဖြစ်ပါတယ်။” ဟု လမ်းဦးစီးအရာရှိ ဦးအောင်ဆန်းဦးက ပြောသည်။

မူလ ၄လမ်းသွားကတ္တရာလမ်းမှ ယခု ၆ လမ်းသွားအဖြစ် တစ်ဖက်ကို ပေ ၃၀ဆီ၊ လမ်းလယ် ပေ ၁၀ ဖြင့်စုစုပေါင်း ပေ ၈၀ ကျယ်သော နိုင်လွန်ကတ္တရာ ခင်းနေခြင်းဖြစ်သည်ဟု သိရသည်။

လမ်းစတင်ပြုပြင်သည့် ၂ လကျော်အတွင်း လမ်းနှစ်ဖက်လုံးရှိ ကတ္တရာလမ်းဟောင်းကို ဖျက်ထားသည့်အတွက် နေပူသည့်နေ့ ဖုန်ထပြီး၊ မိုးရွာသည့်နေ့ ရွှံ့ဗွက်ပြည့်နေသည့်အတွက် လမ်းဘေးနေအိမ်များနှင့် လမ်းသွားလမ်းလာများ ခက်ခဲမှုရှိနေကြောင်း ဝေဖန်မှုများရှိနေဆဲ ဖြစ်သည်။

“ဖြစ်နိုင်ရင်တော့ တစ်ခုပြီးတစ်ခုလုပ်ရင်အဆင်ပြေတယ်။ ခုဟာက ရေမြောင်းကမပြီးသေးဘူး ကတ္တရာလမ်းတွေလည်း အားလုံးထိုးလန်ထားတော့ လမ်းသွားလမ်းလာပြည်သူတွေတွက် ရမ်းခက်ခဲကြတယ်။ မိုးရွာရင် ရေအိုင်ပြီး၊ နေပူရင် ဖုံကတစ်ထောင်းထောင်း” ဟု တပ်ကုန်းဒေသခံ ဦးမြင့်ဆန်းကပြောသည်။

အဆိုပါလမ်းမပေါ်တွင် အမှတ် (၅)အထက်တန်းကျောင်းရှိနေသည့်အတွက် မကြာခင်ကျောင်းဖွင့်တော့မည်ဖြစ်သောကြောင့် လမ်းသွားလမ်းလာပိုမိုကြပ်တည်းခက်ခဲမည်ကို စိုးရိမ်နေကြသည်။

ထို့အပြင် လမ်းအမြင့်သည် လမ်းဘေးနေအိမ်များထက် ၃ ပေကျော်မြင့်တက်နေသည့်အတွက် မလိုလားမှုများရှိနေသည်ဟု သိရသည်။

လမ်းဦးစီးဌာနအနေဖြင့် လုပ်ငန်းအကောင်ထည်မဖော်ခင်ကတည်းက လမ်းတစ်ဖက်ပြီးမှ တစ်ဖက်ကို လုပ်ဆောင်ရန် တင်ဒါအောင်သည့် ကုမ္ပဏီ ၂ ခုကိုညွန်ကြားထားခဲ့သည်ဟု လမ်းဦးစီးအရာရှိ ဦးအောင်ဆန်းဦး က ဆက်လက်ပြောဆိုသည်။

“ပါဝါဖိုက်စတား ကုမ္မဏီကတော့ လုပ်ငန်းကိုဆက်တိုက်လုပ်ချင်တာနဲ့ကို နှစ်ဖက်စလုံးထိုးလန်လိုက်တဲ့အတွက် အဲလိုတော့ မလုပ်ဖို့ကျနော်တို့တားထားတယ်။ တစ်ဖက်ခြမ်းပြီးမှ တစ်ဖက်ခြမ်းလုပ်ဖို့ သေချာပြောပါတယ်။ မန်းပြည်တံခွန်ကတော့ လမ်းလုပ်တဲ့အတွေ့အကြုံရှိတဲ့တွက် သူတို့ကတော့ တစ်ဆင့်ပြီးတစ်ဆင့်လုပ်နေတာတွေ့တယ်။” ဟု လမ်းဦးစီးမှူးက ပြောသည်။

တပ်ကုန်လမ်းမကြီးကို ၁၉၉၈ ခုနှစ်တွင်နောက်ဆုံးအကြိမ်အဖြစ် ပြုပြင်ခဲ့ပြီး နှစ်ပေါင်း ၂၀ကျော်မှ တစ်ဖန် ပြန်လည်မွမ်းမံခြင်း ဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။

လက်ရှိ အဆိုပါတပ်ကုန်းလမ်းမကြီးပြုပြင်နေမှုကို ပြည်နယ်အစိုးရ၏ ၂၀၁၉-၂၀၂၀ ခုနှစ် ငွေလုံးငွေရင်း ရန်ပုံငွေဖြင့် ဆောင်ရွက်ခြင်းဖြစ်ပြီး မန်းပြည်တံခွန် က ငွေကျပ် သန်း ၂၄၇၅ ၊ ပါဝါဖိုက်စတား ငွေကျပ်သန်း ၂၅၂၆ သန်း ရရှိထားကြောင်း သိရသည်။

Show More

Related Articles

Back to top button